သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ်ပင်လယ်ကိစ္စ ကန်-အာစီယံ ပိုမိုကွဲလွဲလာသလား


တောင်တရုတ် ပင်လယ်ပြင် အတွင်းက အမေရိကန် စစ်သဘောင်္ USS Stethem (ဧပြီလ ၅ ရက်နေ့ ၂၀၁၇)

တောင်တရုတ်ပင်လယ်ပြင် အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အာဆီယံ နိုင်ငံတွေကြား ကွာဟမှုတွေ တိုးလာနေတာ ပိုပြီး ထင်ရှား လာတယ်လို့ အရှေ့တောင်ဒေသ အရေး ဆန်းစစ်လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တောင်တရုတ်ပင်လယ်ပြင် ဒေသမှာ ရေကြောင်းစည်းမျဉ်း ဥပဒေနဲ့ အညီ ကျင့်သုံးမှု မရှိဘဲ ဖြစ်နေသလို အာဆီယံ နိုင်ငံတွေအတွက် ရေကြောင်း သွားလာမှု လွတ်လပ်ခွင့် ဆုံးရှုံးနေတာအတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် အာဆီယံ နိုင်ငံတွေကတော့ အင်အားကြီး အမေရိကန်နဲ့ တရုတ်တို့ရဲ့ အားပြိုင်မှုကနေ ဒေသတွင်းတည်ငြိမ်ရေး ထိခိုက်စေမှာကို ပိုပြီး စိုးရိမ်နေတာ ထင်ရှားတယ်လို့ South China Morning Post မှာ Mark Valencia က သုံးသပ်ထားတာပါ။

အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ရေပြင်ပိုင်နက် အငြင်းပွားနေတဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်လို ဒေသတွင်း နိုင်ငံတွေအတွက် တောင်တရုတ်ပင်လယ်ပြင် ဆိုင်ရာ ဦးစားပေးမှုဟာ တရုတ်နဲ့ နယ်မြေ အငြင်းပွားမှု မရှိတဲ့ အမေရိကန်ရဲ့ဦးစားပေးမှုနဲ့ မတူဘဲ သူတို့က သူတို့ ရေပိုင်နက်ကို အသိမှတ်ပြုဖို့၊ သူတို့ရဲ့ ရေပြင်ပိုင်နက် စီးပွားရေးဇုံထဲက သယံဇာတတွေကို တရားဝင် ပိုင်ဆိုင်ဖို့လောက်ပဲ ဆန္ဒရှိကြပြီး အမေရိကန်နဲ့ တရုတ်တို့ အားပြိုင်မှုမှာ ကြားဝင်ညပ်မှာကို မလိုလားဘဲ ဖြစ်နေတာပါ။

အမေရိကန်ကတော့ ရေကြောင်း သွားလာရေး လွတ်လပ်မှုနဲ့အတူ တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေကို ထောက်လှမ်းဖို့ပါ စိတ်သန်နေတာ ဖြစ်ပြီး ဒါဟာ တရုတ်အတွက် သူ့ရဲ့ နျူကလီယား ရေငုပ်သင်္ဘောသစ်နဲ့ အတူ တခြားကမ်းရိုးတန်း ကာကွယ်ရေး ဆိုင်ရာ လျို့ဝှက်ချက်တွေ ပေါက်ကြားမှာကို စိုးရိမ်လာစေတာဖြစ်ပါတယ်။

မလေးရှား၊ မြန်မာ နဲ့ ထိုင်းနိုင်ငံတို့မှာ အစိုးရရဲ့ အာဏာထိန်းချုပ်မှု မရေရာတဲ့အခြေအနေ တချို့ ရှိနေပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လို အိုင်အက်စ် စစ်သွေးကြွတွေ ပုန်ကန်နေတဲ့ နိုင်ငံတွေက ဒေသတွင်း တည်ငြိမ်ရေးကိုပဲ အဓိက စိုးရိမ်ကြတာ ဖြစ်ပြီး ဒီအန္တရာယ်တွေ အတွက် ဒေသတွင်း အင်အားအကြီးဆုံး အင်ဒိုနီးရှားလို နိုင်ငံက အမေရိကန်လို အဝေးက အင်အားကြီးထက် အနီးက အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်ကိုသာ အားကိုးချင်ကြောင်း ပြနေတာပါ။

ဒါ့အပြင် အမေရိကန်ကရော တရုတ်ကပါ တောင်တရုတ်ပင်လယ်ပြင် အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေ တညီတညွတ်တည်းပံ့ပိုးတာကို လိုချင်ကြပေမယ့် ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်လှုပ်ရှားနေကြတဲ့ အာဆီယံနိုင်ငံတွေကြား စည်းလုံးဖို့ လမ်းမမြင်သေး သလို အမေရိကန်နဲ့ အာဆီယံ တို့ကြား အမြင်ကွဲပြားမှုလည်း တိုးလာနေတယ်လို့ သုံးသပ်ပါတယ်။

XS
SM
MD
LG