သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်နေရပ်ပြန်ရေးကိစ္စ မလွယ်ကူသေးဟု ကန်သံအမတ် ရှုမြင်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကို Greta Van Susteren က နယူးယောက်မှာ တွေ့ဆုံမေးမြန်း။ ( ဇန်နဝါရီ ၁၇-၂၀၁၈)
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကို Greta Van Susteren က နယူးယောက်မှာ တွေ့ဆုံမေးမြန်း။ ( ဇန်နဝါရီ ၁၇-၂၀၁၈)

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ စိုးရိမ်စရာတွေရှိနေတာမို့ အလွယ်တကူဖြစ်နိုင်ချေမရှိသေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောပါတယ်။ မြန်မာနိုင်ငံအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးတလည် စောင့်ကြည့်နေသလို၊ ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်နေ တယ်လို့လည်း ပြောပါတယ်။ သံအမတ်ကြီး Nikki Haley ကို ဗွီအိုအေအတွက် Van Susteren က တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးလိုပါတယ်။

Van Susteren ။ ။ မြန်မာပြည် ဒီမိုကရေစီရေး တိုးတက်လာဖို့ မျှော်လင့်ချက်တွေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ၂၀၁၂ ခုနှစ်မှာ သမ္မတ အိုဘားမားက တစိတ်တပိုင်းအားဖြင့် ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။ မြန်မာလူထု ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဲပေး ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်သြဂုတ်လကတည်းကစလို့ အခြေအနေတရပ် ကြုံလာရပါတယ်။ မြန်မာစစ်တပ်က မောင်းထုတ်လို့ လူတသန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီ ဒုက္ခသည်စခန်းကို ကျမရောက်ပါတယ်။ ကလေးငယ်တွေနဲ့ ကွဲကွာသွားရတဲ့ အမျိုးသမီးတွေရဲ့ ဇတ်လမ်းတွေ ကြားခဲ့ရပါတယ်။ ကလေးငယ်တွေမှာ ထိတ်လန့်စရာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေဟာ တကယ့်ကို ထိတ်လန့်စရာ လူသားရပ်တည်မှုအကြပ်အတည်းဆိုးကြီးပါ။ အခု သူတို့အားလုံးဟာ ဘင်္ဂလားဒေ့ရ်ှက ဒုက္ခသည်စခန်းထဲ ရောက်နေပါပြီ။ ဒီ အကြပ်အတည် အခြေအနေဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂအနေနဲ့ဖြစ်စေ အမေရိကန်ပြည်ထောင်စုအနေနဲ့ဖြစ်စေ တခုခု ဘာလုပ်ဖို့ရှိပါသလဲ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ ဒီကိစ္စဟာ ကျမမြင်ဖူးသမျှတော့ ကြေကွဲဆို့နင့်စရာ အဆိုးဆုံးအခြေအနေတရပ်ပါ။ မြန်မာပြည်မှာ အခုဖြစ်နေတဲ့ လူသားမျိုးနွယ်စုအလိုက်ရှင်းလင်းဖယ်ရှားခံရမှု အဖြစ်အပျက်တစုံလုံးကို ကြည့်ရင် ကြောက်မက်ဖွယ်ရာကောင်းလှပါတယ်။ ကလေးငယ်တွကို မီးပုံထဲ ပစ်ထည့်တာတို့၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတို့၊ မိသားစုလိုက် သတ်ဖြတ်ခံရတာတို့.. ဒီလိုမျိုး ဆိုးဆိုးဝါးဝါးနှိပ်စက်ခံရပြီး စစ်တပ်ကနေ သူတို့ကို မောင်းထုတ်လို့ အခုဆိုရင် ဒီ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ရောက်လာတာပါ။

Van Susteren ။ ။ အဲတော့ ဘာလုပ်ပေးနိုင်မလဲ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ လုပ်ဆောင်စရာတွေ ရှိပါတယ်။ အခုဆိုရင်ပဲ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်နဲ့ ကျမတို့ အတူ လုပ်ဆောင်နေ တာရှိပါတယ်။ အဲဒီက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး အခြေအနေကို သိရှိနိုင်ဖို့အတွက် အထူးကိုယ်စားလှယ်တဦးထားဖို့ အတွင်းရေးမှုးချုပ်အနေနဲ့ လုပ်ဆောင်နေပြီ ထင်ပါတယ်။ ကျမတို့အနေနဲ့ စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန် ဖိအားတွေ ပေးထားပါတယ်။ ဒါပေမယ့်လည်း ကျမတို့ မြင်ချင်တဲ့ ပြောင်းလဲမှုတွေ ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

Van Susteren ။ ။ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဘာတွေဖြစ်နေလဲဆိုတာကို သတင်းရေးသားဖို့ ကြိုးစားတဲ့ ရိုက်တာသ တင်းသမားနှစ်ဦးကို ဖမ်းဆီးထားပါတယ်။ သူတို့ကို မိသားစုတွေ ရှေ့နေရှေ့ရပ်နဲ့ အချိန်အတော်ကြာတဲ့အထိ ပေးမတွေ့ပဲ ထိမ်းသိမ်းထားတာပါ။ ဒီ ရိုက်တာ သတင်းသမားတွေနဲ့ပတ်သက်လို့ရော ကုလသမဂ္ဂနဲ့ အမေရိကန်က ဘာလုပ်ပေးနိုင်မလဲ။ သူတို့ကတော့ ဒီ အကြပ်အတည်းကြီးကို သတင်းယူဖို့ကြိုးစားရင်း ဖမ်းခံရတာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ ကျမတို့လုပ်စရာတွေ အများကြီးရှိပါတယ်။ ဒီ သတင်းထောက်တွေကိစ္စနဲ့ပတ်သက်လို့ ကျမတို့ အတော်လေး အလေးထားပါတယ်။ ကျမတို့တင်မကဘူး တကမ္ဘာလုံးကပါ သူတို့ကို စောင့်ကြည့်နေတယ်ဆိုတာ သူတို့သိပါတယ်။ ဒီဖြစ်ရပ်က လုံး၀ စိတ်ပျက်စရာပါ။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အခြေအနေတိုးတက်လာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်အတန်ကြာကတည်းက ဆောင်ရွက်ခဲ့ပေမယ့်၊ ဒါကို ဆက်ပြီး ကိုင်တွယ် ဆောင်ရွက်သွားရမယ်လို့ ထင်ပါတယ်။

Van Susteren ။ ။ စစ်တပ်အပေါ် အရေးယူဒဏ်ခတ်မှုတွေ ထပ်လုပ်ဖို့ ရှိပါသလား။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ အခြေအနေအရပ်ရပ်ကို ကြည့်ဖို့လိုမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး အစိုးရကိုဖြစ်စေ စစ်တပ်ကိုဖြစ်စေ ဆက်ဆံရေးမှာ ပျော့ပြောင်းနေဖို့ မလိုပါဘူး။ သူတို့လုပ်ခဲ့တာတွေအတွက် တာဝန်ယူ တာဝန်ခံဖို့လိုပါတယ်။ ဒုက္ခသည်တွေ အတွက် လုံခြုံဘေးကင်းတဲ့နေရာတခု လုပ်ပေးဖို့ လိုပါတယ်။ ဒုက္ခသည်တွအနေနဲ့က သူတို့နေရပ်ကို ပြန်ဖို့အင်မတန်ကြောက်ရွံနေတဲ့အခါကျတော့ နေရပ်ပြန်ရေး အစီအစဉ်တွေက အလွယ်တကူတော့မဖြစ်နိုင်သေးပါဘူး။ ခုထိတိုင်အောင် ထိတ်လန့်ကြောက်ရွံ ဖွယ်စရာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပြန်ပို့ရေးအစီအစဉ်တွေ လုပ်မယ်ဆိုရင်တော့ လုပ်ဆောင်စရာအတော်များများရှိပါတယ်။

Van Susteren ။ ။ နောက်ဆုံးမေးခွန်းတခုပါ။ သံအမတ်အဖြစ်တာဝန်ယူခဲ့တာ တနှစ်ရှိပြီနော်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ ဟုတ်ပါတယ်။

Van Susteren ။ ။ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး တာဝန်ယူရတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ ဒါဟာ တကယ့်ကို ကြီးလေးတဲ့ တာဝန်ပါ။ ဒီလို တိုင်းပြည်အတွက် တာဝန်ထမ်းရတဲ့အပေါ် ဂုဏ်ယူ ကျေနပ်မိပါတယ်။ ဒါပေမယ့် ဒီလို တိုင်းပြည်အတွက် တာဝန်ထမ်းပြီး ကမ္ဘာကြီးကို ဘေးကင်းငြိမ်းချမ်းအောင်လုပ်ပေးနိုင်ရင်တော့ တကယ့်ကို ဂုဏ်ယူကျေနပ်စရာကောင်းပါတယ်။

Van Susteren ။ ။ အားမလို အားမရဖြစ်စရာ အခြေအနေရောရှိလား။ ကျမဆိုလိုတာက မြန်မာနိုင်ငံလိုအခြေအနေကိုကြည့်ပြီးတော့ ငါတခုခုလုပ်ပေးခဲ့ရရင် ဆိုပြီး မဖြစ်မိဘူးလား။ ဒီလို ပြဿနာအကြပ်အတည်းတွေကို ကြည့်ပြီးတော့ ဘာမှလည်း လုပ်ခွင့်မသာသေးတဲ့အခြေအနေဟာ သံအမတ်တွေအတွက် အတော်ခက်ခဲမယ်ထင်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ ကမ္ဘာ့နေရာအနှံမှာ လူအတော်များများ အခုလို ခံစားနေရာကို ကြည့်နေရတာ အခက်ခဲဆုံးအပိုင်းလို့ ထင်တယ်။ ဒါကို တခုခု လုပ်ပေးလိုက်ချင်တယ် ဒါပေမယ့်လည်း အချိန်တိုတိုအတွင်း လုပ်လို့မရဘူး။ ဒါဟာ တကယ့်ကို အခက်အခဲဆုံးအခြေအနေပါ။

ဗွီအိုအေ သတင်းထောက် Van Susteren ။ ။ ကျေးဇူးတင်ပါတယ် သံအမတ်ကြီးရှင်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley။ ။ ကျမကလည်း ကျေးဇူးပါ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကို Van Susteren ကဗွီအိုအေ အတွက် တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

https://www.voanews.com/a/van-susteren-nikki-haley-full-transcript-korea-rohingya-pakistan/4213026.html

XS
SM
MD
LG