အမေရိကန်ပြည်ထောင်စုမှာ ၁၁၉ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ ဒီနေ့ သောကြာနေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။
အခုလွှတ်တော်သစ်မှာ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ Republican အမတ်တွေက လူများစုဖြစ်ပြီး Democratic အမတ်တွေက လူနည်းစုဖြစ်သွားပါတယ်။ အထက်လွှတ်တော်မှာ Republican ပါတီခေါင်းဆောင်အဖြစ် ၁၈ နှစ်ကြာ တာဝန်ယူခဲ့သူ ဝါရင့် လွှတ်တော်အမတ် Mitch McConnell တာဝန်ကနေ အနားယူမှာဖြစ်ပါတယ်။ သူ့နေရာမှာ အစားထိုးဖို့ John Thune ကို အထက်လွှတ်တော်လူများစုခေါင်းဆောင်အဖြစ် Republican ပါတီက ရွေးချယ်ထားပါတယ်။
အထက်လွှတ်တော်မှာ Republican အမတ်က ၅၃ ယောက် ဒီမိုကရက်အမတ်က ၄၇ ယောက်ဖြစ်ပါတယ်။
အောက်လွှတ်တော်မှာတော့ လွှတ်တော်ဥက္ကဋ္ဌကို ပြန်လည် ရွေးချယ်မှာမို့ လက်ရှိဥက္ကဋ္ဌ Mike Johnson ပြန်အရွေးခံရမလားဆိုတာ မရေမရာဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အသုံးစရိတ် ဥပဒေကြမ်းကို လွှတ်တော်မှာအတည်ပြုနိုင်အောင် ဒီမိုကရက်အမတ်တွေနဲ့ ညှိနှိုင်းသဘောတူခဲ့ တာကြောင့် တချို့ Republican အမတ်တွေက သူ့ကို ဆန့်ကျင်နေကြပါတယ်။ အောက်လွှတ်တော်မှာ Republican အမတ် ၂၁၉ နေရာ ဒီမိုကရက်အမတ် ၂၁၅ နေရာရထားပြီး ထောက်ခံမဲ ၂၁၈ မဲ မရရင် Johnson ရာထူးကနေ ပြုတ်သွားနိုင်ပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ကတော့ လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကို ဆက်လက် ထောက်ခံတယ်လို့ လူမှုကွန်ရက်ပေါ်မှာ တနင်္လာနေ့က ရေးတင်ခဲ့ပါတယ်။
ဒီမိုကရက်တွေဘက်ကတော့ အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် Hakeem Jeffries ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေနည်းပါတယ်။
Forum