သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ NLD ပါတီဝင်နေအိမ် ရာနဲ့ချီရှိ


ချိပ်ပိတ်ခံခဲ့ရတဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ် ဒေါ်မြခွာညိုဦးရဲ့ နေအိမ်
ချိပ်ပိတ်ခံခဲ့ရတဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ် ဒေါ်မြခွာညိုဦးရဲ့ နေအိမ်

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ အင်အားသုံး လာရောက် ချိပ်ပိတ်ခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းမှာ NLD လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေရဲ့ နေအိမ်တွေ ခုလို ချိပ်ပိတ်ခံရတာ ရာနဲ့ချီ ရှိနေပြီး ခုလို လုပ်ဆောင်မှုတွေက တရားမဝင်တဲ့အကြောင်း ဥပဒေပညာရှင်တွေနဲ့ လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစလို့ စစ်ကောင်စီဟာ အကြမ်းဖက်ဥပဒေ အရ လုပ်ဆောင်တာလို့ ဆိုပြီး ဆန့်ကျင်သူတွေကို ဖမ်းဆီးတာအပြင် သူတို့ရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ် သိမ်းယူတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီကနေ့ မနက်ပိုင်းကပဲ ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် ကင်ပွန်းခြုံလမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ် ဒေါ်မြခွာညိုဦး ရဲ့ နေအိမ် ချိပ်ပိတ် ခံခဲ့ရပါတယ်။ မိသားစုပိုင် နေအိမ်ကို စစ်ကောင်စီတပ်နဲ့ ရဲအင်အား အများအပြား လာရောက်ပြီး “ကျူးကျော်ခွင့်မပြုရ၊ ရောင်းချခွင့်မပြုရ” ဆိုတဲ့စာတန်းပါ ဗီနိုင်း လာကပ်ပြီး ချိပ်ပိတ်သိမ်း သွားခဲ့တာလို့ ရွှေတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦးက ဗွီအိုအေကို ပြောပါတယ်။

"အိမ်မှာက နေတဲ့သူ မရှိတော့ဘူး။ ဒီတိုင်းပဲ အိမ်ကို သော့ပိတ်ထားတာ။ အနီရောင်ဗီနိုင်းနဲ့ အိမ်ကို သိမ်းဆည်းသွားပြီဆိုတာ ကပ်သွားတယ်။ ဒါက ဥပဒေနဲ့မညီဘဲ လုပ်တဲ့ ကိစ္စတွေပေါ့။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ လုံးဝကို မလုပ်သင့်တဲ့ကိစ္စ။ တခြား ဒေသတွေမှာဆိုရင် အသက်ပေးပြီး အန္တရာယ်တွေ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ပြီးတော့ ရွာလုံးကျွတ် မီးရှို့ခံရတာတွေ ဖြစ်နေ တာဆိုတော့ ကျမ ခံစားရတာက ဘာမှ မပြောပလောက်ပါဘူး။"

၂၀၂၀ ရွေးကောက်ပွဲအတွက် အွန်လိုင်းကမဲဆွယ်နေတဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ် ဒေါမြခွာညိုဦး
၂၀၂၀ ရွေးကောက်ပွဲအတွက် အွန်လိုင်းကမဲဆွယ်နေတဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ် ဒေါမြခွာညိုဦး

ဒေါ်မြခွာညိုဦးဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူ ဖြစ်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း လိုက်လံ ဖမ်းဆီးမှုတွေကြောင့် မိသားစုလိုက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသလို၊ ကျန်နေခဲ့တဲ့ နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ဒီကနေ့ လာရောက် ချိပ်ပိတ်သိမ်းသွားခဲ့တာပါ။

အာဏာသိမ်းမှု နောက်ပိုင်း NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင် ၆၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ် သိမ်းဆည်း ခံခဲ့ရတဲ့အကြောင်း NLD ပါတီက ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူတွေ ထောင်ချီရှိ နေကြောင်းလည်း ပြောဆိုထားပါတယ်။

NLD ပါတီဝင်မှ မဟုတ်ဘဲ စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံရ၊ နေအိမ် ချိပ်ပိတ် ခံရသူတွေ အများအပြား ရှိနေပေမဲ့ စာရင်းအတိအကျ ကောက်ယူထား နိုင်တာတော့ မရှိသေးပါဘူး။ အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေကို အကြမ်းဖက် ဥပဒေအရလို့ ဆိုပြီး နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေ ခုလို ချိ့ပ်ပိတ်သိမ်းနေတာတွေက တရားမဝင်ဘူးလို့ ဥပဒေပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။

"အကြမ်းဖက်ဥပဒေနဲ့ အမှုစစ်ဆေးလို့ မြောက်မှ ချိတ်ပိတ်သိမ်းတာမျိုး။ ဒါက တရားရုံးအမိန့်နဲ့ပဲ လုပ် ရတယ်။ ဒီလို ရိုးရိုးစွပ်စွဲပြီးတော့ စွပ်စွဲခံရတုန်းမှာ ချိတ်ပိတ်တာမျိုး သိမ်းတာမျိုး လုပ်ခွင့်မရှိဘူး။ တရားရုံးက အမိန့်တခု မရှိဘဲနဲ့တော့ ချိတ်ပိတ်ပြီး သိမ်းတာ၊ ရောင်းတာ လုပ်မရဘူး။ နောက် တရားခံပြေးလို့ သတ်မှတ်ရင်လည်း ရာဇဝတ်ကျင့်ထုံး ၈၇၊ ၈၈ အရ အိမ်တွေမှာ ဝရန်းကတ်ရတာ ရှိတယ်။ အဲဒါလဲ ချက်ချင်း လေလံရတာ ပိတ်ရတာမဟုတ်ဘူး။ အခုလို ပိတ်တာသိမ်းတာတွေက တရားရုံး အမိန့်မဟုတ်ရင် အတည်မဖြစ်ပါဘူး။"

NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့က စုစည်းထားတဲ့ မှတ်တမ်းအရ အာဏာသိမ်းချိန်ကနေ မေလ ၃၁ ထိ ပါတီဝင်တွေနဲ့ ပြည်သူတွေရဲ့ အိုးအိမ် အဆောက်အဦးပေါင်း ၅၃,၃၇၆ လုံး ပျက်စီးဆုံးရှုံး ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင် လက်မခံလို့ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ ချိပ်ပိတ် သိမ်းဆည်းခံရသူ ၆၂၅ ဦး ရှိတာမှာ၊ လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်သလို၊ ပါတီဝင် ၃၃၃ ဦးရဲ့ ပိုင်ဆိုင်မှုတွေလည်းပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG