သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အရေးယူမှု ရခိုင်ပြဿနာ ပိုခက်ခဲစေဟု အစိုးရပြောခွင့်ရ တုံ့ပြန်


မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အခြားစစ်တပ်ခေါင်းဆောင် ၃ ဦးနဲ့ မိသားစုဝင်တွေကို အမေရိကန်နိုင်ငံတွင်း လာရောက်ခွင့် ပိတ်ပင်တဲ့ အရေးယူဒဏ်ခတ်မှုဟာ မြန်မာနိုင်ငံရေးအပေါ်မှာ သက်ရောက်မရှိနိုင်ပေမယ့်လို့၊ နိုင်ငံတကာမှာ တပ်မတော်ရဲ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်ဆိုတဲ့ အမြင်တွေရှိပါတယ်။ ဒီ အရေးယူမှုဟာ ရခိုင်ပြဿနာကိုဖြေရှင်းဖို့ အထောက်အကူ မဖြစ်စေတဲ့အပြင် ပိုပြီးခက်ခဲစေတယ်လို့ သမ္မတရုံးပြောခွင့်ရသူကတော့ တုံ့ပြန်ထားပါတယ်။ အခြားတဖက်မှာတော့ တပ်မတော်အနေနဲ့ ရခိုင်ကိစ္စ လူ့အခွင့်အရေးကိစ္စတွေမှာ သတိထား ဆင်ခြင်သွားနိုင်တယ်လို့လည်း ယူဆကြပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့် စုံစမ်းမေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမွတ်ဆလင်တွေအပေး လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အခြားစစ်ခေါင်းဆောင် ၃ ဦးတို့ကို အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား အရေးယူ ခဲ့တာဖြစ်ပါတယ်။ သူတို့အပါအဝင် သူတို့ရဲ့မိသားစုဝင်တွေကိုပါ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ဒီအရေးယူမှုဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်ရာမှာ အထောက်အကူ မပြုတဲ့အပြင်၊ လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာတွေ စိန်ခေါ်မှုတွေကို ပိုပြီး ခက်ခဲစေမှာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက စာနဲ့ တုံ့ပြန်ထားပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ်မှာ မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီးဆောင်ရွက်နေသလို၊ တပ်မတော်ဖက်ကလည်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို အချိန်နဲ့ အခွင့်အလမ်း ပေးဖို့ လိုတယ်လို့ သမ္မတရုံးပြောခွင့်ရသူရဲ့ စာထဲမှာ တုံ့ပြန်ဖော်ပြထားပါတယ်။

ဒီလိုပိတ်ဆို့ ဒဏ်ခတ်တာဟာ ကမ္ဘာမှာ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သလို ရခိုင်အရေးကိစ္စ တွေမှာလည်း ပိုပြီး ဆင်ခြင်လာလိမ့်မယ်လို့ SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ဆိုပါတယ်။

" အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ ထပ်လုပ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာမှာတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အနေအထားမျိုး အများကြီး တွေ့ရမှာပေါ့နော်။ အစိုးရအနေနဲ့ တပ်မတော်ကို အမျိုးသားရင်ကြားစေ့ရေး ကိစ္စမှာ တွန်းတွန်းတိုက်တိုက် လုပ်နေတဲ့ အနေအထားဆိုတော့ ပြည်တွင်းရေးရာကိစ္စမှာတော့ ထူးပြီးတော့ ပြောင်းလဲနိုင်တဲ့ အနေအထား မရှိဘူး။ ထိခိုက်နိုင်စရာ အကြောင်းမရှိဘူးလို့တော့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။ တဖက်မှာလည်းပဲ ရခိုင်လိုအရေးကိစ္စမှာ တပ်မတော်အနေနဲ့ ဟိုအရင်ထက်ပိုပြီးတော့မှ ဆင်ဆင်ခြင်ခြင်နဲ့ ပိုမိုပြီးတော့မှ သတိထားလုပ်ဆောင်လာနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုတော့ ကျွန်တော်သုံးသပ်မိပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ဗိုလ်ချုပ်သန်းဦး ၊ ဗိုလ်ချုပ်အောင်အောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်းရှင်းလင်းတာတွေ လူ့အခွင့်အရေး ချိုးဖောက်တာတွေမှာ တာဝန်ရှိသူတွေဖြစ်တယ်ဆိုပြီး အရေးယူခဲ့တာပါ။

ဒီလိုအရေးယူလိုက်တဲ့အတွက် တိုင်းပြည်အပေါ်မှာ ထိခိုက်နိုင်တာတွေမရှိဘူးလို့ လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းက အခုလိုသုံးသပါတယ်။

“institution ကိုအရေးယူတာမဟုတ်ဘူးဗျာ။ တိုင်းပြည်ကိုအရေးယူတာမဟုတ်ဘဲနဲ့ ဒီလူတွေကို အရေးယူတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလူတွေနဲ့ပတ်သက်နေတဲ့ စီးပွားရေး ဒီလူတွေနဲ့ မိသားစုတွေပေါ့နော်။ ဒီလိုဟာမျိုးတွေ ပိုပြီးထိသွားနိုင်ခြေရှိတယ်ပေါ့နော်။ တိုင်းပြည်အတွက်ကိုကတော့ ဒီထက်ပိုပြီး အများကြီး ပိုပြီးထိထိခိုက်ခိုက် ဖြစ်ဖို့မရှိဘူးလို့တော့ ကျွန်တော့်အနေနဲ့မြင်တယ်။"

မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာခင်မောင်ညို လည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

"တပ်မတော်ခေါင်းဆောင်တွေအရေးယူတာ သူ့ဥပဒေအရ အရေးယူတာ ယူသင့်ပါတယ်။ ယူတာက ဥပဒေရှိတယ်။ ကမ္ဘာမှာလည်းရှိတယ်။ သူတို့လုပ်ဆောင်တာ လုပ်ဆောင်သင့်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်တဲ့ အခါမှာ ဒါကို ပြတ်ပြတ်သားသားပေါ့ တိုင်းပြည်ကို အရေးယူတာမဟုတ်ဘဲနဲ့ လုပ်ဆောင်တဲ့ လူကို အရေးယူတာ တိုင်းပြည်ကတော့ မှန်မှန်ကန်ကန် လမ်းပေါ်မှာ လျှောက်နေတဲ့ အကြောင်းတော့ ကမ္ဘာက သိအောင် သူတို့ရှင်းပြထားရမှာပေါ့။ ခေါင်းဆောင်ကို အရေးယူလိုက်လို့ တိုင်းပြည်က အလွန်အသုံးမကျတဲ့ တိုင်းပြည်ဖြစ်သွားမှာ လူတွေထင်မှာ ကျွန်တော်စိုးရိမ်တာပါ။ အဲ့ဒါကိုပြောတာ။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းကလည်း ရခိုင်မြောက်ပိုင်းစစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်တာတွေရှိတယ်ဆိုပြီး တပ်မတော်အဆင့်မြင့်အရာရှိအချို့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့မှူး တစ်ဦးကို အရေးယူဒဏ်ခတ်တာတွေ လုပ်ခဲ့ဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို မြန်မာအစိုးရရော မြန်မာတပ်မတော်ကပါ လက်မခံပေမယ့်၊ ဖြစ်သွားခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းအရေးယူမယ်လို့တော့ ဂတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG