သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Clinton စကားစစ်ထိုးပွဲ Las Vegas က မြန်မာတွေစောင့်ကြည့်


အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင်သမ္မတလောင်းတွေကြား စကားစစ်ထိုးကြတဲ့ တတိယမြောက်နဲ့ နောက်ဆုံးဖြစ်တဲ့ စကားစစ်ထိုးပွဲကို Nevada ပြည်နယ် Las Vegas မြို့မှာ ဗုဒ္ဓဟူးနေ့ညကျရင်ပြုလုပ်မှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ လောင်းကစားမြို့တော်ဖြစ်တဲ့ Las Vegas မြို့က မြန်မာလူမျိုးတွေကလည်း ဒီစကားစစ်ထိုးပွဲကို စိတ်ဝင်စားနေကြပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးကြမယ့်သူတွေအနေနဲ့ သမ္မတလောင်း ၂ ယောက်ပြောကြမယ့်ထဲက ဘယ်လိုကိစ္စမျိူးအပေါ် အလေးထားနေကြသလဲဆိုတာကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

Casino လောင်းကစားဟိုတယ်ကြီးတွေ လက်ညိုးထိုးမလွဲမြင်ရတဲ့ Las Vegas မြို့မှာ ဒီမိုကရက်သမ္မတလောင်း Hillary Clinton နဲ့ Republican သမ္မတလောင်း Donald Trump တို့ကြား နောက်ဆုံးစကားစစ်ထိုးပွဲကို ဗုဒ္ဓဟူးနေ့ ဝါရှင်တန်စံတော်ချိန် ည ၉ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ Las Vegas မြို့မှာ မြန်မာလူမျိုး ၃၀၀ နီးပါးနေထိုင်နေကြတာမို့ သမ္မတလောင်း စကားစစ်ထိုးပွဲကို မြန်မာတွေလည်း စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ Sonny Sushi ကုမ္ပဏီပိုင်ရှင် ဦးဆန်းထွန်းနီကလည်း နောက်ဆုံးသမ္မတလောင်းစကားစစ်ထိုးပွဲကို ကြည့်ဖို့ စိတ်အားသန်နေပါတယ်။

“စိတ်အားသန်တာကတော့ ကျနော့်အနေနဲ့ ၉၀%ကျော် စိတ်အားသန်ပါတယ်။ ဒီမှာရှိတဲ့ ဗမာအားလုံးက လူ ၂၅၀ နဲ့ ၃၀၀ ကြားပဲ ရှိပါတယ်။ ဗမာအားလုံးလေ။ ကျနော်ထင်တယ် လူ ၁၀၀ ပတ်ဝန်းကျင်လောက်ကတော့ တချို့လည်း ခွင့်တွေဘာတွေယူပြီးတော့ကို ကြည့်ကြမယ်လို့ မျှော်လင့်ထားပါတယ်။”

မေး - သမ္မတလောင်းနှစ်ယောက် ဘယ်လိုကိစ္စမျိုးတွေကို အဓိထားပြီး နောက်ဆုံး Debate မှာ မဲဆန္ဒရှင်တွေ ဆုံးဖြတ်ချက်ချနိုင်အောင်လို့ ပြောသင့်တယ်၊ မဲဆွယ်သင့်တယ်လို့ ထင်ပါလဲ။

ဖြေ - “အရင် မဲဆွယ်ပွဲတွေတုန်းက လုပ်ခဲ့တဲ့အချက်တွေကိုပဲ အဲဒါကိုပဲ repeat လုပ်ပြီးတော့ အခုဟာကတော့ နောက်ပိုင်း ဒုတိယ debate မှာဆိုရင် တယောက်နဲ့တယောက်က personal attack လေးတွေ တော်တော်လေး ပါလာတယ်ပေါ့လေ။ Donald Trump က ပြောတာပေါ့။ Hillary ကတော့ ကျနော့်အမြင် ပြောရရင်တော့ လွန်ခဲ့တဲ့ ၅ နှစ်က အိုဘားမားနဲ့ စကားစစ်ထိုးပွဲတုန်းကလို သူက ကြိုပြီး မြင်တာတွေရှိတော့ သူက ကတိကို အရမ်းမပေးဘူး။ သူက hesitant ဖြစ်တယ်။ လုပ်တဲ့ကိုင်တဲ့နေရာမှာလည်း သူက hesitant တော့ ရှိမှာပါပဲ။”

မေး - ဦးဆန်းထွန်းနီက Las Vegas မှာ ဆူရှီလုပ်ငန်းကိုလည်း လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တယောက် ဖြစ်တဲ့အခါကျတော့ သူတို့နှစ်ယောက်ပြောမယ့် စကားတွေထဲမှာ ကိုယ့်စီးပွားရေး ပိုပြီးတော့ တိုးတက်လာစေအောင် နောက်တခါ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးအတွက်ကို ပိုပြီးတော့ အကျိုးရှိစေမယ့် ဘယ်လိုအကြောင်းအရာမျိုး သူတို့တွေ ပြောတာကို ကြားချင်ပါလဲရှင့်။

ဖြေ - “ကျနော်တို့က တကယ်တမ်းပြောရင် လုပ်ငန်းအကြီးကြီးလို့ ပြောလို့မရပါဘူး။ လုပ်ငန်းငယ်လေးပါ။ လုပ်ငန်းငယ်လေးတွေကို ဦးစားပေးမယ်ဆိုတဲ့ ပြောတဲ့စကားမျိုးကို ကျနော်တို့က ကြားချင်ပါတယ်။ ဒါကို စီးပွားရေးသမားတယောက်အနေနဲ့ပေါ့။ နောက်တချက်က အခွန်နဲ့ ပတ်သက်လို့လည်း ကျနော်တို့အပေါ်မှာ သက်သက်ညှာညှာ ကောက်မယ်ဆိုတဲ့စကားမျိုး အဲ့လိုမျိုးကြားရလို့ရှိရင် ကျနော်တို့က ပိုပြီးတော့ စိတ်ချမ်းသာတယ်ပေါ့လေ။ အခုအတိုင်း ကျနော့်အမြင်ကို ပြောရရင်တော့ ကျနော်က ပုဂ္ဂိုလ်ရေးအရတော့ ကျနော်က Donald Trump ကို ကြိုက်ချင်မှကြိုက်မှာပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ မူအရ စီးပွားရေးသမားဖြစ်တဲ့အတွက် Donald Trump ကို မဲပေးမယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ။”

Las Vegas မြို့မှာနေထိုင်တဲ့ ဦးဆန်းထွန်းနီ ဖြစ်ပါတယ်။ Las Vegas မြို့ဟာ အမေရိကန် စီးပွားရေး ကျဆင်းချိန်တုန်းက အထိအနာဆုံး မြို့တခုဖြစ်ခဲ့တာပါ။ အခုတော့ Las Vegas မြို့ဆီကို ကမ္ဘာလှည့်ခရီးသည်တွေ ပြန်လာနေကြပါပြီ။ ဒါပေမဲ့ မြို့ထဲက ဆောက်လုပ်ရေးလုပ်ငန်းတွေကတော့ ခုချိန်ထိ နလန်မထူသေးဘူးလို့ Nevada တက္ကသိုလ်က အများပြည်သူ မူဝါဒရေးရာ ပါမောက္ခ Robert Lang ကပြောပါတယ်။

“ခရီးသွားဧည့်သည်တွေပေါ်မှာ အားထားရတဲ့ စီးပွားရေးဖြစ်တော့ ပြီးခဲ့တဲ့ ၁၀ နှစ်မှာ လောင်းကစားလုပ် အပျော်ရှာကြသူတွေလည်း လျော့သွားရော ဒီကလူတွေက မသုံးကြမစွဲကြတော့ဘူး၊ အဲဒီမှာ စီးပွားရေးကျသွားတော့တာပဲ၊ ဒီမှာ တော်တော်လေး ထိခိုက်ပါတယ်။ အဆိုးဆုံးက ဆောက်လုပ်ရေးလုပ်ငန်းမှာပါ၊ အခုအချိန်ထိလည်း သေသေချာချာ နလန်မထူသေးပါဘူး။”

ခရီးသွားလုပ်ငန်းကတော့ ပြန်ပြီးတိုးတက်လာတယ်လို့ ပါမောက္ခ Lang က ပြောပါတယ်။ Nevada ပြည်နယ်ရဲ့ အိမ်ခြံမြေ ရောင်းဝယ်ရေးဈေးကွက်ကလည်း ပြန်လည်တိုးတက်လာနေပါတယ်။ ခုလို စီးပွားရေးကျဆင်းခဲ့ရာကနေ ပြန်လည်တိုးတက်လာတဲ့ ပြည်နယ်ထဲမှာ မဲဆန္ဒရှင်အများစုက ဘယ်သူ့ကို သမ္မတရွေးချယ်မလဲဆိုတဲ့ နေရာမှာ စီးပွားရေးကိစ္စကို အဓိကထား စဉ်းစားကြပါတယ်။

“သမ္မတလောင်း ၂ ယောက်လုံး ဘယ်သူ့ကိုမှ ကျမသိပ်မကြိုက်ပါဘူး၊ ဒါပေမဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ စီးပွားရေးတည်ငြိမ်ရေးကို ဦးစားပေးလုပ်သွားမယ့်သူမျိုးကို ကျမရွေးချယ်ချင်ပါတယ်။”

“ကျတော်ကတော့ Trump ကိုပိုရွေးသင့်တယ်လို့ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ပိုလောဘတက်လေ၊ ငွေပိုမက်လေ နောက်ထပ် စီးပွားရေးအခွင့်အလမ်းတွေ ပိုရှာလေဆိုတော့ ကျတော့်စိတ်ထဲမှာတော့ အဲလိုဖြစ်အောင် သူလုပ်လိမ့်မယ်လို့ ထင်တယ်။ သူစီးပွားရေးလုပ်ငန်းတွေ ပိုများများဖွင့်လေ လူတွေ အလုပ်ပိုရလေဖြစ်မှာပါ။”

Nevada ပြည်နယ်ထဲမှာ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ မဆုံးဖြတ်နိုင်သေးသူမဲဆန္ဒရှင် ၁၀% လောက်ရှိတယ်လို့ Nevada တက္ကသိုလ်က ပါမောက္ခ Robert Lang က ပြောပါတယ်။ နိုင်ငံတဝန်း လတ်တလောလုပ်ထားတဲ့ လူထု သဘောထားစစ်တမ်းတွေမှာ Hillary Clinton က Donald Trump ထက် ၆% လောက် အသာရနေပါတယ်။ ဒါကြောင့် Donald Trump အတွက် ဗုဒ္ဓဟူးနေ့ စကားစစ်ထိုးပွဲဟာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုတိုးလာအောင်လုပ်ဖို့ နောက်ဆုံး အရေးကြီးတဲ့ အခွင့်အလမ်းတခု ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG