သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"တရုတ်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှု တိုးတက်မှုရှိ" - ကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး


အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina M. Raimondo နဲ့ တရုတ်ကွန်မြူနစ်ပါတီ ရှန်ဟိုင်းအတွင်းရေးမှူး Chen Jining တို့ ရှန်ဟိုင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဩဂုတ် ၃၀၊ ၂၀၂၃)
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina M. Raimondo နဲ့ တရုတ်ကွန်မြူနစ်ပါတီ ရှန်ဟိုင်းအတွင်းရေးမှူး Chen Jining တို့ ရှန်ဟိုင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဩဂုတ် ၃၀၊ ၂၀၂၃)

ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ရေး ဝန်ကြီးတွေကြား ကုန်သွယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့ပြီး တိုးတက်တဲ့ ရလဒ်တွေ ရှိခဲ့တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina M. Raimondo က ပြောပါတယ်။ တရုတ်နိုင်ငံကို ၄ ရက်ကြာ သွားရောက်တဲ့ ခရီးစဥ်နဲ့ပတ်သက်လို့ ဒီကနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်မှာ ပြောသွားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မခင်ဖြူထွေးက အပြည့်အစုံတင်ပြပေးပါမယ်။

အချိန်အတော်ကြာ ဆက်ဆံရေး တင်းမာနေတဲ့ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံကြား ကုန်သွယ် စီးပွား ဆက်ဆံရေး ပုံမှန် ပြန်လည် စတင်နိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina M. Raimondo ဟာ ဒီလ ၂၇ ရက်နေ့ကနေ ဒီကနေ့ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံကို သွားရောက်နေတာပါ။

ဒီခရီးစဥ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စတွေ၊ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်လို့ ရနိုင်မယ့်နည်းလမ်းတွေကို ပွင့်ပွင်းလင်းလင်း ဆွေးနွေးနိုင်ခဲ့တဲ့အကြောင်း ကုန်သွယ်ရေးဝန်ကြီး Gina M. Raimondo က ဒီကနေ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အာရှ ပစိဖိတ် ဒေသဆိုင်ရာ မီဒီယာအဖွဲ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“ကျမတို့ နှစ်ဘက် ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကျမတို့ရဲ့ မူဝါဒတွေ၊ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ကျမတို့ရဲ့ ချဥ်းကပ်ပုံတွေကို ရှင်းပြခဲ့ပါတယ်။ အလားတူ တရုတ်ဝန်ကြီး ဘက်ကလည်း ပွင့်လင်းတဲ့ ဆွေးနွေးပွဲတခုဖြစ်ခဲ့တယ်လို့ ပြောတာ ပြန်သိရပါတယ်။ ကျမ အနေနဲ့ တင်းတင်းမာမာ ဖိအားပေးပြောတာမျိုး မလုပ်ခဲ့ပါဘူး။ ကျမတို့ဘက်က ကာကွယ်ဖို့လိုအပ်တဲ့အရာတွေကို ကာကွယ်မယ်။ တိုးမြှင့် ဆောင်ရွက်သင့်တာရှိရင် ဆောင်ရွက်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ်။ ဆိုလိုတာက အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လာရင် ပြတ်ပြတ်သားသား ဆောင်ရွက်မှာဖြစ်တယ်။ တချိန်တည်းမှာလည်း အတူ လက်တွဲ ဆောင်ရွက်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။”

နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်စေမယ့် ကုန်သွယ်ရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ပူးပေါင်း လုပ်ဆောင်လို့ရတဲ့ အရာတွေ အများအပြား ရှိနေတယ်လို့လည်း ဝန်ကြီး Raimondo က ပြောသွားပါတယ်။ ဒီလို လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ပြီး နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ကုန်သွယ်ရေး နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပုံမှန် ပြန်လည်ထားရှိနိုင်ရေး အောင်အောင်မြင်မြင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဝန်ကြီး Raimondo က ပြောပါတယ်။

“အကြီးမားဆုံး အောင်မြင်မှုကတော့ ပုံမှန် ဆက်သွယ်ရေးလမ်းကြောင်း ပြန် စနိုင်တာပါ။ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးတဦးအနေနဲ့ တရုတ်နိုင်ငံကို လာရောက်ပြီး ခုလို ဆွေးနွေးမှုတွေ လုပ်နိုင်တာဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွား ဆက်ဆံမှုတွေမှာ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ခုလို တဘက်နဲ့တဘက် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခွင့်ရတာကိုက အောင်မြင်မှုဖြစ်ပါတယ်။ ဒါက ကြီးမားတဲ့ အောင်မြင် တိုးတက်မှု ဖြစ်ပါတယ်။”

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Gina M. Raimondo (ယာ)နဲ့ တနင်္လာနေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang Wentao (ဝဲ) တို့ တရုတ်ပြည် ဘေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေကြစဉ် (သြဂုတ် ၂၈၊ ၂၀၂၃)
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Gina M. Raimondo (ယာ)နဲ့ တနင်္လာနေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang Wentao (ဝဲ) တို့ တရုတ်ပြည် ဘေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေကြစဉ် (သြဂုတ် ၂၈၊ ၂၀၂၃)

၄ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဥ်အတွင်း တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် အမေရိကန် စီးပွားရေး ခေါင်းဆောင်တွေ၊ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပညာရေးဌာနတွေက ခေါင်းဆောင်တွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ တွေ့ဆုံခဲ့ပါတယ်။ ရှန်ဟိုင်းမြို့မှာရှိတဲ့ Disneyland နဲ့ Boeing ကုမ္ပဏီလို တရုတ်နိုင်ငံတွင်း အရေးပါတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းနေရာတွေကိုလည်း ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ပါတယ်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Gina M. Raimondo ဟာ တနင်္လာနေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang Wentao နဲ့ ၄ နာရီကြာ တွေ့ဆုံခဲ့သလို၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အသစ် ဖွဲ့စည်းကြဖို့ သဘောတူခဲ့တဲ့အကြောင်း တွေ့ဆုံမှုအပြီး တနင်္လာနေ့က ပြောဆိုခဲ့ပါသေးတယ်။ နှစ်နိုင်ငံ ဆက်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်ပြီး မှန်ကန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွား ဆက်ဆံမှုတွေ ပုံမှန် ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီး Raimondo က ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG