သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပထက် ပြည်တွင်းပြဿနာတွေ ပိုအာရုံစိုက်ဖို့ ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပြော


U.S. House Speaker Mike Johnson (R-LA) holds a press conference at Capitol Hill in Washington, U.S.
U.S. House Speaker Mike Johnson (R-LA) holds a press conference at Capitol Hill in Washington, U.S.

လွှတ်တော်အမတ်တွေအနေနဲ့ ပြည်ပအကူအညီတွေပေးနေမယ့်အစား ပြည်တွင်းပြဿနာတွေအပေါ် ပိုပြီး အာရုံစိုက်ဖို့ အမေရိကန်ပြည်သူတွေက လိုလားနေကြကြောင်း အမေရိကန်ကွန်ဂရက် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

ဒါဟာ ဒေါ်လာ ၉၅ ဘီလီယံတန်ဖိုးရှိတဲ့ ပါတီနှစ်ရပ်လုံးက သဘောတူရမယ့် ဆီးနိတ် အထက်လွှတ်တော် နိုင်ငံခြားအကူအညီပေးရေးဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်ရေးမလုပ်ဖို့တောင်းဆိုတဲ့ သူ့ရဲ့ရပ်တည်ချက်ကို ထပ်မံ ပြောလိုက်တာ ဖြစ်ပါတယ်။ “ကမ္ဘာတဝန်းက ပြဿနာတွေကိုမဖြေရှင်းခင် ကိုယ့်ဘာသာ ကိုယ့်အရေးကိစ္စရပ်တွေကို အရင်ဆုံး ဂရုစိုက်ဖို့ ဆက်လက်တောင်းဆိုသွားမှာပါ” လို့ ဂျွန်ဆင်က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ဒါက မဲဆွယ်စည်းရုံးရေးဖို့သက်သက် ပြောတဲ့စကားမဟုတ်ပါဘူး။ ဒါအမှန်တရားပါပဲ။ အဲဒါက အမေရိကန်ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ပဲ့တင်ထပ်နေတယ်” လို့လည်း ဂျွန်ဆင်က ပြောပါတယ်။ သူ့အနေနဲ့ ပြည်သူတွေဘက်မှာ ရှိကြောင်း ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတခုဖြစ်သလို တိုင်းပြည်လုံခြုံရေးနဲ့ တည်ငြိမ်မှုအတွက်လို့ ဆိုပါတယ်။

ဒါပေမယ့် သဘောထားပျော့ပျောင်းတဲ့ ရီပတ်ဘလီကန်အမတ်တွေအပါအဝင် အမေရိကန်အောက်လွှတ်တော်အမတ်အများကတော့ ဒီ အထက်လွှတ်တော်ကတင်သွင်းတဲ့ဥပဒေကို အချေအတင် ဆွေးနွေးပြီး မဲပေးဖို့ ဆန္ဒရှိနေကြတယ်လို့ ဒီမိုကရက်တစ်အမတ်တွေဘက်က ပြောပါတယ်။ "မဲခွဲဆုံးဖြတ်ဖို့ကိုပဲ တောင်းဆိုနေတာ" လို့ အောက်လွှတ်တော် ဒီမိုကရက်တစ်ဥက္ကဋ္ဌ Pete Aguilar က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

“အမတ် ၃၀၀ ကျော်က ဒီ ဥပဒေ ကြမ်းအတွက် မဲပေးကြမှာပါ။ တကယ့် တကယ်မှာ မေးခွန်းထုတ်ရမှာက အောက်လွှတ်တော်က ဒီမိုကရက်တွေကို မဟုတ်ပါဘူး။ မေးခွန်းက အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကို မေးရမှာပါ” လို့အောက်လွှတ်တော် ဒီမိုကရက်တစ် ဥက္ကဋ္ဌ Pete Aguilar က ပြောပါတယ်။

“နိုင်ငံခြားအကူအညီပေးရေးဥပဒေကြမ်းက အမျိုးသားလုံခြုံရေးကို ဦးစားပေးပြီး ရုရှားနိုင်ငံရဲ့ရန်လိုမှုကိုတွန်းလှန်ကာ နိုင်ငံ့ကာကွယ်ရေးအတွက် အရေးပါတယ်” ဆိုပြီး ဒီမိုကရက်တွေဘက်က လိုလားနေပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အကူအညီပေးရေးအစီအစဉ်ကို အမြန်သဘောတူပြီး ဒီအကျပ်အတည်းကို ကျော်ဖြတ်ဖို့ အင်္ဂါနေ့က အမေရိကန်လွှတ်တော်အမတ်တွေကို တောင်းဆိုထားပါတယ်။ "အောက်လွှတ်တော်မှာ သဘောထားတင်းမာတဲ့ လူနည်းစုရဲ့အသံတွေကိုတားမြစ်ပြီး လွှတ်တော်တခုလုံးက သူ့ရဲ့စိတ်ဆန္ဒကို ထုတ်ပြောခွင့်ပေးဖို့နဲ့ ဒီဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခွင့်ပြုဖို့ လွှတ်တော်ဥက္ကဋ္ဌကို တောင်းဆို" ကြောင်း ဘိုင်ဒန်က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့အစောပိုင်းတုန်းကတော့ အမေရိကန် အထက်လွှတ်တော်က ထောက်ခံမဲ ၇၀-၂၉ မဲနဲ့ ပြည်ပအကူအညီပေးရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး အဲဒီမှာ ရီပတ်ဘလစ်ကန် အမတ်တဒါဇင်ကျော်ကလည်း အထက်လွှတ်တော်က လူများစုဒီမိုကရက်တွေနဲ့အတူ ထောက်ခံခဲ့ကြပါတယ်။

ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီး (Volodymyr Zelenskyy) ကတော့ အထက်လွှတ်တော်မှာအတည်ပြုပြီး ချက်ချင်းမှာပဲ ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။ အမေရိကန်ရဲ့အကူအညီက ရုရှားရဲ့အကြမ်းဖက်မှုတွေ အတွင်း လူ့အသက်တွေကိုကယ်တင်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။ အရင် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကိုထောက်ခံကြတဲ့ လက်ယာယိမ်း ရီပတ်ဘလီကန်အမတ်တချို့ကတော့ ယူကရိန်းကို အကူအညီတွေထပ်ပို့ဖို့ကို ဆန့်ကျင်နေကြသလို လက်ရှိ အမေရိကန်နယ်စပ် လူဝင်မှုကြီးကြပ်ရေး အစီအမံတွေကလည်း တင်းတင်းကျပ်ကျပ်မရှိဘူး ဆိုပြီး လွှတ်တော်မှာ ကန့်ကွက်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG