သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို သိက္ခာကျစေမှု Trump ကို Obama ဝေဖန်


အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲဟာ သူ့အတွက် တရားမျှတမှုမရှိဘူးလို့ ပြောဆိုခဲ့တဲ့ ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း Donald Trump ကို သမ္မတ ဘရက်ခ် အိုဘားမား က အင်္ဂါနေ့မှာ ဝေဖန်လိုက်ပြီး၊ Trump အနေနဲ့ အခုလို ပြစ်တင် ပြောဆိုနေတာတွေ ရပ်ပြီး ရွေးကောက်ပွဲမှာ ထောက်ခံမှုရအောင်သာ စည်းရုံးဖို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲတောင် မကျင်းပရသေးဘဲ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အသရေဖျက်ဖို့ ကြိုးစားတဲ့ သမ္မတလောင်းမျိုး - သူ့ဘ၀ သက်တမ်း တလျှောက်မှာရော၊ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာပါ တခါမှ မတွေ့ဖူးခဲ့ဘူးလို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - သမ္မတ အိုဘားမား က ပြောကြားခဲ့တာပါ။ အချက်အလက် အထောက်အထား မရှိတဲ့ ဒီလိုပြောဆိုမှုမျိုး အရင်က မကြုံခဲ့ဖူးဘူးလို့လည်း ပြောဆိုခဲ့ ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ သဘောထားကောက်ယူထားတဲ့ စစ်တမ်းတွေမှာ ပြိုင်ဘက်ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ထက် ထောက်ခံမှုကျဆင်းလာချိန်မှာပဲ - ရွေးကောက်ပွဲ တရားမျှတမှုအပေါ် မကြာသေးခင် ရက်တွေကစလို့ မစ္စတာ Trump က မေးခွန်းထုတ်လာခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တချို့ပြည်နယ်တွေမှာ ကြိုတင်မဲပေးနေချိန်မှာပဲ၊ အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်ဘဲ မဲမသမာမှုတွေ ဖြစ်နေတယ်လို့ - ပထမဆုံးအကြိမ် အစိုးရတာဝန်အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ကုဋေကြွယ်သူဌေးကြီး Trump က ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲနေ့မှာ နောက်ထပ် ပြဿနာတွေ ပေါ်ပေါက်နိုင်ပြီး၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးတဲ့ လုပ်ငန်းတွေမှာ မသမာမှုတွေ ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံတဝှမ်း ထုတ်လွှင့်နေတဲ့ သတင်းမီဒီယာတွေဟာလည်း အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာဖို့ကြိုးပမ်းနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ ပူးပေါင်းပြီး မသမာမှုတွေ လုပ်နေတယ်လို့လည်း စွပ်စွဲခဲ့တာပါ။ သမ္မတသက်တမ်း ၂ ဆက် ၈ နှစ်ကြာ တာဝန်ယူခဲ့တဲ့ သမ္မတ ဘရက်ခ် အိုဘားမား ကတော့ အစဉ်အလာအတိုင်း - ရွေးကောက်ပွဲကျင်းပပြီးနောက် သီတင်း ၁၀ ပတ်အကြာ မှာ အနိုင်ရတဲ့ သမ္မတကို တရားဝင် လွှဲပြောင်းပေးအပ်ရမှာလည်း ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG