သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီလက်ထရောနစ် မဲပေးစနစ် နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင် ရှင်းလင်း


အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ အီလက်ထရောနစ် မဲပေးစက်တွေအကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတဦးက ရှင်းလင်းပြောပြနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)
အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ အီလက်ထရောနစ် မဲပေးစက်တွေအကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတဦးက ရှင်းလင်းပြောပြနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုင်ငံရေးပါတီ ၄၀ နီးပါးနဲ့တွေ့ဆုံပြီး အီလက်ထရောနစ် မဲပေးစက်အကြောင်း လက်တွေ့ စမ်းသပ် ပြသခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးအဖွဲ့မှာ ခုလို နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ပြသခဲ့တာနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင် က တင်ပြပေးပါမယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ ပါတီတွေနဲ့ တွေ့ဆုံပြီး မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်တဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ပြုလုပ်ခဲ့တာပါ။ နိုင်ငံရေးပါတီပေါင်း ၃၆ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး အီလက်ထရောနစ် မဲပေးစက်ကို လက်တွေ့ စမ်းသပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ မဲပေးမယ့် ပြည်သူတွေ အနေနဲ့ကတော့ ဒီစက်ကို အသုံးပြုတတ်အောင် ပညာပေးရမယ့် ကာလတခု လိုအပ်လိမ့်မယ်လို့ ဒီကနေ့ ပွဲကိုတက်ရောက်ခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

"၁၆ ပါတီတပြိုင်တည်း မဲပေးလို့ ရတဲ့ဟာမျိုး။ အဲဒီမှာ ကိုယ်ပေးလိုတဲ့ပါတီ ညာဘက်မှာရှိတဲ့ အပြာရင့်ရောင် ခလုတ်ကို တကြိမ်နှိပ်ရင် ပေးတဲ့ဆန္ဒ မြောက်တာပေါ့ဗျာ။ နှစ်ကြိမ်နှိပ်ရင်တော့ မရဘူးပေါ့ဗျာ။ ကျေးလက်နေ လူထုက အဲ့ဒါနဲ့ မရင်းနှီးတဲ့အခါကျတော့ ကိုယ်ပေးလိုတာက ဥပမာဆိုပါစို့။ သူတို့ပြောတဲ့ စတော်ဘယ်ရီပါတီ ဆိုပါတော့။ အပေါ်မှာရှိတဲ့ ငရုတ်သီးပါတီလို ဟာမျိုးကလည်း ကပ်နေတာကို။ အောက်မှာလည်း ဂေါ်ရခါးသီးလို ပါတီမျိုးက ကပ်နေတဲ့အခါကျတော့ အပေါနဲ့ အောက်နဲ့ မှားပြီးနှိပ်မိရင် တခါတည်း မဲလက်မှတ်မှာက ကိုယ်ပေးလိုက်တာက ပန်းသီး၊ ဒါပေမဲ့ ထွက်လာတာက ဂေါ်ရခါးသီးပါတီ ဖြစ်သွားမှာပေါ့။ အဲ့ဒါမျိုးလေးတွေ ဖြတ်တတ်နိုင်တာပေါ့ဗျာ။ ဖြစ်ရင် ပေးလိုက်မိရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။"

အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ မဲပေးစက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတဦးက သရုပ်ပြနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)
အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ မဲပေးစက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတဦးက သရုပ်ပြနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)

အီလက်ထရောနစ် မဲပေးစက်ရဲ့ စနစ်ကြောင့် မဲရုံပိတ်ချိန်မှာ ပါတီတွေအနေနဲ့ ဘယ်နှစ်မဲရတယ်ဆိုတာ ချက်ချင်းသိနိုင်မယ့် အကြောင်းလည်း ပြောပါတယ်။ ပွဲတက်ရောက်ပြီး လက်တွေ့စမ်းသပ်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းရီကလည်း အခုလို ပြောပါတယ်။

"ဒီစက်မှာ အဓိက ၃ ပိုင်း ရှိတယ်ပေါ့။ တပိုင်းကတော့ အဲ့ဒါကို မဲရုံမှာ တာဝန်ရှိတဲ့သူက ထိန်းထားမယ်။ သူက မဲပေးတဲ့နေရာမှာ မီးစိမ်းပြ အချက်ပေးမှ မဲဆန္ဒရှင်က ကိုယ်ကြိုက်တဲ့ ပါတီကို သတ်မှတ်ထားတဲ့ ခလုတ်နှိပ်ပြီး မဲပေးပြီး အလိုအလျောက်စနစ်ပေါ့။ နောက်ပိုင်း ဘယ်လို ရလဒ်ထွက်မလဲ ဆိုတဲ့ သဘောပါပဲ။ လတ်တလော စမ်းသပ်တဲ့ အနေအထားကတော့ အခက်အခဲ ကြီးကြီးမားမားရယ်လို့ မရှိပါဘူး။"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်နေတဲ့ အထဲမှာ အခု အီလက်ထရောနစ် စနစ်နဲ့ မဲပေးနိုင်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ တိုင်းပြည်နေရာအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ရှိနေချိန်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်တဲ့အတွက် အသိအမှတ်ပြုမှာ မဟုတ်ကြောင်းကို အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေနဲ့ အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံ တချို့က ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့လည်း ရွေးကောက်ပွဲကျင်းပဖို့ ခုလို ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုပေမဲ့လည်း ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။ လက်ရှိ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG