သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလို့ခေါ်ရခြင်း နဲ့ Burma လို့ ခေါ်ရခြင်း အကြောင်းရင်း ကွဲပြား


 နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Elizabeth Trudeau
နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Elizabeth Trudeau

Burma – Rohingya စတဲ့ အသုံးအနှုန်းတွေကို အမေရိကန်အစိုးရက ဘာကြောင့် သုံးနှုန်းခေါ်ဝေါ်ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသွားပါတယ်။ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက Burma – Rohingya အသုံးအနှုန်းနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဖြေကြားခဲ့တာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

သူရဦးရွှေမန်းနဲ့ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းရဲ့ Facebook မှာ ရေးသားဖော်ပြချက်တွေကို - မေလ ၁၂ ရက် ကြာသပတေးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း - သတင်းထောက်တွေ က မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်းက သူ့ရဲ့ Facebook စာမျက်နှာမှာ - မကြာသေးခင်က အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ရတာဟာ မြန်မာနိုင်ငံသားတွေ လက်မခံနိုင်တဲ့ စကားအသုံးအနှုန်း ပါဝင်ခြင်းကြောင့်ဖြစ်ပြီး၊ ဒီကိစ္စမျိုးကို သံအမတ်ကြီးအနေနဲ့ သတိပြုရမယ့် အချက်ဖြစ်တဲ့အကြောင်း ဒါမှသာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပိုမို တိုးတက်ကောင်းမွန်မှာ ဖြစ်တယ်လို့ - သူရဦးရွှေမန်း က သံအမတ်ကြီး Scot Marciel ကို ပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီးဘက်ကလည်း - ဒီလို သုံးနှုန်းတာဟာ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ပေါ် ဆောင်ရွက်နေရ တာ ဖြစ်ကြောင်း၊ နောင်ကို မြန်မာနိုင်ငံသားတွေ လက်မခံတဲ့ အသုံးအနှုန်းတွေကို သတိထား ဆောင်ရွက်သွားမယ့် အကြောင်းတွေ ပြန်လည် ပြောကြားခဲ့ တယ်လို့ ဖော်ပြထားတာပါ။

ဒါနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက သံအမတ်ကြီး Scot Marciel အနေနဲ့ တကယ်ပဲ အဲ့လို ပြန်လည် ပြောကြားခဲ့သလား လို့ မေးမြန်းရာမှာ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Elizabeth Trudeau က Facebook က သတင်းကို ကိုယ်တိုင် မတွေ့ရတဲ့အတွက် မှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့ပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့တော့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စုအနေနဲ့ တိုင်းပြည်တပြည်မှာ နေထိုင်သူတွေက ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုတွေ အားလုံးကို အားပေးပါတယ်။ ရိုဟင်ဂျာလို့ ကာယကံရှင်တွေက သူတို့ကိုယ် သူတို့ ခေါ်တယ် ဆိုရင်လည်း ကျမတို့ အနေနဲ့ လေးစားရမှာပါ။ ဒီအတိုင်း ခေါ်ဝေါ် သုံးစွဲရမှာလည်း ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အခုလို ဖြေကြားချက်အပေါ် သတင်းထောက်တွေက - ပြန်လည် မေးခွန်းထုတ်ကြရာမှာ - အရင် မြန်မာအစိုးရ လက်ထက်တွေ တုန်းက နိုင်ငံရဲ့ အမည်ကို အင်္ဂလိပ်လို Myanmar လို့ ခေါ်စေချင်ခဲ့ပေမဲ့ အမေရိကန်အစိုးရက နှစ်ပေါင်းများစွာ Burma လို့သာ ခေါ်ဝေါ် သုံးနှုန်းခဲ့တာကိုလည်း ထောက်ပြခဲ့ကြတာပါ။

အထူးသဖြင့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပေမဲ့ ကာယကံရှင်တွေက ခေါ်စေချင်တဲ့အတိုင်းခေါ်တယ်ဆိုရင်၊ အစိုးရက တရားဝင် သုံးစွဲနေတဲ့ နိုင်ငံအမည်ကို လက်မခံတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ မေးမြန်း ရာမှာတော့ - “အမေရိကန်ရဲ့ ရပ်တည်ချက်” အတိုင်း သုံးစွဲတာ ဖြစ်တဲ့ အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Elizabeth Trudeau က တုံ့ပြန်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG