သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးဒုက္ခဆိုင်ရာ ကုလစာရင်းဇယား နှင့် လက်ရှိအခြေအနေ


War Refugees in Rakhine (မှတ်တမ်းဓါတ်ပုံ)
War Refugees in Rakhine (မှတ်တမ်းဓါတ်ပုံ)

မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၁ ဒဿမ ၂ သန်းကျော်သွားပြီလို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ် ။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။

စစ်ဘေးဒုက္ခဆိုင်ရာ ကုလစာရင်းဇယား နှင့် လက်ရှိအခြေအနေ

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၁ ဒဿမ ၂ သန်းကျော်သွားပြီလို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၈၆၆,၄၀၀ နီးပါးလည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။ မြန်မာပြည်တွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က မြန်မာနိုင်ငံမှာ လူဦးရေ ၁ ဒဿမ ၂ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အဲဒီထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈၆၆,၄၀၀ နီးပါးလည်း ပါဝင်တယ်လို့ ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာလိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ရှောင်စခန်းတခုမှာတော့ UNHCR အစီအစဉ်နဲ့ စစ်ရှောင်တချို့အတွက် တဲအိမ်တွေပြန်လည် ပြုပြင်ထားတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

"အခု UNHCR က ပေးထားတဲ့ တဲအိမ်အလုံး ၃၁၀ ပြန်လည်ပြုပြင် ဆောက်လုပ်ပြီးပြီ။ နေထိုင်ဖို့အတွက် ကျန်တော့ကျန်နေသေးတယ်၊ ရာနှုန်းပြည့်တော့မဟုတ်ဘူး။ ဒါပေမဲ့ စစ်ရှောင်ဦးရေ ထက်ဝက်လောက်အတွက်တော့ ပြုပြင်ဆောက်လုပ်ပြီးပြီပေါ့နော်။ ကျန်တဲ့ တဲအိမ်တွေကျလို့ရှိရင် မိုးကုန်လောက်မှာ ပြန်လည်ပြုပြင်မယ်လို့ UNHCR က ကျနော့်ဆီကို အကြောင်းကြားထားတာရှိတယ် ခင်ဗျ။"

စစ်ရှောင်သူဦးရေ ၃,၀၀၀ ကျော်ရှိတဲ့ အဲဒီဒုက္ခသည်စခန်းမှာ အစိုးရရဲ့ လစဉ်ထောက်ပံ့မှုအစီအစဉ် ရောက်မလာတာ ၂ လကျော်ကြာပြီဖြစ်လို့ အခြေခံစားသောက်နိုင်ဖို့အတွက်မှာပါ အခက်တွေ့နေတယ်လို့ ပြောပါတယ်။

"စားဝတ်နေရေးက အစိုးရဆီက သဘာဝဘေးစီမံကိန်းကနေ ဆန်ရိက္ခာထောက်ပံ့မှုက မရောက်တာ ၂ လရှိပြီဗျ။ အစိုးရဆီကပဲဖြစ်ဖြစ်၊ NGO ဆီကပဲဖြစ်ဖြစ် ပုံမှန်အားဖြင့် လစဉ်လတိုင်းတော့ ရိက္ခာရောက်ရှိစေချင်တယ်ဗျ။ အခုကတော့ WFP ကရောက်ပြီး အစိုးရဆီကမရောက်ဘူးဆိုတော့ စစ်ရှောင်တွေအနေနဲ့ အခက်အခဲကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ကတော့ ရိက္ခာတွေကို လစဉ်လတိုင်း ထောက်ပံ့ပေးစေချင်တယ် ခင်ဗျ။"

ပဲခူးတိုင်း အရှေ့ပိုင်း၊ ကျောက်ကြီးမြို့နယ်က အသစ်ရောက်လာတဲ့ စစ်ရှောင်သူ ၅,၄၀၀ အတွက်လည်း အမိုးအကာနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ UNOCHA က ဖော်ပြထားပါတယ်။ ရွာတွေကနေ ပဋိပက္ခအခြေအနေကြောင့် ထွက်ပြေးလာရသူတွေဟာ ကျောက်ကြီးမှာ အချိန်ကာလ ၃ လနီးပါးလောက် စစ်ရှောင်နေရတာပါ။ သူတို့ရဲ့ လုပ်ငန်းတွေပြန်လုပ်နိုင်ဖို့ ကျေးရွာဆီပြန်တဲ့အခါမှာ ဖမ်းဆီးခံရတာတွေရှိလို့ နေရပ်ပြန်ဖို့ အခက်တွေ့နေပါတယ်။ ဒီလို ဒုက္ခများတဲ့ အချိန်ကာလကြာလာတာနဲ့အမျှ စစ်ရှောင်တွေအတွက် အခက်အခဲအတော်များများ ထပ်ပြီးကြုံလာနိုင်ဦးမယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

"အဓိကကျတဲ့ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား လုံလောက်မှုလည်းမရှိဘူး။ မိုးတွင်းကာလမှာ ကလေးတွေအတွက်က ဆေးဝါးလုံလောက်မှုလည်း မရှိဘူး။ ပြီးတော့ အခု တုပ်ကွေးရောဂါအဖြစ်များတယ်။ အခုလက်ရှိအခြေအနေ ကာလကြာချိန်က ဘယ်လောက်ရှိမလဲဆိုတာ ကျနော်တို့လည်း မသိဘူးပေါ့နော်။ အဲဒီလိုမျိုး ရှေ့ဆက်သွားနေမယ်ဆိုရင် ကျနော်တို့ ဒီဒေသမှာရှိတဲ့ ပြည်သူတရပ်က တကယ့်ရေရှည်မှာ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးတွေမှာလည်း အခက်အခဲတွေက ကြုံတွေ့လာနိုင်တယ်။"

မိုးရာသီမှာ ကူးစက်ရောဂါ ပြန့်ပွှားမှု တိုးလာမယ့်အပေါ် အခြေခံကျန်းမာရေး ဆောင်ရွက်ချက်တွေကိုလည်း အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆီကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့က အကန့်အသတ်တွေရှိနေလို့ အခုချိန်ထိ စစ်ဘေးဒုက္ခသည်တွေမှာ အခြေခံလိုအပ်ချက်တွေကိုတောင် မဖြည့်တင်းနိုင်တဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

...........................................................


{{Zawgyi/Unicode}}









XS
SM
MD
LG