သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပိတ်ဆို့မှု ရုပ်သိမ်းရေး ပြည်ခိုင်ဖြိုးအဆို ပြည်သူ့လွှတ်တော် ပယ်ချ


 ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ကို စီးပွားရေး အရ ပိတ်ဆို့မှုတွေ အားလုံး ရုတ်သိမ်းပေးရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ အဆိုကို ပြည်သူ့လွတ်တော်မှာ ကြံခိုင်ရေး အမတ်တစ်ဦးက တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီအဆိုကို လက်ခံဆွေးနွေးဖို့မရှိကြောင်း ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုနဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ ယခင် စစ်အစိုးရတွေက တောက်လျှောက်ပြောခဲ့သလိုပဲ၊ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဖက်ကလည်း ဒီအယူအဆအတိုင်းပါပဲ။ ဒါကြောင့် ကြံခိုင်ရေးအမတ်တဦးဖြစ်တဲ့ သာစည်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလျယ် ဦးသန်းစိုးက အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုအားလုံးရုပ်သိမ်းရေး အစိုးရ ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးမြင့်တင်ရေးကို အားပေးသွားမယ် ကူညီသွားမယ်ဆိုတဲ့ ကတိတွေအများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အပြောနဲ့အလုပ်ကွာဟနေသေးတာကို ကျနော်တို့မြင်တွေ့ရပါတယ်။ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူစဉ်က ဖော်ပြခဲ့တဲ့အကြောင်းများလည်း မရှိတော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပိတ်ဆို့နေခြင်းဟာ မြန်မာ့ဒီမိုကရေစီ ပဒေသပင်ကို နင်းသတ်နေသလိုဖြစ်ပါတယ်။ အခုလို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု သက်တမ်း ၁ နှစ်တိုးမြင့်ဒဏ်ခတ်ပိတ်ဆို့မှု့ ရုပ်သိမ်းပေးနိုင်ရေးကို နိုင်ငံတော် အစိုးရမှ အလေးထားဆောင်ရွက်ပေးပါရန်အတွက် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှတဆင့် တင်သွင်းအပ်ပါတယ်ခင်ဗျ။”

ဒါပေမယ့်လို့ ဒီအဆိုကို ဆက်လက်ဆွေးနွေးသင့် မသင့် လွတ်တော် ကိုယ်စားလှယ်တွေကြား မဲခွဲ ဆုံးဖြတ်ပြီး ကန့်ကွက်မဲ အများစု ရခဲ့တာကြောင့် ဒီအဆိုဟာ လက်ခံ ဆွေးနွေးခွင့် မရခဲ့ပါဘူး။ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီအဆိုဟာ ကြံခိုင်ရေးပါတီက တောက်လျှောက်ကိုင်စွဲလာတဲ့ မူ ဖြစ်တယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂၀၁၁ ခုတုန်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက အလားတူ အဆိုမျိုး တင်သွင်းခဲ့ဖူးတယ်။ အခုပြောရင် နောက်ထပ် ၅ နှစ်ကြာပြီးတော့ ဒီအဆိုကို ပြန်လည် တင်သွင်းတာဖြစ်တယ်။ အဲဒီအခါကျတော့ ဒါဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မူဝါဒနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့မြင်တယ်။ နောက်ပြီးတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဆိုတာက စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ပါတီဖြစ်တယ်။ နောက်ပြီးတော့ စစ်ဗိုလ်ချုပ်ဟောင်းအများစုဟာလည်း ခရိုနီ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်နေတယ်။ အကျိုးစီးပွားတွေ ထပ်တူကြနေတယ်။ အဲဒီအတွက်ကြောင့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကျိုးကိုကြည့်ပြီးတော့ မြန်မာပြည်သူလူထုအများစုရဲ့ အကျိုးကို မျက်ကွယ်ပြုပြီးတော့ ဒီအဆိုကို တင်သွင်းတာလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

ပြီးခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် လက်ထက်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေဖက်က မြန်မာအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ခဲ့ပေမယ့်၊ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဖြေလျှော့မှုတွေ အသီးအသီးလုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်တတ်လာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ လူထုကို တိုက်ရိုက် ထိခိုက်စေတဲ့ ပိတ်ဆို့မှု အတော်များများကို ဖြေလျော့ပေးခဲ့ပါတယ်။

အမေရိကန်အစိုးရဖက်ကတော့ စီးပွားရေး အရ ပိတ်ဆို့မှု ၈၀ ရာခိုင်နှုန်းကို ပြေလျော့ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၂၀ ရာခိုင်နှုန်းကတော့ တစ်သီးပုဂ္ဂိုလ်ကိုသာ ပြစ်မှတ်ထားတဲ့ ပိတ်ဆို့မှု ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုအပါအဝင် စီးပွားရေး အရ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးစေမှာ မဟုတ်ပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလည်း တစ်စုံတစ်ရာ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသင့်ကြောင့် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“ခရိုနီ စီးပွားရေး လုပ်ငန်းရှင်အချို့အတွက်ပဲ ဖြစ်လိမ့်မယ်လို့ ကျနော်သုံးသပ်ပါတယ်။ ဆင်းရဲမွဲတေမှု့နွံနစ်နေတဲ့ မြန်မာပြည်သူလူထုအတွက် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာဟာ အကျိုးထူးထူးခြားခြားရှိလာမယ်လို့ ကျနော်မယုံကြည်ပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူ့လွှတ်တော်မှာ ဒီအဆိုကို ဆက်ပြီး မဆွေးနွေးဖို့အတွက် ဆုံးဖြတ်ခဲ့တာဟာ မြန်မာပြည်သူလူထုအများစုရဲ့ ဆန္ဒသဘောထားနဲ့ တထပ်တည်းကျတယ်လို့ ကျနော်သုံးသပ်ပါတယ်။”

မြန်မာနိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စိုးရိမ်စရာမလိုပဲ လမ်းမှန်ကို ဆက်လက် လျှောက်သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းသွားဖို့ ယုံကြည်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ နေပြည်တော်မှာ လုပ်ခဲ့တဲ့ ပူးတဲ့ွသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရတာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံအပေါ် ကျန်နေတဲ့ အရေးယူမှုတွေဟာ ပစ်မှတ်ထားအရေးယူမှုတွေသာဖြစ်ပြီး၊ ဒါဟာ လက်ရှိသွားနေတဲ့ မြန်မာ့ဒီမိုကရေစီရေးတိုးတက်မှုအတွက် တွန်းအားဖြစ်အောင် ရည်ရွယ်ထားရှိတာလို့ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG