သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး Tillerson ထိုင်း နဲ့ မလေးရှားမှာ မြောက်ကိုးရီးယားအရေး အဓိကဆွေးနွေး


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံ။

အာရှခရီးထွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ မလေးရှားနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ အာဆီယံဝန်ကြီးများ အဆင့် စည်းဝေးပွဲတွေကို တက်ရောက်ခဲ့ပြီးနောက် ဝန်ကြီး Tillerson ဟာ အင်္ဂါနေ့တုန်းက ထိုင်းနိုင်ငံကိုလည်း ခေတ္တ သွားရောက်ခဲ့ပါတယ်။ အာရှနိုင်ငံတွေမှာ ရှိနေတဲ့မှာ မြောက်ကိုရီးယားတို့ရဲ့စီးပွားရေး လုပ်ငန်းတွေ၊ လျို့ဝှက် လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့နဲ့ မြောက်ကိုရီးယား အစိုးရနဲ့ အဆက်ဖြတ်ဖို့ တိုက်တွန်းတဲ့ ခရီးစဉ်လို့ မြင်နိုင်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်အကြောင်း မစုမြတ်မွန်က ဆက်ပြီး တင်ပြပါမယ်။

ဖိလစ်ပိုင်နိုင်ငံက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးအဆင့် စည်းဝေးပွဲတွေကို တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ အင်္ဂါနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ထိုင်းနဲ့ အမေရိကန် ဆက်ဆံရေး တန့်သွားခဲ့တာကြောင့် အခု နိုင်ငံခြားရေးဝန်ကြီး Tillerson ရဲ့ခရီးဟာ ၃ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန် တာဝန်ရှိသူ တယောက် ပထမဆုံး လာတဲ့ ခရီးဖြစ်ပါတယ်။ ၅ နာရီလောက်သာ ကြာတဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha၊ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့နဲ့ ဝန်ကြီး Tillerson တွေ့ဆုံခဲ့ပါတယ်။

ထိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု အတွင်း ၂ နိုင်ငံ ဆက်ဆံရေး ရေရှည် ခိုင်မြဲရေး အပြင် ဒေသတွင်း လုံခြုံရေး အတွက် ထိုင်းနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေ ကုန်သွယ်ရေး ကိစ္စတွေ အပြင် တောင်တရုတ်ပင်လယ် ကိစ္စနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက် ရန်လိုနေတဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့ရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဘန်ကောက် အမေရိကန်သံရုံး ပြောခွင့်ရသူက VOA ကိုပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့ အမေရိကန်ကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာနေတယ်လို့ ထိုင်းနိုင်ငံရောက်နေစဉ်မှာ ဝန်ကြီး Tillerson က ခုလို ပြောကြားခဲ့ပါတယ်။

“ ထိုင်းနိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် ခိုင်မာနေပါတယ်။ ဒီဒေသထဲမှာ စစ်ပွဲတွေ ဖြစ်ခဲ့တဲ့ အချိန်ထဲက ပူးပေါင်း ဆောင်ရွက်မှုတွေ စတင်ခဲ့တာပါ။ ဒီကနေ့ အချိန်မှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုပေါင်း ၁၃၀ ကျော်လုပ်ဖို့ မျှော်မှန်းထားပါတယ်။ ဒါဟာ ၂ နိုင်ငံကြား ဘယ်လောက် နီးကပ်တဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ရှိသလဲဆိုတာကို ပြသနေတာပါ။ ခိုင်မာတဲ့ ၂ နိုင်ငံ ဆက်ဆံရေးကို အမေရိကန်က တန်ဖိုးထားသလို ထိုင်းအစိုးရ ကလည်း တန်ဖိုးထားတယ်ဆိုတာ သိနိုင်ပါတယ်။”

မြောက်ကိုရီးယားရဲ့နျူးကလီးယားရန် တိုးလာနေချိန်မှာ အမေရိကန် အနေနဲ့ ဒေသတွင်းက မဟာမိတ် နိုင်ငံတွေရဲ့ ထောက်ခံမှု ရအောင် ကြိုးစားနေပုံ ရတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ အတိုင်း လိုက်နာပြီး ထိုင်းနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးကို လျှော့ချခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တေ့ွဆုံအပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ခုလို ပြောကြားခဲ့ပါတယ်။

“ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီကနေ ဇွန်အထိ ကုန်သွယ်ရေးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကုန်သွယ်ရေး ပမာဏ ၉၄ ရာခိုင်နှုန်း ကျဆင်းသွားတာကို တေ့ွရမှာပါ။”

ကုန်သွယ်တန်ုးဖိုး အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၁၆.၄ သန်းကနေ ဒေါ်လာ ၉ သိန်းအထိ ကျသွားတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ပဲ့ထိန်းဒုံးနဲ့ နျူးကလီးယား လက်နက်ထုတ်လုပ်မှု အစီအစဉ်တွေ လုပ်နေတဲ့ မြောက်ကိုရီးယား အစိုးရအတွက် ဝင်ငွေ မရတော့အောင် အရှေ့တောင်အာရှနိုင်ငံတွေ ပိုပြီး လုပ်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး Tillerson က သူ့ရဲ့ အာရှခရီးစဉ် အတွင်း အဓိကဦးစားပေး တိုက်တွန်းနေပုံ ရပါတယ်။

မြောက်ကိုရီးယား အစိုးရ အတွက် အကျိုးရှိစေတဲ့ ကုမ္ပဏီတွေ ထိုင်းနိုင်ငံမှာ ရှိနေတယ်လို့ အမေရိကန်က ယုံကြည်တဲ့ အတွက် အဲဒီ ကုမ္ပဏီတွေကို ပိတ်ပစ်ဖို့ ကြိုးစား တိုက်တွန်းနေတယ်လို့ ဝန်ကြီး Tillerson နဲ့အတူ ခရီးသွားနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Susan Thornton က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ အင်္ဂါနေ့မှာပဲ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို ခရီးဆက်ခဲ့တာပါ။ ကွာလာလမ်ပူ မြို့တော်မှာလည်း ဝန်ကြီးချုပ် Najib Razak နဲ့ တေ့ွဆုံခဲ့ပါတယ်။ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၆၀ ကြာပြီဖြစ်တဲ့ အမေရိကန်နဲ့ မလေးရှား ၂ နိုင်ငံဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးတယ်လို့ အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂ နိုင်ငံ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေ အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နိုင်ငံတကာမှာ စိုးရိမ်စရာ ဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ မလေးရှားက လာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေ အတိုင်း မလေးရှားက လိုက်နာ အကောင်အထည်ဖော်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား ဝန်ကြီးချုပ်ကို တိုက်တွန်းမယ်လို့ ယုံကြည်ရပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အချက်အလက်တွေ မျှဝေဖို့နဲ့ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ လှို့ဝှက်လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့လည်း တိုက်တွန်းတယ်လို့ မျှော်လင့်ရကြောင်း Straits Times သတင်းစာထဲမှာ ဖော်ပြထားပါတယ်။ အမေရိကန်တို့ ထောက်လှမ်းချက်တွေ အရ မလေးရှားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သူ့အကျိုးဆောင်တွေ မျက်စိကျတဲ့ နေရာတခု ဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un ရဲ့ အဖေတူမအေကွဲ အကို Kim Jong-nam ဟာ Kuala Lumpur လေဆိပ်မှာပဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မလေးရှားမှာ မြောက်ကိုရီးယားတို့ လှို့ဝှက်စီးပွားရေး လုပ်ငန်းတွေ ရှိသလို ကာကွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းတွေကို တင်ပို့ဖို့ မလေးရှား ဆိပ်ကမ်းတွေ၊ လေဆိပ်တွေကို မြောက်ကိုရီးယားတို့က အသုံးပြု နေတယ်လို့ သံတမန်တွေ၊ မလေးရှား အစိုးရ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး Straits Times သတင်းစာထဲမှာ ရေးထားပါတယ်။ အဲဒီ လုပ်ငန်းတွေကို နှိမ်နှင်းဖို့အတွက် မလေးရှားကို အမေရိကန်က တိုက်တွန်းမယ်လို့လည်း ယုံကြည်ရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Tillerson ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ မလေးရှား ဒုတိယဝန်ကြီးချုပ် Zahid Hamidi နဲ့တေ့ွဆုံပြီးရင် သူ့ရဲ့ အာရှခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG