သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပဋိပက္ခ ပြေလည်ရေး နိုင်ငံရေးဆန္ဒရှိဖို့လိုဟု UNFC ဝေဖန်


လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရခိုင်အပါအဝင် တိုင်းရင်းဒေသတွေက စစ်ရေးပဋိပက္ခတွေ ပြေလည်ဖို့ဆိုရင် တပ်မတော်ဘက်က အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးဆန္ဒရှိဖို့လိုတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။ စစ်ပွဲတွေရပ်ဖို့ -ရှေ့တိုးရခက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်အသက်ဝင်ဖို့ဆိုရင်တော့ NLD အရပ်သားအစိုးရ ဘက်က ငြိမ်းချမ်းရေးမူတွေနဲ့ ထဲထဲဝင်ဝင် ပါဝင်နေတဲ့လူတွေကို ပြန်သုံးသပ်စိစစ်သင့်ပြီလို့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်း ပါဝင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ခံက ထောက်ပြပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးအခြေအနေအပေါ် သုံးသပ်ချက်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာစစ်တပ်တို့ကြား လတ်တလော တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေဆဲဖြစ်သလို စစ်ရှောင်ပြည်သူကလည်း သောင်းချီ လာပြီဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ရှောင်ပြည်သူတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ စစ်တပ်ဘက်က အင်အားသုံးဖမ်းဆီးစစ်ဆေး အရေးယူနေတာတွေရှိလို့ ဒေသတွင်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းမြောက်ဘက်နဲ့ တိုင်းရင်းဒေသတွေမှာလည်း စစ်ရေးတင်းမာမှုတွေကရှိနေဆဲအခြေအနေကြောင့် ဒီလို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်တပ်ကြား ထိပ်တိုက်ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေပြေလည်ဖို့ဆိုရင် တပ်မတော်ဘက်က နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ နိုင်ငံရေးစကားဝိုင်းမှာ နှစ်ဘက် ယုံကြည်မှုတွေနဲ့ စကားပြောကြဖို့လိုတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောခွင့်ရ ဦးထွန်းဇော်က ပြောပါတယ်။

“အခု ကျနော်တို့ ရခိုင်ဒေသအပါအဝင် တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ တိုက်ပွဲအနေအထားနဲ့ အခုငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တစ်ဆို့နေတဲ့ အခြေအနေကိုကြည့်မယ်ဆိုရင်တော့ ဒါ အဓိကတော့ တပ်မတော်ရဲ့ နိုင်ငံရေးဆန္ဒအပေါ်မှာ မူတည်တယ်လို့ ကျနေ်ာကတော့ မြင်တယ်ခင်ဗျ။ စစ်ဖြစ်နေကြတဲ့ ကြားမှာ လူထုကတော့ မြေစာပင်ပဲ။ စစ်ဖြစ်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ တိုက်ပွဲတွေကို ချုပ်ငြိမ်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး အဖြေမရှာနိုင်ဘူးဆိုရင် ဒီလို အနိဋ္ဌာရုံတွေ ဆက်ပြီးမှ ကြုံနေရမှာဖြစ်တယ်။ ဒီအနိဋ္ဌာရုံ တွေကို ကျနော်တို့ ဆက်ပြီးတော့မှ မကြုံချင်ဘူး။ မတွေ့ချင်ဘူးဆိုပေမယ့်လို့လည်း ကြုံနေရမယ် တွေ့ကြုံနေရမယ့်အနေအထားမျိုးပဲဖြစ်နေတယ်လို့ အခြေအနေက တွန်းပို့နေတယ်ပေါ့နော်။ ကျနော်တို့ ရခိုင်ပြည်နယ်ဘက်မှာဆိုရင် ပိုပြီးတော့ ဖြစ်နေတာပေါ့ အဓိကတော့ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ ဘက်တွေကြားမှာ စကားမပြောနိုင်ကြဘူးပေါ့ဗျာ။ စကားမပြောနိုင်တော့ မြေပြင်မှာ တနေ့မဟုတ်ရင် တနေ့ ထိတွေ့မှုတွေဖြစ်တယ်။ အဲဒီ ထိတွေ့မှုဖြစ်ရင် အနီးအနားမှာရှိတဲ့ ကျနော်တို့ ဒေသခံလူထုတွေက အနည်းနဲ့အများဆိုသလို ထိခိုက်နေတာပါပဲ။ ဒါကြောင့် ဒီ အနိဋ္ဌာရုံတွေကို ချုပ်ငြိမ်းဖို့ဆိုရင် စားပွဲဝိုင်းမှာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာတဲ့ နည်းလမ်းမှ အပ တခြားနည်းလမ်း မရှိဘူးပေါ့နော်။ ဒါကတော့ တပ်မတော်ရဲ့ စေတနာမှန်ကန်မှုနဲ့ နိုင်ငံရေးဆန္ဒ အပေါ်မှာပဲ အဓိက မူတည်တယ်လို့ မြင်ပါတယ်။”

စစ်ရေးတင်းမာမှုတွေကြား အသက်ဘေးကနေ လွတ်အောင်ပြေးနေရတဲ့ ရခိုင်ပြည်နယ်တွင်းက စစ်ဘေးသင့်ပြည်သူတွေ၊ ကချင်ပြည်နယ်တွင်း နှစ်ရှည်လများ စစ်ရှောင်ပြည်သူတွေ ကြုံနေရတဲ့ အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရတာတွေကို ပြေလည်နိုင်ဖို့အရေး ဒေသတွင်း အမှန်တကယ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ NCA အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်ဆိုတဲ့ မူတခုတည်းကိုပဲ အစိုးရရော တပ်မတော်ဘက်ကပါ တရားသေဆုပ်ကိုင်ထားလို့မဖြစ်နိုင်ဘူးလို့လည်း UNFC ဦးထွန်းဇော်က သုံးသပ်ပါတယ်။

“ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်တဲ့ အခြေအနေကို ကျနော်တို့ ဖန်တီးတဲ့အခါမှာ အခုက NCA အပေါ်မှာ အခြေခံပြီးတော့ သွားနေတာဖြစ်တယ်။ NCA ဆိုတာကလည်း အားလုံး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်မှပဲဖြစ်မယ်။ ဒီ NCA အပြင် တခြား လမ်းကြောင်းမရှိတော့ဘူးလားဆိုရင် ကျနော်တို့ တိုင်းပြည်ကံကြမ္မာဟာ ကျနော်တို့တိုင်းပြည် နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်ဖို့အတွက်ကို NCA မှ တပါး အခြားမရှိဘူးဆိုတဲ့ တရားသေဝါဒ အယူအဆကို ဆုပ်ကိုင်ထားတဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့ ကျနော်မြင်တယ်။ တပ်မတော်က ဒီကိစ္စကို ဖြေလျော့ဖို့ လိုတယ်ပေါေ့နာ်။ အဲဒါဆိုရင် အခုဖြစ်နေတဲ့ ဒီအနိဋ္ဌာရုံ တွေကတော့ သူ့ဟာသူ အလိုအလျောက် ချုပ်ငြိမ်း သွားလိမ့်မယ်လို့ ကျနော့်အနေနဲ့ မြင်မိတယ်။”

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဘက်ကလည်း လက်ရှိမြန်မာနိုင်ငံတွင်း တိုက်ပွဲတွေရပ်တန့်ရေး စစ်ရှောင်ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အရေး တပ်မတော်ဘက်က နိုင်ငံရေးဆန္ဒရှိရှိနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ အကြံပြုပါတယ်။ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ စစ်တပ်ဘက်က ညှိနှိုင်းမှုတွေနဲ့ ပူးပေါင်းပါဝင်မှုတွေရှိဖို့လိုအပ်တယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ရဲ့လုပ်ငန်းကော်မတီဝင် ကိုသွင်လင်းအောင်ကလည်း တိုက်တွန်းပါတယ်။

“NLD ကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၁၅ အစိုးရ တက်လာကတည်းက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မူရော လူရော ကျနော်တို့ ပြောင်းလိုက်တဲ့ ဟာမျိုးကို လုပ်စေချင်တာလေ။ အစိုးရ တပ်လည်းဖြစ်နေတယ်။ တကယ်လက်နက်နဲ့ အာဏာကိုင်ထားတာကတော့ သူတို့မဟုတ်တော့ စိတ်ခေါ်မှုတော့ရှိကောင်းရှိမှာပေါ့နော်။ ဒါပေမယ့် တချို့ ဟာတွေကတော့ နိုင်ငံရေးအရ နည်းနည်းလေး ပြတ်ပြတ်သားသား ပြောရမယ့်ဟာတွေ လုပ်သင့်တယ်လို့ထင်ပါတယ်။ အဲဒီအချိန်တုန်းကတော့ မလုပ်ခဲ့တာမျိုးတွေရှိတယ်။ ကိုယ့်ဘက်ကလူတွေလည်း ဘာမှ ထိထိရောက်ရောက်မပြောနိုင်တဲ့ လူတွေ ထားတာအားနည်းတယ်။ နောက်မူမှာလည်း အစက NCA ထိုးဖို့စဉ်းစားသင့်တယ်၊ နောက်တော့ NCA ပဲ ထိုးရမယ်ဆိုတဲ့ ပုံစံမျိုး ဆိုတော့ ဒီမူကိုပဲ ပြန်လျောက်တဲ့ ပုံစံမျိုးပေါ့နော် ။ အစိုးရနဲ့ တပ်ဘက်က ဒီ NCA နဲ့ပဲ သွားရမယ် ဆိုတာမျိုးကို ကိုင်ထားတာမျိုးလည်း အဆင်မပြေဘူးပေါ့နော်။ ညှိနှိုင်းမှုတွေ စိတ်ရှည်ရှည်နဲ့ လုပ်ဖို့လိုမယ် အထူးသဖြင့်တော့ တပ်မတော်ဘက်က political way ပေါ့နော် တကယ်လုပ်ချင်တာရှိဖို့လည်းလိုမယ်။ တိုင်းရင်းသားတွေဘက်ကတော့ဆွေးနွေး ညှိနှိုင်းတဲ့အခြေအနေမျိုး ဆက်ထိန်းထားသင့်တယ်ဆိုတဲ့ ပုံစံမျိုးပြတာရှိတယ်။ နောက်တခုကတော့ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အောင်မြင်မှု တော်တော်များများရသွားတဲ့အခြေအနေမျိုးကို စစ်တပ်က ခွင့်ပြုပါ့မလားပေါ့ အဲဒါမျိုးတွေကလည်း စဉ်းစားစရာတွေဖြစ်နေတဲ့အခါကျတော့ အခြေအနေက ဆိုးသထက်ဆိုးလာတာ တွေ့နေရတာပေါေ့နာ်။”

ပြည်တွင်းငြိမ်းချမ်းရေး ဦးစားပေးဖော်ဆောင်မယ်ဆိုတဲ့ NLD အရပ်သားအစိုးရလက်ထက် ၂၁ရာစုပင်လုံညီလာခံတွေ ခေါ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်နေပေမဲ့လို့ အပစ်ခတ်ရပ်စဲထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NCA သဘောတူစာချုပ်ပါ မူတွေကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးမှုတွေက မပြေလည်နိုင်သေးသလို NCA မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ကလည်း ညှိနှိုင်းရေဆဲအနေအထားမှာတော့ လက်ရှိရခိုင်အပါအဝင်တိုင်းရင်းဒေသတွေမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေကပြင်းထန်နေဆဲအနေအထားဖြစ်နေတာမို့ နိုင်ငံတကာနဲ့ပြည်တွင်းမှာ စိုးရိမ်မှုတွေတိုးလာနေချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG