ရုရှားရဲ့ နယ်စပ်ဒေသ Belgorod ကို ယူကရိန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ငါးဦးသေဆုံး တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းအရှေ့ခြမ်းက ဟိုတယ်တခုကို ရုရှားတပ်တွေ တိုက်ခိုက်လို့ သတင်းထောက်တဦးပျောက်ဆုံးနေပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ယူကရိန်းနယ်စပ်နဲ့ ၂၃ မိုင်ဝေးတဲ့ ရုရှားကျေးရွာတခုက လူ ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသ အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ပြောပါတယ်။ အဲဒီအထဲ ဒဏ်ရာသူ အသက် ၁၆ နှစ်အရွယ်မိန်းကလေးငယ်တဦးကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ပြောပါတယ်။
ယူကရိန်းအရှေ့ခြမ်း Donetsk ဒေသက ဟိုတယ်တခုကို ရုရှားတပ်တွေ တိုက်ခိုက်ရာမှာတော့ နှစ်ဦး ဒဏ်ရာရပြီး တဦးကတော့ အပြိုအပျက်ပုံကြားမှာပိတ်မိနေတယ်လို့ ယူကရိန်းဒေသတာဝန်ရှိသူက ပြောပါတယ်။ သူတို့တွေဟာ ယူကရိန်း၊ အမေရိကန်နဲ့ ဗြိတိန်တို့ကသတင်းသမားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်းစစ် သတင်းယူနေတဲ့ သူတို့သတင်းထောက် ပျောက်ဆုံးနေပြီး အခြားနှစ်ဦးကတော့ ဟိုတယ်တိုက်ခိုက်ခံရပြီး ဆေးရုံတင်ထားရတယ်လို့ ရိုက်တာသတင်းက ထုတ်ပြန်ထားပါတယ်။
ဟိုတယ်ကို ရုရှားဘက်က ပဲ့ထိန်းဒုံးထိမှန်ခဲ့ပြီးနောက် သတင်းထောက်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့လည်း ဒေသတာဝန်ရှိသူတွေက ထုတ်ပြန်ထားကြပါတယ်။
Forum