သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် GDP ဒုတိယလေးလပတ် အတွင်း အဆိုးရွားဆုံး ကျဆင်း


(Zawgyi/ Unicode)

အမေရိကန် ပြည်ထောင်စုရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုက ဒုတိယ လေးလပတ် အတွင်း ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒါဟာဆိုရင် ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေထဲမှာ အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်ပါတယ်။ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပိုများလာတာကြောင့် ပြည်နယ် အတော်များများမှာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်ရေး ဆိုင်းငံ့ထားရတဲ့ အချိန်မှာဘဲ ပြည်တွင်း အသားတင် ထုတ်လုပ်မှု အကြီးအကျယ် ကျဆင်းရတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ အမေရိကန် ပြည်ထောင်စု အတွင်းက မြန်မာ လုပ်ငန်းရှင်တွေ အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းပြီး အပတ်စဉ် စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။

" ဒီသီတင်းပတ်တွေ အတွင်း ဗိုင်းရပ် ကူးစက်မှု တိုးလာတဲ့ အခြေအနေ တချို့ ပြန်တွေ့ရပြီးနောက် ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ပြန်လည် ဆောင်ရွက်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။"

အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Jerome Powell က ဇူလိုင်လ ကုန်ပိုင်းက ပြောခဲ့တာပါ။
ရှေ့လျှောက် စီးပွားရေးမှာ မရေရာ မသေချာမှုတွေ သိပ်များနေပြီး စီးပွားရေး အောင်မြင်မှုက ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး အပေါ်မှာ မူတည်နေတယ်လို့ အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Jerome Powell က ဆက်ပြီး ပြောပါတယ်။

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အဆိုးဆုံး ကြုံတွေ့နေရတဲ့ အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး လုပ်ငန်းတွေကို ဒုတိယ အကြိမ် ထပ်ပြီး ပိတ်ထားရတာနဲ့ အတူဘဲ ဧပြီလ ကနေ ဇွန်လ အထိ လေးလတာ ကာလပတ် အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု အကြီးအကျယ် ကျဆင်းလာခဲ့တာပါ။

ဒီ အခြေအနေမှာ မြန်မာ လုပ်ငန်းရှင်တွေရော ဘယ်လို အခြေအနေ ရင်ဆိုင်နေရလဲ ဆိုတာကို ဆက်သွယ် မေးမြန်းထားပါတယ်။ မန်ဆာချူးဆက် ပြည်နယ် ဘော့စတွန်မြို့က Yoma Burmese Cuisine မြန်မာ စားသောက်ဆိုင် လုပ်ငန်းရှင် ဒေါ်သော်တာထွန်းကျော်ကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

ဒေါ်သော်တာထွန်းကျော်။ ။ ကျမက စီးပွားရေး ၂ ခု ရှိပါတယ်။ တခုကတော့ မြန်မာ စားသောက်ဆိုင်ပေါ့။ နောက်တခုကတော့ မြန်မာနဲ့ ပတ်သက်တဲ့ အစားအစာတွေ လက်ဖက်၊ မြန်မာတွေ မရှိ မဖြစ် စားတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ ရောင်းတဲ့ အွန်လိုင်း စတိုးလေးပါ ကျမမှာ ရှိပါတယ်။ အဲဒါက Amazon လို အွန်လိုင်း စတိုးတွေ အပြင် ကျမရဲ့ ကိုယ်ပိုင် အွန်လိုင်းစတိုးတွေနဲ့လည်း ချိတ်ထားတဲ့ဟာရော ၂ ခု ရှိပါတယ်။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ အခု COVID ကာလ အတွင်းမှာ ဘာတွေများ ထိခိုက်ပါသလဲရှင့်။ အွန်လိုင်း အလုပ်အကိုင်ဘက်ကတော့ သိပ် ထိခိုက်မှာ မဟုတ်ပေမယ့် စားသောက်ဆိုင် ဘက်ကတော့ အခြေအနေ တမျိုးပြောင်းသွားမယ် ထင်ပါတယ်။

ဒေါ်သော်တာထွန်းကျော်။ ။ မှန်ပါတယ်။ အွန်လိုင်း စတိုးကတော့ COVID ကာလမှာ အွန်လိုင်း စတိုးတွေက ရောင်းအား တက်ပါတယ်။ ကျမ အွန်လိုင်း စတိုးလည်း အဲဒီ အတိုင်းပါဘဲ။ ရောင်းအား ၂ ဆလောက် တက်လာတဲ့ အတွက် မဆိုးဘူးလို့ ပြောရမှာပေါ့နော် COVID ကာလမှာ။

Boston မြင်ကွင်း
Boston မြင်ကွင်း

ဒါပေမယ့် စားသောက်ဆိုင်ဘက်မှာကျတော့ ကျမတို့ ရောင်းအား တဝက်လောက် ကျပါတယ်။ အရင်တုန်းက ထက်ကို တဝက်လောက် ကျတယ်။ ဒါပေမယ့် အခု ဘယ်လို ဖြစ်လဲ ဆိုတော့ ဆိုင်တော်တော်များများက သူတို့က Take out တွေ Delivery တွေ မလုပ်တဲ့ အချိန်မှာ ကျမတို့က ဖွင့်ထားတယ်ပေါ့နော်။ ရအောင် ဖွင့်ထားတဲ့ အခါကျတော့ ဖောက်သည် အသစ်တွေလည်း ပိုရလာတာပေါ့။ ဒီ COVID ကာလမှာ။ အဲလိုမျိုးလေးတွေလည်း ရှိပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ဆိုတော့ ဒီ အလုပ်အကိုင် ပြန်ဖွင့်ဖို့ ဒီ ဘော့စတွန် ဘက်မှာ ပြန်ဖွင့်ဖို့ အခြေအနေ ဘယ်လို ရှိပါလဲ။

ဒေါ်သော်တာထွန်းကျော်။ ။ အခုက ပြီးခဲ့တဲ့ ၂ ပတ်လောက်က စလို့ သူတို့ ဖွင့်ခွင့်ပြုလိုက်တယ်။ ပြည်နယ်ကနေ ခွင့်ပြုချက် ပေးလိုက်တယ်။ ဒါပေမယ့် ကျမတို့လို တချို့ မဖွင့်ရဲသေးတဲ့သူပေါ့၊ အထဲထိ ဝင်ထိုင်စားတဲ့ဟာကို မဖွင့်ရဲသေးတဲ့ ဆိုင်တွေ ကျတော့လည်း မဖွင့်သေးဘဲနဲ့ ပုံမှန်လေးဘဲ Take out နဲ့ Delivery လေးဘဲ လုပ်တဲ့ ဆိုင်တွေလည်း ရှိပါသေးတယ်။
ခုန ပြန်ဖွင့်တဲ့ ဆိုင်တွေကျတော့လည်း ပြန်ဖွင့်တယ်ဆိုတာက Indoor အထဲမှာ ဝင်ထိုင်စားတာကို လက်ခံတဲ့ ဆိုင်တွေကျတော့လည်း ရောဂါပိုး ရှိလို့ ဆိုပြီးတော့ ပြန်ပြီး ပိတ်လိုက်ရတဲ့ ဆိုင်တွေလည်း ရှိတော့ ကျမတို့ကတော့ အခု အခြေအနေ ငြိမ်သွားတဲ့ အထိ ခနလောက် စောင့်ကြည့်လိုက်ဦးမယ် ဆိုပြီး Take out နဲ့ Delivery ဘဲ အခု လောလောဆယ်တော့ ဖွင့်ပါသေးတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ ဆိုတော့ ဆိုင်မှာ အလုပ်အကိုင်ပေါ့နော် ဝန်ထမ်းတွေ လျှော့ရတာမျိုး ဝန်ထမ်း အရေးနဲ့ ပတ်သက်ပြီးတော့ရော ဘာ အပြောင်းအလဲ ရှိပါလဲ။

ဒေါ်သော်တာထွန်းကျော်။ ။ ရှိပါတယ်ရှင်။ ကျမတို့ ဝန်ထမ်း တဝက်လောက် လျှော့ချလိုက်ရတယ်။

ကိုရိုနာ ကပ်ဘေးရောဂါ စိုးရိမ်ချက်ကြောင့် လူတွေ အပြင်ထွက် သွားလာမှု သိသိသာသာ လျော့ကျသွားတာ အပြင် သယ်ယူပို့ဆောင်ရေးပိုင်းမှာပါ ထိခိုက် သက်ရောက်မှု ရှိပါတယ်။ ဒီအချက်က ဒေါ်ချင်ချင်းတို့လို လက်လီ အရောင်းဆိုင်တွေ အတွက် အခက် ဖြစ်ရပါတယ်။ မေရီလန်းပြည်နယ် Jessup မြို့က မြန်မာ ပစ္စည်းတွေ စားသောက်ကုန်တွေ ရောင်းတဲ့ AA Market လုပ်ငန်းရှင် ဒေါ်ချင်ချင်း ပြောပြတာကတော့

Maryland ပြည်နယ်
Maryland ပြည်နယ်

ဒေါ်ချင်ချင်း။ ။ ပြသနာ တခုတော့ ရှိတယ်။ ပစ္စည်းမှာတဲ့ဟာ ခါတိုင်း တပတ် ကြာတဲ့ဟာ ဆိုရင် အခု ၂ ပတ် ၃ ပတ်လောက်မှ ရောက်လာတယ်။ ပြီးတော့ ပစ္စည်း တော်တော်များများကလည်း ပြတ်သွားတယ်ပေါ့နော်။ ရဖို့ နည်းနည်း ခက်ခဲတယ်။ အဲလို ဖြစ်တဲ့ အခါကျတော့ ကိုယ်က အရင်မှာတဲ့ဟာ မရောက်သေးရင်လည်း ပစ္စည်း မပြတ်အောင် ဆိုပြီး နောက်တခု ပြန်မှာတယ်။ အဲလို ငွေလည်း ကြိုကြိုပြီးတော့ ရှင်းရတယ်လေ။ ကိုယ်က ပစ္စည်း ရချင်တဲ့ အခါကျတော့။ အဲဒီ နေရာမှာတော့ တော်တော် စိုက်ရတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အဲဒီတော့ ရေရှည် ဒီတိုင်း ဆက်သွားလို့ရော အဆင်ပြေပါ့မလား။ အမတို့ အနေနဲ့ ဘာများ စဉ်းစားထားပါလဲ။

ဒေါ်ချင်ချင်း။ ။ စဉ်းစားထားတယ် ဆိုတာ တချို့တွေကတော့ တခြားပြည်နယ်ကနေ ကျမတို့ ပစ္စည်း ရောက်လာတဲ့ ပစ္စည်းတွေကို Page ပေါ်မှာ တင်တယ်။ တင်တဲ့ အခါ တခြား State က လိုချင်တဲ့ လူတွေ ပြီးတော့ ဒီ မယ်ရီလန်းပြည်နယ်မှာလည်း နည်းနည်း ဝေးတဲ့လူတွေ။ တချို့တွေဆို အိမ်မှာ အသက်ကြီး အဖိုး အဖွားတွေ ရှိတယ်၊ အမေအို အဖေအို ရှိတဲ့လူတွေဆို အပြင် သိပ်မထွက်ချင်ကြဘူး။
အဲလို မထွက်ချင်တဲ့ လူတွေကျတော့ ကျမတို့ စာတိုက်နဲ့ ပို့ပေးတယ်။ အဲဒါတော့ လုပ်တယ်။

ဇွန်လ နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် မြင့်တက်လာပြီးနောက်ပိုင်းမှာ ဝယ်ယူစားသုံးမှု အတိုင်းအတာ တခု အထိ လျော့ကျလာတယ်လို့ အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Powell က ပြောပါတယ်။ အမေရိကန် ပြည်သူတွေက စားသောက်ဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေကို အရင်လို မသွားကြသေးပါဘူး။ စီးပွားရေး အပြည့်အ၀ ပြန်လည် ကောင်းမွန်လာရေး အတွက်ကတော့ ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အန္တရာယ် မရှိဘူးလို့ လူတွေ စိတ်ချ ယုံကြည်လာဖို့က အရေးကြီးတယ်လို့လည်း ဗဟိုဘဏ် ဥက္ကဌက ထောက်ပြသွားပါတယ်။ ဒီမတိုင်ခင်မှာတော့ မြန်မာ လုပ်ငန်းရှင်တွေ အပါအဝင် နိုင်ငံတဝန်းက လုပ်ငန်းတွေမှာတော့ အခြေအနေသစ်မှာ လုပ်ငန်း ရပ်တည်ရေး အတွက် ချိန်ညှိ ဆောင်ရွက်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)




















XS
SM
MD
LG