သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝကပ်ဘေးဒဏ်ရင်ဆိုင်ရေး မသန်စွမ်းသူတွေအတွက်ပြင်ဆင်မှုအားနည်း


သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်နိုင်ရေးအတွက် မသန်စွမ်းသူတွေကို ကြိုတင် ပြင်ဆင်ပေးတာမျိုး ကမ္ဘာတဝန်းလုံးမှာ လစ်ဟင်းနေတာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ ဆန်းစစ်မှုတွေမှာ တွေ့ရပါတယ်။ ကမ္ဘာ့အနှံ့ သဘာဝဘေးဒဏ်တွေ အကြီးအကျယ် ကြုံတွေ့လာရပေမယ့်လည်း သက်ဆိုင်ရာ အစိုးရဘက်က မသန်စွမ်းသူတွေအတွက် ကြိုတင်ပြင်ဆင်ပေးမှုတွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက တိုးတက်မှုမရှိတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အေပီသတင်းကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေကြောင့် အသက်ဆုံးရှုံးရသူတွေထဲမှာ မသန်စွမ်းသူတွေက သာမန်ပြည်သူတွေထက် ၂ ဆကနေ ၄ ဆထိပိုများပါတယ်။ ကုလသမဂ္ဂရဲ့ သဘာဝဘေးဒဏ်လျှော့ချရေးရုံး UNDRR က သဘာဝဘေးဒဏ်နဲ့ မသန်စွမ်းသူများအရေး တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒုတိယအကြိမ်မြောက် စစ်တမ်းကောက်ယူပြီး ထုတ်ပြန်တဲ့နောက်ဆုံးအစီရင်ခံစာမှာ အဲဒီအချက်လည်း တခုအပါအဝင်ဖြစ်ပါတယ်။

“သဘာဝဘေးဒဏ်တွေနဲ့ ကြုံရတဲ့အခါတိုင်း မသန်စွမ်းသူတွေရင်ဆိုင်ရတဲ့ အခက်အခဲ အဟန့်အတားတွေက အတော့်ကိုများပါတယ်။”

မသန်စွမ်းသူတွေကို သဘာဝဘေးဒဏ်အတွက် အစိုးရပိုင်းက ကြိုတင် ပြင်ဆင်ပေးမှုတွေနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၁၃၂ နိုင်ငံက လူပေါင်း ၆ ထောင်တို့ကို မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။ တန်းတူညီမျှမှုရရှိရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ၂၀၁၃ ခုနှစ်မှာ ပထမအကြိမ်စစ်တမ်းကောက်ယူခဲ့ပါသေးတယ်။

“ဥပမာပြောရရင် .. အမြင်အာရုံကင်းမဲ့တဲ့လူတွေ မီးဘေးထဲကနေ ဘေးလွတ်ရာ ဘယ်လိုထွက်ပြေးနိုင်မလဲဆိုတာမျိုးပေါ့”

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းစကပြီး မသန်စွမ်းသူတွေအတွက် အစိုးရပိုင်းက အားပေးကူညီ ဆောင်ရွက်ပေးတဲ့အစီအစဥ်တွေ မဆိုစလောက်ပဲ တိုးတက်မှု ရှိတာကို လေ့လာမှုမှာတွေ့ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ်ကောက်ယူထားတဲ့ စစ်တမ်းအရ ဖြေဆိုခဲ့သူတွေထဲမှာ ၈၄ ရာခိုင်နှုန်းတို့က သဘာဝဘေးနဲ့ ကြုံလာရင် ကြိုတင်ပြင်ဆင်မှုလုံးဝ မရှိဘူးလို့ ပြောကြပါတယ်။ ဥပမာ ဘေးလွတ်ရာထွက်ပြေးရမယ့် လမ်းကြောင်းတွေ၊ ခိုလှုံရေးစခန်းတွေနဲ့ အရေးပေါ် စားနပ်ရိက္ခာ ဆေးဝါး စတဲ့ကြိုတင်ပြင်ဆင်မှုမျိုးတွေဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက စစ်တမ်းမှာတော့ အလားတူဖြေဆိုခဲ့တဲ့သူက ၇၁ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Manase Saitoti Ntutu က ကင်ညာနိုင်ငံက လူနည်းစုများဆိုင်ရာမသန်စွမ်းသူများအသင်းဥက္ကဋ္ဌပါ။

“မသန်စွမ်းသူတွေကို အစိုးရနဲ့ လူမှုအသိုင်းအဝိုင်းက ခပ်မြန်မြန် မကယ်တင် ဘူးဆိုရင် လူတွေက သူတို့ကို မေ့သွားတတ်ပါတယ်။ ဥပမာ ရေကြီးရလျှံလာပြီဆိုရင် လူတိုင်းက အသက်လုပြေးနေရတဲ့အတွက် မျက်စီမမြင်တဲ့သူ၊ ဘီးတပ်ကုလားထိုင်နဲ့သွားလာရသူ ဒါမှမဟုတ် မသန်စွမ်းဖြစ်နေသူတွေ နောက်ကျန်ရစ်နေတတ်ပါတယ်။ “

၂၀၂၃ ခုနှစ်ရဲ့ လေ့လာဆန်းစစ်ချက်မှာတော့ သဘာဝဘေးဒဏ် ကြိုတင်သတိပေးစနစ်တွေ လုံလုံလောက်လောက် ရှိထားမယ်ဆိုရင် ဘေးလွတ်ရာတိမ်းရှောင်ဖို့ အခက်အခဲရှိမှာမဟုတ်ဘူးလို့ မသန်စွမ်းသူ ၃၆ ရာခိုင်နှုန်းက ဖြေဆိုကြပါတယ်။ ၂၀၂၇ ခုနှစ်မှာ တကမ္ဘာလုံးအတွက် ကုလသမဂ္ဂရဲ့ သဘာဝဘေး ကြိုတင်သတိပေးစနစ်တွေထားရှိနိုင်ရေး ဆောင်ရွက်နေချိန်မှာပဲ ကြိုတင်အသိပေးစနစ်တွေ အရေးပါပုံကို မီးမှောင်းထိုးပြလာကြတာပါ။ ဒါပေမယ့်လည်း ကမ္ဘာ့နိုင်ငံတဝက်လောက်မှာတော့ သဘာဝဘေးကြိုတင်သတိပေးစနစ်တွေ မရှိကြသေးပါဘူး။

Massai Kushumba က ကင်ညာနိုင်ငံက ဘီးတပ်ကုလားထိုင်သုံး အားကစားသမားတဦးပါ။

“Narok မှာရေကြီးခဲ့တုန်းက ဘယ်သူကမှ ကျမကို မကူနိုင်ပါဘူး။ ကျမက ချိုင်းထောက်နဲ့သွားလာနေရပြီး ကျမရဲ့လုပ်ဖော်ကိုင်ဘက်တယောက်ကတော့ ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရသူဖြစ်ပါတယ်။ သူလည်း ရေဘေးက မပြေးနိုင်ပါဘူး။ မိုးခေါင်ရေရှားလို့ စားစရာမရှိတဲ့အခါဆိုရင်လည်း ဘယ်သူကမှ စားစရာလာမပေးကြပါဘူး။ ကလေးလည်းရှိမယ်ဆိုရင် သူတို့လည်း ဒုက္ခရောက်ရပါတယ်။ သဘာဝဘေးဒဏ်တွေ ဖြစ်လာရင် မသန်စွမ်းတွေကြုံရတဲ့ စိန်ခေါ်ချက်က သိပ်များလွန်းပါတယ်။”

သဘာဝဘေး ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ရပ်ကွက်ထဲမှာ ဆွေးနွေးကြတဲ့အခါ ပါဝင်ခွင့်မရဘူးလို့ စစ်တမ်းဖြေဆိုတဲ့ မသန်စွမ်းသူက ၈၆ ရာခိုင်နှုန်းရှိပါတယ်။ သဘာဝဘေးနဲ့သက်ဆိုင်တဲ့ ကြိုတင်ပြင်ဆင်မှုတွေအရပ်ထဲမှာ ရှိတယ်ဆိုတာ လက်ရှိသိထားကြတဲ့ မသန်စွမ်းသူ ၁၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ် တုန်းကတော့ ၁၇ ရာခိုင်နှုန်းရှိခဲ့တာပါ။ အဲဒီလို ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဥ်တွေကို သတင်းအချက်အလက်အဖြစ် ရယူနိုင်တယ်ဆိုတာ သိတဲ့သူက ၄၄ ရာခိုင်နှုန်း ရှိပါတယ်။

မသန်စွမ်းသူတွေကို သဘာဝဘေးဒဏ်ကနေ လုံလောက်စွာ အကာအကွယ်မပေးဘူးဆိုရင် ကုလသမဂ္ဂရဲ့ မသန်စွမ်းသူများရဲ့အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်ကိုချိုးဖောက်ရာရောက်နိုင်ပါတယ်။ အဲဒီပြဌာန်းချက်မှာတော့ အစိုးရပိုင်းက မသန်စွမ်းသူတွေကို သဘာဝဘေးဒဏ်ကနေ အကာအကွယ်ပေးဖို့ အသေအချာ ဆောင်ရွက်ထားပေးရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။

၂၀၁၅ ပြည့်လွန်နှစ်ကစပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ ရရှိထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို သဘာဝဘေးဒဏ်ကနေကာကွယ်နိုင်ရေးဆိုတဲ့ UNDRR ရဲ့ ပထဆုံး သဘောတူညီမှုစာချုပ် (Sendai Framework) မှာတော့ မသန်စွမ်းသူတွေကိုလည်း အကာအကွယ်ပေးရမယ့်အစီအစဥ်ထဲမှာ ထည့်သွင်းဖို့နဲ့ သဘာဝဘေး ကြိုတင်သတိပေးစနစ်တွေ တကမ္ဘာလုံးမှာ အကောင်အထည်ဖော်ဖို့ ဖော်ပြထားတာဖြစ်ပါတယ်။

သဘာဝကပ်ဘေးဒဏ်ရင်ဆိုင်ရေး မသန်စွမ်းသူတွေအတွက်ပြင်ဆင်မှုအားနည်း
please wait

No media source currently available

0:00 0:04:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG