သုံးရလွယ်ကူစေသည့် Link များ

ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton တို့ ၂ ဦးဟာ အဖုအထစ်တွေနဲ့ ပြည့်နေတဲ့ သူတို့ရဲ့ သမ္မတဖြစ်ရေး ကြိုးပမ်းမှုတွေထဲ တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။

ဒါဟာ သန်းပေါင်းများစွာသော အမေရိကန် မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးအကြားက အကြောင်းအရာပေါင်းစုံအတွက် မူဝါဆိုင်ရာ ကိစ္စတွေကို နောက်ဆုံး ကြားသိခွင့်ရှိမှာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် အမျိုးသမီးသမ္မတဖြစ်လာရေး ကြိုးပမ်းနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Clinton ဟာ နိုင်ငံရေးလောကထဲကို ပထမဆုံးအကြိမ် ၀င်ရောက်လာတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး Trump ထက် လူထုစစ်တမ်းတွေမှာ အသာစီး ရနေတဲ့ အနေအထားနဲ့ Nevada ပြည်နယ်၊ Las Vegas မြို့မှာ ကျင်းပမယ့် စကားစစ်ထိုးပွဲ စင်မြင့်ပေါ်ကို ရောက်လာမှာ ဖြစ်ပါတယ်။

ဒါဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင် သီတင်းပတ် ၃ ပတ်တောင် မလိုတော့တဲ့အချိန်မှာ Trump အနေနဲ့ လူထုစစ်တမ်းတွေမှာ ၇% အသာစီးရနေတဲ့ Clinton ရဲ့ ဦးဆောင်မှု လျော့ကျသွားအောင် လုပ်ဆောင်ဖို့ နောက်ဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။

၂ ဦးစလုံးကတော့ - ဇန်န၀ါရီလမှာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ Barack Obama ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ၄၅ ယောက်မြောက် အမေရိကန်သမ္မတဖြစ်လာရေးအတွက် အရည်အချင်း ပြည့်မှီသူ မဟုတ်ဘူးလို့ အပြန်အလှန် ပြောဆိုထားကြတာ ဖြစ်ပါတယ်။

အခု ကျနော်တို့ အသံလွှင့်ပြီး မကြာခင် မိနစ်ပိုင်းအလိုမှာ စတင်မယ့် ဒီ နောက်ဆုံး စကားစစ်ထိုးပွဲကိုတော့ Fox ရုပ်သံ သတင်းဌာနက Chris Wallace က မေးခွန်းတွေကို မေးတဲ့သူအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပြီး - လူဝင်မှုကြီးကြပ်ရေး၊ အမေရိကန်နိုင်ငံသားတွေရဲ လူမှုရေး ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်တွေ၊ တိုင်းပြည်က တင်နေတဲ့ ရေရှည် အကြွေးတွေကိစ္စ၊ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး ခန့်အပ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒ စတဲ့ အကြောင်းအရာ ၆ ခုကို အခြေခံပြီး မေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း တဦးချင်းစီအနေနဲ့ မေးခွန်း တခုစီကို ၂ မိနစ်စီ ဖြေကြားခွင့်ရှိမှာဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းကလည်း တန်ပြန် ခြေပခွင့် ရှိမှာ ဖြစ်ပါတယ်။ စကားစစ်ထိုးပွဲဟာ စုစုပေါင်း မိနစ် ၉၀ ကြာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG