သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိန်းကလေးငယ်တွေ လိင်ပိုင်းကျူးလွန်ခံရမှု UNICEF သတိပေး


ယခင်မှတ်တမ်းရုပ်ပုံ | အိန္ဒိယနိုင်ငံ ကော်ကာတာမြို့ ဆေးရုံတခုမှာ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသမီးဆရာဝန်အတွက် ဆရာဝန်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုဆန္ဒပြနေကြစဉ် (အောက်တိုဘာ ၂၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | အိန္ဒိယနိုင်ငံ ကော်ကာတာမြို့ ဆေးရုံတခုမှာ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသမီးဆရာဝန်အတွက် ဆရာဝန်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုဆန္ဒပြနေကြစဉ် (အောက်တိုဘာ ၂၊ ၂၀၂၄)

ကမ္ဘာတဝန်း အသက် ၁၈ နှစ်အောက် အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈ ယောက်မှာ တယောက်နှုန်းဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ ဒါမှမဟုတ် အဓမ္မပြုကျင့် ခံရတာတွေကို ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေး ပြောဆိုလိုက်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးငယ် သန်း ၃၇၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၈ ယောက်မှာ ၁ ယောက်နှုန်းဟာ သက်ငယ်မုဒိမ်းကျင့်ခံနေရတာအပါအဝင် ကိုယ်ထိလက်ရောက် ထိပါး စော်ကားတာကို ကြုံနေရတယ်လို့ UNICEF ကပြောပါတယ်။ ကိုယ်ထိလက်ရောက် မဟုတ်ဘဲ စကားလုံးနဲ့ ဒါမှမဟုတ် အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်တာတွေကတော့ ၅ ယောက်မှာ ၁ ယောက်နှုန်းနဲ့ သန်း ၆၅၀ အထိ ရှိတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ UNICEF ရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားခံရမှုတွေကို မိန်းကလေးငယ်တွေက အဆိုးဆုံး ကြုံကြရတဲ့ တချိန်တည်းမှာ ယောကျ်ားလေးတွေ ကြားမှာလည်း ခုလို ကြုံရတာတွေ ရှိတယ်လို့လည်း UNICEF အဖွဲ့က ထောက်ပြပါတယ်။ ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခံခဲ့ရတဲ့ ယောကျ်ားလေးက ၁၁ ယောက်မှာ ၁ ယောက်နှုန်းနဲ့ ကမ္ဘာတဝန်း သန်း ၂၄၀ ကနေ ၃၁၀ အထိ ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဒီလို ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပေမဲ့လို့ လူတွေရဲ့ အစွဲတွေကြောင့် အချက်အလက် ရှာဖွေ စုဆောင်းရာမှာ အကန့်အသတ်တွေ အများကြီး ကြုံရပြီး အခြေအနေ အတိုင်းအတာအတိအကျကို သိရဖို့ ခက်ခဲတဲ့အကြောင်းလည်း UNICEF ကထောက်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတဲ့ ကလေးငယ်တွေ အနေနဲ့ သူတို့ခံစားရတဲ့ အခြေအနေကို ထုတ်ဖော် ပြောရဲလာအောင် ဝိုင်းဝန်း ကူညီ အားပေးဖို့ လိုအပ်သလို၊ သူတို့ကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပိုမို အားကောင်းလာအောင် ဆောင်ရွက်တာ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ အရေးကြီး လိုအပ်နေကြောင်းလည်း UNICEF အဖွဲ့ကြီးက တိုက်တွန်း ပြောဆိုပါတယ်။ ရှေ့လထဲ ကိုလံဘီယာ နိုင်ငံမှာ ကျင်းပမယ့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲမတိုင်ခင် UNICEF က အခု အစီရင်ခံစာကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG