သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားစတိုက်ရင်စစ်အမြန်ဖြစ်နိုင် ကန်ကာကွယ်ရေးဝန်ကြီးသတိပေး


အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis

အမေရိကန်ပိုင်နက်ကိုဦးတည်တဲ့ ဒုံးလက်နက်ပစ်လွှတ်ဖို့ ကြိုးပမ်းမှုမှန်သမျှဟာ စစ်အသွင်အမြန်ဖြစ်စေနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကမြောက်ကိုရီးယားကို သတိပေးလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ လူတွေကို ဦးတည် ပစ်ခတ်မယ်ဆိုရင် တာဝန်ခံရမှာ ဖြစ်တဲ့အကြောင်း ၀န်ကြီး Mattis က ပင်တဂွန်ကာကွယ်ရေးဌာနမှာ သတင်းထောက်တွေကို တနင်္လာနေ့ နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အနေနဲ့ ပစိဖိတ်အနောက်ဘက်ကမ်းခြေရှိ အမေရိကန်ပိုင်နက် Guam ကျွန်းတ၀ိုက်ကို ဒုံးလက်နက်နဲ့ တိုက်ခိုက်ဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ သူရဲ့ စစ်တပ်ထံက အစီရင်ခံမှုကို လက်ခံရရှိခဲ့တယ်လို့ KCNA ခေါ် မြောက်ကိုရီးယားအစိုးရသတင်းဌာနက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်ဖို့ဆုံးဖြတ်ချက်မချမှီ သူ့အနေနဲ့ အမေရိကန်ဘက်က လုပ်ရပ်တွေကို အနည်းငယ် အချိန်ယူစောင့်ကြည့် လိုတဲ့အကြောင်းလဲ မြောက်ကိုရီးယားခေါင်းဆောင်က ပြောခဲ့တယ်လို့လဲအဲဒီသတင်းမှာဖေါ်ပြထားပါတယ်။ အရေးယူဆောင်ရွက်ဖို့ သူ့အနေနဲ့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် စစ်တပ်အနေနဲ့ ပစ်ဖို့ အဆင့်သင့်ရှိဖို့ကိုလည်း မြောက်ကိုရီးယားခေါင်းဆောင်က အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ Guam ကျွန်းကို ဦးတည်ပြီး ဒုံးလက်နက်တွေပစ်လွှတ်ဖို့ မြောက်ကိုရီးယားရဲ့ ယခင်က ခြိမ်းခြောက်မှုတွေကို သိပ်မကြောက်ဖို့လည်း Mattis က ပြောခဲ့ဘူးပါတယ်။

ဒုံးလက်နက် ပစ်လွှတ်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ ဘယ်ကို ဦးတည်သွားနေတယ်ဆိုတာကို အမေရိကန်က သိရှိနိုင်မှာဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ ပစ်လွှတ်လိုက်တဲ့ဒုံးလက်နက်ဟာ Guam ကိုထိမှန်ဖို့ အလားအလာရှိတယ်လို့ အစိုးရအရာရှိတွေက ယုံကြည်ခဲ့ရင် အဲဒီ ဒုံးလက်နက်ကို ဖြိုခွင်းပစ်မှာဖြစ်တယ်လို့လည်း Mattis ကပြောခဲ့ပါတယ်။ အရင်တုန်းက မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့ Mattis က ပြောခဲ့ဘူးပေမယ့် ပြုံးရမ်နဲ့ သဘောထားကွဲပြားမှုတွေကို သံတမန်ရေးအရ ဖြေရှင်းဖို့ ၀ါရှင်တန်က ပိုလိုလားတဲ့အကြောင်း သူက အစဉ်တစိုက် အလေးအနက်ပြောခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG