သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမိုင်းမှာ ပမာဏအများဆုံး မူးယစ်ဆေး ဖမ်းမိ


အမေရိကန်သမိုင်းမှာ ပမာဏအများဆုံး မူးယစ်ဆေးဝါးတွေအဖြစ် Philadelphia မြို့ဆိပ်ကမ်းတခုမှာ Cocaine တန်ချိန် ၁၆ တန်ကျော် ဖမ်းမိတယ်လို့ ပြည်ထောင်စု အာဏာပိုင်တွေ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

Packer Marine ဆိပ်ကမ်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ပေါက်ဈေး ဒေါ်လာ တ ဘီလျံဖိုးလောက် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီပမာဏနဲ့ဆိုရင် လူပေါင်းနဲ့ချီ သေစေနိုင်တယ်လို့ အစိုးရရှေ့နေ William McSwain က ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

Liberia နိုင်ငံ အလံလွှင့်ထားတဲ့ MSC Gayane ကုန်တင်သင်္ဘောပေါ်က ကုန်သေတ္တာ ၇ လုံးထဲမှာ မူးယစ်ဆေးတွေကို ဖွက်ထားတာ ဖြစ်ပါတယ်။ သင်္ဘောသားတချို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ပြည်ထောင်စု အစိုးရပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။

Chile၊ Panama နဲ့ Bahamas နိုင်ငံတွေမှာ ရပ်နားခဲ့တဲ့ သင်္ဘောက Packer Marine ဆိပ်ကမ်းကို အင်္ဂါနေ့က ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသင်္ဘောက ဥရောပကို ဆက်သွားမယ့် ကုန်တင်သင်္ဘော ဖြစ်ပါတယ်။

ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ အသေးစိတ် မပြောပေမဲ့ သင်္ဘော second mate အရာရှိလက်မှာ Cocaine အမှုန့် အကြွင်းအကျန်တွေကို ကမ်းခြေ လုံခြုံရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့တယ်လို့ Philadelphia Inquirer ထဲမှာ ဖော်ပြခဲ့ပါတယ်။

မူးယစ်ဆေး မှောင်ခိုကူးဖို့ chief officers တွေက သူ့ကို ဒေါ်လာ ငါးသောင်း ပေးပြီး စည်းရုံးခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ကြောင်း သတင်းထဲမှာ ဖော်ပြပါတယ်။ ဒေါ်လာ ၃၈ သန်းလောက် တန်ဖိုးရှိတဲ့ Cocaine တွေကိုလည်း မတ်လတုန်းက Philadelphia ဆိပ်ကမ်းမှာ ဖမ်းမိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG