သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စွမ်းရည်မြင့် တပိုင်းလျှပ်ကူးပစ္စည်းများ တရုတ်ကို ရောင်းမည်မဟုတ်” ကန်ကုန်သွယ်ရေးဝန်ကြီး 


အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Gina Raimondo ရှန်းဟိုင်းမြို့မှာ သတင်းစာရှင်းလင်းပွဲ။ (သြဂုတ်လ ၃၀၊ ၂၀၂၃)
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Gina Raimondo ရှန်းဟိုင်းမြို့မှာ သတင်းစာရှင်းလင်းပွဲ။ (သြဂုတ်လ ၃၀၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံကို Semi-conductor တပိုင်းလျှပ်ကူးပစ္စည်းတွေ ဆက်ပြီးရောင်းချသွားဖို့ရှိပေမယ့် တရုတ်က သူ့စစ်တပ်အတွက်လိုနေတဲ့ စွမ်းရည်မြင့်တဲ့ပစ္စည်းတွေတော့ မပါဝင်ဘူးလို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Gina Raimondo က ပြောလိုက်ပါတယ်။

စွမ်းရည်အမြင့်ဆုံးဖြစ်တဲ့ ဉာဏ်ရည်တု chips ပြားလေးတွေကိုတော့ အမေရိကန်က ဘယ်တော့မှ တရုတ်ကိုရောင်းပေးမှာမဟုတ်ဘူးလို့ ကုန်သွယ်ရေးဝန်ကြီးက CNN သတင်းဌာနနဲ့ တနင်္ဂနွေနေ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောလိုက်တာပါ။ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Raimondo ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ ဘေကျင်းမြို့တော်မှာ မကြာသေးခင်ကပဲ တွေ့ဆုံပြီး အမေရိကန်-တရုတ် စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စအတော်များများကို ဆွေးနွေးခဲ့ပါတယ်။ အဒီနောက် တရုတ်ခရီးစဉ်နဲ့ပတ်သက်လို့ သတင်းဌာနအင်တာဗျူးတွေ အတော်များများလုပ်ခဲ့တာပါ။

ဩဂုတ်လနှောင်းပိုင်း တရုတ်ကိုသွားမယ့်ခရီးစဉ်မတိုင်ခင်လေးမှာပဲ သူ့ email တွေကို တရုတ်က ကြားဖြတ်ဖောက်ယူခဲ့တယ်ဆိုတာသူသိတဲ့အကြောင်း တရုတ်တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့လည်း ကုန်သွယ်ရေးဝန်ကြီး Raimondo က NBC မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ CNN မေးမြန်းခန်းမှာတော့ တရုတ်ဘက်က ဒါကို သူတို့မသိသလို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တာမျိုးလည်းမရှိဘူးလို့ တုံ့ပြန်တဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီလို လုပ်နေမယ်ဆိုရင် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ ခက်မယ်ဆိုတာကိုတော့ တရုတ်တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံထဲ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရ ပိုခက်ခဲအောင် တရုတ်ဘက်ကလုပ်နေတယ်လို့ တရုတ်တာဝန်ရှိသူတွေကို သူ ပြောခဲ့တဲ့အကြောင်း CBS သတင်းဌာနအင်တာဗျူးမှာ ပြောပါတယ်။ အမေရိကန်ကုမ္ပဏီတွေအတွက် ထင်သာမြင်သာရှိတဲ့ပတ်ဝန်းကျင်နဲ့ ယှဉ်ပြိုင်မှုမျှတတဲ့ ဈေးကွက်တွေ ရှိဖို့ လိုတယ်ဆိုတာကိုလည်း ပြောခဲ့တာကြောင့် နှစ်ဘက် တည်ငြိမ်တဲ့ ကုန်သွယ်ဆက်ဆံမှုတွေ ရှိဖို့ တရုတ်ဘက်က လိုက်လျောလာမယ်လို့ သူ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

အမေရိကန်နဲ့တရုတ်ကြား နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ၇၀၀ ဘီလီလျှံကျော်ရှိနေပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံကြားတင်းမာမှုတွေတိုးလာတာမို့ အမေရိကန်လုပ်ငန်းတွေ တရုတ်မှာလုပ်ကိုင်ဖို့ အကဲစမ်းချက်တွေ ပိုရှိလာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG