သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄၁ နှစ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ ဆင်နွှဲ


ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ဖြစ်တာကြောင့် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ နိုင်ငံတဝှမ်းကျင်းပကြပြီး ညဘက်မှာ မီးရှုးမီးပန်းတွေ ပစ်ဖေါက်ကြသလိုနိုင်ငံတော် အားလပ်ရက်နေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။ မြို့တော် ဝါရှင်တန်က အမျိုးသားရင်ပြင်မှာလည်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေပြီး ဒီနှစ် လွတ်လပ်ရေးနေ့မှာ လူထုအနေနဲ့ ဘယ်လိုပုံစံမျိုး ပါဝင်ဆင်နွှဲကြမလဲဆိုတာကို VOA သတင်းထောက် Arash Arabasadi က သတင်းပေးပို့ထားပါတယ်။ ကိုအောင်အောင်က တင်ပြပေးပါမယ်။

ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကျင်းပရာ ဝါရှင်တန်ဒီစီက အမျိုးသားရင်ပြင်မှာတော့ လုံခြုံရေးတွေ ချထားပါတယ်။ ဗြိတိန်စီကနေ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ညဘက်မှာ မီးရှုးမီးပန်းတွေလည်း ပစ်ဖေါက်ကြမှာပါ။ ဒါပေမယ့်လည်း သမ္မတ Donald trump အစိုးရ အာဏာရလာပြီး ၆ လအကြာမှာပဲ အမေရိကန်လူထုတွေအကြား နိုင်ငံရေးအရရော တခြားအကြောင်းအရာကိစ္စတွေမှာပါ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ပေါ်တိုရီးကိုးမှာနေထိုင်သူ Marangely က

“သမ္မတရဲ့စရိုက်က ကြမ်းတမ်းပါတယ်။ ဒီမိုကရက်နဲ့ Republican ပါတီ ၂ ရပ်လုံးကြား စေ့စပ်လို့ မရတော့ပါဘူး။”

နယူးယောက်ပြည်နယ် Lancaster မြို့က Mike Repka က

“ထရမ့်ဟာ အားလုံး အလုပ်ဖြစ်အောင် နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေ တာကြောင့် လူတွေဟာ စပြီး အကောင်းမြင်လာတယ်လို့ ထင်ပါတယ်။ လာမယ့်နှစ်တွေမှာ ဆိုရင် တနိုင်ငံလုံးက စုစုစည်းစည်း ရှိနေပါလိမ့်မယ်။”

ချီကာဂိုမြို့က လာရောက်လည်ပတ်သူ မိုက်က

“တဖက်နဲ့ တဖက် ဝေဖန်ထောက်ပြနေကြပြီးဒါဟာလည်း အမေရိကန်တွေအတွက် ကောင်းတဲ့ကိစ္စပါ။”

အမေရိကန် အိပ်မက်တွေကို အကောင်အထည်ဖေါ်ဆောင်နိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ လွတ်လပ်ရေးနေ့ကျင်းပတာလည်းဖြစ်ပါတယ်။ New Jersey ပြည်နယ်က Shekhar Botcha ကတော့

“လွတ်လပ်တဲ့နိုင်ငံတနိုင်ငံရဲ့ အခြေခံအုတ်မြစ်တွေကတော့ အရင်အတိုင်းပဲ ရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင် ပုံဖေါ်ခွင့်ရှိပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့အချက်က ဒီတိုင်းပြည်ရဲ့ ထူးခြားချက်ပါ။”

Connecticut ပြည်နယ်က Gonn Nan Liang က

“အခုလဲ ဒီနိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်နေဆဲပါ။ အားလုံး ငြိမ်းချမ်းပြီး လူတွေရဲ့ ဘဝဟာလဲ ပျော်ရွှင်စရာပါ။”

ဗာဂျီးနီးယားပြည်နယ်က Ivo Atabe က

“စစ်တမ်းတွေမှာတော့ တိုင်းပြည်ရဲ့ အခြေအနေဟာ သိတ်မကောင်းဘူးလို့ လူတွေက ထင်ကြပါတယ်။ ဒါပေမယ့် ကမ္ဘ့ာ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဒီမှာက အများကြီး အခြေအနေကောင်းပါတယ်။”

လွတ်လပ်ရေးနေ့ကို နိုင်ငံတော် အားလပ်ရက်နေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။ Atabe ကတော့

“ဒီမှာနေရတာ ပျော်ပါတယ်၊ အစားအသောက်တွေ၊ လည်စရာတွေကလည်း အပြည့်ပါ။ မီးရှုးမီးပန်းဖေါက်တာကိုလည်း ကြိုက်ပါတယ်။”

ဇူလိုင်လ ၄ ရက်နေ့မှာတော့ အလှပြချီတက်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ မီးရှုးမီးပန်းတွေ ပစ်ဖေါက်ပြီး လွတ်လပ်ရေးနေ့ ဆင်နွှဲကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG