သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရှုံးခဲ့ရင် လက်ခံမခံ ဖြေဖို့ Trump ငြင်း


ရီပတ်ပလီကန် ပါတီရဲ့ သမ္မတလောင်း Trump
ရီပတ်ပလီကန် ပါတီရဲ့ သမ္မတလောင်း Trump

ရီပတ်ပလီကန် ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲ စနစ်က သူ့အပေါ်မှာ မှန်မှန်ကန်ကန် မရှိဘူးဆိုတဲ့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖွဲ့က ပြောဆိုတာကို မနေ့ ဗုဒ္ဓဟူးနေ့ညက လုပ်တဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ထပ်မံ ပြောဆိုပြီး နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါမယ်လို့ ပြောဆိုဖို့ကို ငြင်းပယ်ခဲ့ပါတယ်။

အဲဒီအချိန်ရောက်ရင် ကြည့်မယ်လေလို့ မစ္စတာ ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာတွေကလည်း မဲဆန္ဒရှင်တွေရဲ့ စိတ်ထဲကို သူ့ကို မထောက်ခံဖို့ ရိုက်သွင်းနေတယ်၊ နောက် ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်ဟာဆိုရင်လည်း ယှဉ်ပြိုင်ရွေးကောက်ခံခွင့်တောင် မရသင့်သူလို့ ယုံကြည်တဲ့ အကြောင်း မစ္စတာ ထရမ့်က ပြောဆိုခဲ့တာပါ။ မစ္စတာ ထရမ့်ရဲ့ အပြောအဆိုတွေဟာ အမေရိကန် အဓိက ပါတီကြီး တခုရဲ့ သမ္မလောင်း တဦး အနေနဲ့ ယုံနိုင်လောက်စရာ မရှိတဲ့ အပြောအဆိုမျိုး ဖြစ်ပြီး ဘယ်သူ့ကို မဲထည့်ရမလဲ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို စိတ်ပြောင်းသွားစေနိုင်တယ်လို့ အာရီဇိုးနား တက္ကသိုလ် နိုင်ငံရေးနဲ့ ကမ္ဘာ့အရေး လေ့လာရေးဆိုင်ရာ ဌာနရဲ့ တွဲဘက် ပါမောက္ခ Richard Herrera က ပြောပါတယ်။

အမေရိကန် နိုင်ငံရေး စနစ်ရဲ့ တရားဝင်မှု အပေါ်မှာ မေးခွန်းထုတ်ခဲ့တဲ့ အပေါ်မှာတော့ အမေရိကန် ပြည်သူတွေ လက်ခံကြမယ် မထင်ဘူးလို့လည်း ပါမောက္ခ Herrera က ထပ်လောင်း ပြောပါတယ်။ သမ္မတလောင်းတွေရဲ့ နောက်ဆုံး စကားစစ်ထိုးပွဲမှာ အငြင်းအခုံ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေထဲက တခုကတော့ ရုရှားရဲ့ ထောက်လှမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ဒီဆောင်ရွက်ချက်တွေက မစ္စတာ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို အထောက်အကူပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် မစ္စတာ ထရမ့်နဲ့ မစ္စစ် ကလင်တန်တို့ အပြန်အလှန် ဝေဖန် ထိုးနှက်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန် ဝက်ဘ်ဆိုက်တွေ၊ လူပုဂ္ဂိုလ် အစည်းတွေရဲ့ အီးမေလ်းတွေကို ရုရှားတို့က ချိုးဖောက် ရယူပြီး အင်တာနက်ပေါ်ကို တင်ဖို့ အတွက် ဝီကီလိခ်ကို အချက်အလက်တွေ ပေးနေတယ်လို့ မစ္စစ်ကလင်တန်က ပြောဆိုပြီး ဒါတွေကို ရုရှား အစိုးရရဲ့ အမြင့်ဆုံး အဆင့်က လုပ်နေတယ်၊ ရုရှား သမ္မတ ပူတင် လုပ်နေတာ ဖြစ်ပြီး အမေရိကန် ရွေးကောက်ပွဲ အပေါ် သက်ရောက်မှု ရှိစေဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ထောက်လှမ်းရေး အေဂျင်စီ ၁၇ ခုက အတည်ပြုထားတယ်လို့ မစ္စစ် ကလင်တန်က ပြောဆိုပါတယ်။

မစ္စတာ ထရမ့်ကတော့ သူ ပူတင်ကို မသိကြောင်း ဒါပေမယ့် အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးပိုကောင်းရင်း ကောင်းမယ်ဆိုတဲ့ သူ့ရဲ့ အယူအဆကို ထပ်ပြီး ပြောခဲ့ပါတယ်။ ဒါ့အပြင် ရုရှား သမ္မတ ပူတင်ဟာ မစ္စစ် ကလင်တန်ကိုရော အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကိုရော မလေးစားဘူး ဆိုပြီးလည်း မစ္စတာ ထရမ့်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG