သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် ကွပ်မျက်ခံရမှု တနှစ်ပြည့် အမေရိကန်နဲ့ ယူကေသံရုံး ထုတ်ပြန်


ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် ကွပ်မျက်ခံရမှု တနှစ်ပြည့်နေ့မှာတွေ့ရတဲ့ အမေရိကန်သံရုံး အကြီးအကဲသစ် Susan Stevenson
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် ကွပ်မျက်ခံရမှု တနှစ်ပြည့်နေ့မှာတွေ့ရတဲ့ အမေရိကန်သံရုံး အကြီးအကဲသစ် Susan Stevenson

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် နဲ့အတူ တက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ အောင်သူရဇော် တို့ကို စစ်အာဏာပိုင်တွေက ကွပ်မျက် သတ်ဖြတ်ခဲ့တာ ဒီကနေ့ တနှစ်ပြည့်ပြီ ဖြစ်သလို၊ အာဏာရှင်လက်အောက် အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက် ဝမ်းနည်း ပူဆွေးရတဲ့အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ရဲ့ ဖိနှိပ် သတ်ဖြတ်မှုတွေ၊ သူတို့ ဆက်လက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကြောင့် အသက် ဆုံးရှူံးခဲ့ကြရတဲ့ လူပေါင်း ၃,၈၀၀ ကျော်အတွက် မြန်မာပြည်သူတွေနဲ့အတူ ပူဆွေး သောကရောက်ရတဲ့အကြောင်း ဒီကနေ့ အမေရိကန်သံရုံး ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခြေခံကျတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ကျင့်သုံးနိုင်ဖို့ စိတ်အား ထက်သန်နေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေး ထောက်ခံသွားမယ့် အကြောင်းလည်း အလေးပေး ဖော်ပြပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသူတွေကို အမေရိကန်သံရုံးအတွင်း ဂုဏ်ပြုထားတဲ့ Fallen Heroes − ကျဆုံး သူရဲကောင်းများ ဆိုတဲ့ အမှတ်တရ အထိမ်းအမှတ်နေရာမှာ ရန်ကုန် အမေရိကန်သံရုံး အကြီးအကဲသစ် Susan Stevenson က နှင်းဆီပန်းတချို့နဲ့ ရပ်နေတဲ့ ပုံကိုလည်း အခု ထုတ်ပြန်ချက်နဲ့အတူ ဖော်ပြထားပါတယ်။ အဲဒီ အမှတ်တရ အထိမ်းအမှတ်နေရာမှာတော့ အသက်ဆုံးရှုံး ခဲ့ရသူတွေရဲ့ အရေအတွက်အတိုင်း ကျောင်းတုံးလေးတွေ ချထားပြီး ဂုဏ်ပြုထားတာပါ။

အာဆီယံမှာရှိတဲ့ ဥရောပပါလီမန်ကလည်း ၂၀၁၉ ခုနှစ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဥရောပပါလီမန်ကို သွားရောက်လည်ပတ်ခဲ့တဲ့ ကိုဖြိုးဇေယျာသော်ရဲ့ ဓာတ်ပုံကို Twitter စာမျက်နှာပေါ်တင်ပြီး၊ လွန်ခဲ့တဲ့ နှစ်က မြန်မာစစ်အစိုးရရဲ့ မတရားကွပ်မျက်မှုအားလုံးကို အမှတ်ရနေကြောင်း ထုတ်ဖော် ပြောဆိုထားပါသေးတယ်။ အလားတူ ရန်ကုန် UK သံရုံးကလည်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့နဲ့အတူ မြန်မာနိုင်ငံတွင်း မတရား သတ်ဖြတ်ခံခဲ့ရသူတွေကို အောက်မေ့ ဂုဏ်ပြုကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။

အကျဉ်းသားတွေကို တရားလက်လွတ် သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတွေအရ စစ်အာဏာရှင်အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆက်လက် လစ်လျူရှုနေပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြောင်း ပြသနေတယ်လို့လည်း UK သံရုံး ဖေ့စ်ဘွတ်စာမျက်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင်၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီ လိုလားတောင့်တမှု ဆန္ဒတွေကို လေးစားလိုက်နာလာအောင် ယူကေ အစိုးရက ဆက်လက် ဖိအာပေးသွားဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန် အမေရိကန်သံရုံးနဲ့ ရန်ကုန် ယူကေ သံရုံးတို့ဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ခုလို အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချတာ၊ အာဏာသိမ်းမှုကို ဆန့်ကျင်တာ၊ ဒီမိုကရေစီရေး လိုလားသူတွေကို ထောက်ခံကြောင်း ပြသတာတွေ မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ အာဏာသိမ်း စစ်ကောင်စီကတော့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတချို့က မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်တာတွေ ရှိတယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့လို အကျဥ်းထောင်တွင်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူတွေ၊ အကျဥ်းထောင်တွင်းက ခေါ်ထုတ်ခံရပြီး သေဆုံး ပျောက်ဆုံးသူတွေ သိသိသာသာ ပိုများလာနေတဲ့အကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က သတိပေးထားပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံရကူ ၃,၈၀၀ ကျော်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၂ သောင်းနီးပါး ရှိပြီး ထိန်းသိမ်းခံရသူ အများစု ပြန်မလွတ်သေးကြောင်းလည်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ အေအေပီပီရဲ့ အချက်အလက်တွေဟာ ချဲ့ကား ဖော်ပြတာလို့ တုံ့ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG