သုံးရလွယ်ကူစေသည့် Link များ

ရုရှားနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ စွပ်စွဲချက် လိမ်လည်မှုကြီးဖြစ်ကြောင်း Sessions ထွက်ဆို


အမေရိကန် ရှေ့နေချုပ် Jeff Sessions အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ရှေ့မှောက်မှာ ထွက်ဆို။

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားနဲ့ပေါင်းပြီး ရလဒ်တွေ အပြောင်းအလဲ ဖြစ်အောင် လုပ်ခဲ့တယ်လို့ ရည်ညွန်းပြောကြားမှု မှန်သမျှဟာ သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ လိမ်ညာမှု ဖြစ်တယ်လို့ ရှေ့နေချုပ် Jeff Sessions ကပြောကြားခဲ့ပါတယ်။ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ အင်္ဂါနေ့က လုပ်ခဲ့တဲ့ ကြားနာပွဲမှာ Mr. Sessions ကို လွှတ်တော်အမတ်တွေက ၂ နာရီကျော်ကြာအောင် မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် နှောင့်ယှက်ခဲ့သလား ဆိုတာကို အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက စစ်ဆေးနေတာ ဖြစ်ပါတယ်။ Donald Trump ရဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ ရုရှားကြားမှာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သူ့အနေနဲ့ ထင်မြင်ခဲ့ရင် သူ့အနေနဲ့ အင်မတန် တုန်လှုပ်ခဲ့မှာဖြစ်ပြီး အဲဒီအချိန်က သမ္မတလောင်း Trump ရဲ့အမျိုးသားလုံခြုံရေး အကြံပေး တာဝန်ကနေလဲ နုတ်ထွက်ခဲ့မှာ ဖြစ်တယ်လို့ ရှေ့နေချုပ် Sessions က လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် Sergey Kislyak နဲ့ ၂ ကြိမ်တွေ့ဆုံခဲ့မှု တွေကလည်း မရိုးမသား မမှန် မကန် မဟုတ်ဘူးလို့လည်း ငြင်းဆန်သွားပါတယ်။ တွေ့ဆုံမှု ၂ ခုလုံးကို Trump ရဲ့ ရွေးကောက်ပွဲ တာဝန်ခံအနေနဲ့ မဟုတ်ဘဲ အထက်လွှတ်တော် အမတ်တယောက် အနေနဲ့ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။ သူ့ကိုရှေ့နေချုပ် ခန့်အပ်သင့် မသင့် ကြားနာပွဲတုန်းကတော့ အဲဒီတွေ့ဆုံမှုတွေ အကြောင်း လွှတ်တော်ကို သူပြောပြခဲ့ခြင်း မရှိပါဘူး။

Washington မြို့တော်က ဟိုတယ်တခုမှာ နိုင်ငံခြား မူဝါဒရေးရာ မိန့်ခွန်းကို Trump ပြောတဲ့ပွဲမှာတော့ သူရော ရုရှားသံအမတ်ပါ တက်ရောက်ခဲ့ကြပေမဲ့ အဲဒီတုန်းက ရုရှားသံအမတ်နဲ့ တတိယအကြိမ် တွေ့ဆုံခဲ့သလား ဆိုတာကိုတော့ သူမမှတ်မိဘူး လို့လည်း လွှတ်တော်ကြားနာပွဲမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG