သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ရိုက်ခတ်မှုကြောင့် အမေရိကန် အလုပ်အကိုင် ဈေးကွက် အရွေ့


(Zawgyi/ Unicode)

COVID 19 ကပ်ဘေး ရောဂါကြောင့် အလုပ်အကိုင် နားထားရတဲ့ အမေရိကန် လုပ်သားတွေ မူလ အလုပ်ပြန်ရရေး မသေမချာ ဖြစ်နေတယ်လို့ AP သတင်းအေဂျင်စီနဲ့ NORC လူထု ဆက်ဆံရေး သုတေသနဌာနတို့ ပူးတွဲလုပ်တဲ့ စစ်တမ်းက ဖော်ပြပါတယ်။ COVID ကြောင့် အလုပ်နားရတဲ့ အမေရိကန်တွေကြား မူလ အလုပ်ပြန်လည် ရရှိရေး အလားအလာတွေကို စုစည်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

“ ၃ လပိုင်း ၁၃ ရက်နေ့ ကတည်းက အီးမေလ်း ပို့တယ်လေ။ ယာယီ အလုပ်နားလိုက်ပြီ ဆိုတဲ့ အကြောင်းကို အီးမေလ်း လှမ်းပို့ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ် ကျော်ကျော် လောက်က HR (ဝန်ထမ်းရေးရာရုံး) က စာလှမ်းပို့တယ်လေ။ စာလည်းပို့တယ် အီးမေလ်းလည်း ပို့တယ်။ နောက်ထပ် ၆ လ အလုပ်နားပါတယ် ဆိုတဲ့ အကြောင်းကို ထပ်ပြောတယ်။ ”

အမေရိကန် ပြည်ထောင်စု မယ်ရီလန်း ပြည်နယ် ဘော်တီမိုးမြို့က ဒေါ်အေးအေးငြိမ်းပါ။ သူကတော့ ဘော်တီမိုးမြို့လယ်က Helton ဟိုတယ် ဝန်ထမ်းဖြစ်တဲ့ သူကတော့ မတ်လကတည်းက အလုပ်နားနေရတာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ယာယီ အလုပ်နားလိုက်တာကြောင့် စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားဖို့၊ နောက် ဒေဝါလီခံဖု့ိနဲ့ ဝန်ထမ်းတွေကို ရေရှည် လစာ ပေးဖို့လည်း မလိုတော့တာပါ။

အလုပ်ကနေ ယာယီ နားခံရတဲ့ ဝန်ထမ်းတွေ အနေနဲ့ မူလ အလုပ်တွေကို ပြန်ရဖို့ မျှော်လင့်ချက် မရှိ ဖြစ်လာကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တုန်းကဆိုရင် အလုပ်နားခံထားရသူတွေရဲ့ ၇၈ ရာခိုင်နှုန်းက ယာယီ အလုပ်နားရတာပါလို့ ယူဆခဲ့ကြတာပါ။ အခုတော့ မူလ အလုပ်တွေ ပြန်ရဖို့ မျှော်လင့်သူ ၄၇ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ AP သတင်းအေဂျင်စီနဲ့ NORC လူထု ဆက်ဆံရေး သုတေသန စင်တာတို့ ပူးတွဲ ပြုလုပ်တဲ့ လူထု ဆန္ဒ ကောက်ယူမှုက ဖော်ပြပါတယ်။

ဒီစစ်တမ်း အရဆိုရင်တော့ အကြမ်းဖျဉ်း ဝန်ထမ်း ၁၀ သန်းလောက် အလုပ်သစ် ရှာကြရတော့မှာ ဖြစ်ပါတယ်။ ပူးတွဲ စစ်တမ်းပြုစုတဲ့ AP နဲ့ NORC စင်တာရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Jennifer Benz ကတော့ အခုလို ပြောပါတယ်။

“ စီးပွားရေး အခြေအနေ၊ နောက် သူတို့ မူလ အလုပ်အကိုင်တွေကို အရင်လို ပြန်ပြီး လုပ်နိုင်မယ့် အလားအလာ အပေါ်မှာ မျှော်လင့်ချက် နည်းလာစေတာရဲ့ အကြောင်းရင်း တခုကတော့ လတ်တလော ဗိုင်းရပ်စ် ကူးစက်မှု တိုးလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ”

ကမ္ဘာတလွှား ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် ဟိုတယ်တွေမှာ ကြိုတင် အမှာတွေ ပြန်ဖျက်ကြတာကြောင့် ဟိုတယ် ဝန်ထမ်းတွေမှာ အလုပ်ထုတ်လိုက်သူတွေ ရှိနေသလို အလုပ်မထုတ်ဘဲ ယာယီ နားနေရသူတွေလည်း အလုပ်ပြန်ဝင်ဖို့ မရေမရာ ဖြစ်နေကြတယ်လို့ အလုပ်နားထားရတဲ့ ဒေါ်အေးအေးငြိမ်းကလည်း ပြောပါတယ်။

“ ကာကွယ်ဆေး တကယ်လို့ ထွက်ခဲ့မယ် ဆိုရင်တော့ ပုံမှန် အတိုင်းဘဲ ထပ်ပြီးတော့ လည်ပတ်မယ်။ ဒါပေမယ့် သူတို့က Extension ကိုတော့ အကြာကြီးတော့ လုပ်လို့ မရဘူးပေါ့။ အလုပ်နားတာကို။ အခုတောင်မှ ၆ လ အမှန်မှာ ဆိုရင် ဥပဒေ အရဆိုရင် ၆ လဘဲ အလုပ်နားလို့ ရတယ်ပေါ့။ ဒါပေမယ့် သမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်တဲ့ အတွက် သူတို့က အလုပ်ထုတ်လို့ မရတဲ့ အတွက် နောက်ထပ် ၆ လ ကို ထပ်ပြီးတော့ ထပ်တိုးတဲ့ အတွက် နောက်နှစ် ၃ လပိုင်း အထိ ပေါ့နော်။ အဲဒီ ၃ လပိုင်း အထိကိုတော့ ထပ် စောင့်ကြည့်ရမှာပေါ့။ အဲဒီတော့မှဘဲ အခြေအနေတွေက ဒီလိုဘဲ ပုံမှန် သွားမယ် ဆိုရင်တော့ ဒီလိုဘဲ ကျနော်တို့ အကုန်လုံး ဟိုတယ်က ပိတ်ပြီးတော့ အကုန်လုံး အလုပ်ပြုတ်မယ်လို့တော့ ထင်တာဘဲ။ ”

COVID ကူးစက် ပျံ့နှံ့မှုကြောင့် ဝန်ဆောင်မှု လုပ်ငန်းတွေတင် မဟုတ်ဘဲ စက်ရုံတွေမှာပါ လူလျှော့လာရတာပါ။ ကုန်ပစ္စည်း ထုပ်ပိုးတဲ့ စက်ရုံကနေ ယာယီ အလုပ်နားခံရသူ ရှောင်လင်း ပြောပြတာကတော့ -

“ အခု ဒုတိယ အကြိမ် ရောဂါ ပြန်ဖြစ်လာတဲ့ အချိန်ကျတော့ အဲဒါ တချို့ ပြည်နယ်တွေမှာ အသွားအလာ ကန့်သတ် ပိတ်ပင်မှု Lock Down ပြန်ချလာတာနဲ့ဘဲ ကုမ္ပဏီက မလည်ပတ်နိုင်တော့ဘူး။ အဲဒါကြောင့် သူတို့ နားခိုုင်းတယ် ခနပေါ့။ သူတို့ ပြောပြတယ်။ ”

ZipRecruiter က လုပ်သားဆိုင်ရာ စီးပွားရေး ပညာရှင် Julia Pollak ကတော့ အလုပ်အကိုင် ဆုံးရှုံးရတဲ့ မိဘတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ ကလေးထိန်းကျောင်းတွေ မရှိတာနဲ့ လာမယ့် စာသင်နှစ်မှာ အွန်လိုင်းကနေ ကျောင်းတက်ကြမယ့် ကလေးတွေကို စောင့်ရှောက် ကြီးကြပ်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ကပ်ဘေး ရောဂါက ဆက်ပြီး ဖြစ်နေတာကြောင့် စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ဆက်ပြီး ဖွင့်လှစ်ပြီး စီးပွားရေး အခက်အခဲကို ကျော်လွှားဖို့ ကြိုးစားကြမယ် ဆိုရင်လည်း အပြည့်အ၀ ပြန်လည် ကောင်းမွန်လာဖို့က နှစ်နဲ့ချီ အချိန်ယူရနိုင်တယ်လို့လည်း စီးပွားရေး ပညာရှင် Pollak က ပြောပါတယ်။

“ဝန်ထမ်းသစ် ခန့်ထားမှုက နောက်လာမယ့် နှစ်တွေမှဘဲ ဖြစ်လာမယ့် အခြေအနေပါ။ ဒီလို ဖြစ်ရတာကလည်း ဒီကနေ့ ကြုံတွေ့နေရတဲ့ အခက်အခဲကြောင့် ထိခိုက်ရမှုကြောင့်တင် မဟုတ်ဘဲ သူတို့ရဲ့ စီးပွားရေး မဟာဗျူဟာတခုလုံး ပြောင်းလဲလာမှုကြောင့်လည်း ဖြစ်ပါတယ်။ ”

လက်ရှိမှာတော့ အလုပ်နားခံထားရသူတွေက အစိုးရရဲ့ အလုပ်လက်မဲ့ ခံစားခွင့်ရထားပေမယ့် အလုပ်သစ်တွေလည်း ပြန်ပြီး လျှောက်ထား ရှာဖွေနေကြပါတယ်။ ဒါပေမယ့် အလုပ်သစ် ရနိုင်တဲ့ အလားအလာကလည်း ထင်သလောက်တော့ မလွယ်ပါဘူး။ ဒေါ်အေးအေးငြိမ်းရဲ့ အတွေ့အကြုံက

“ စဉ်းစားတယ်ရှင့်။ စဉ်းစားတယ်။ အမြဲလိုလို လျှောက်တယ်။ တချို့လူတွေ ပြောပြချက် အရတော့ပေါ့ သူတို့က အများကြီး ပထမ တုန်းက အလုပ်တွေ နားထားတော့ တကယ့်တကယ် အလုပ်တွေ ပြန်စတဲ့ အခါကျတော့ သူတို့ လူတွေကိုဘဲ အရင် ပြန်ခေါ်တာပေါ့နော်။ သူတို့ လူတွေက ငြင်းတယ် ဆိုတော့မှ နောက်လူတွေကို အသစ် ပြန်ခေါ်မယ် ဆိုတဲ့ အကြောင်းကို ပြောတယ်။ ”

ရှောင်လင်းကတော့ အလုပ်သစ်က ကျွမ်းကျင်မှု အသစ်ပြန်ပြီး လိုအပ်အုံးမယ်လို့ ဆိုလာပါတယ်။

“ကျနော်လည်း အဲလိုမျိုး ထုတ်တာ မဟုတ်တော့ အလုပ်နားတာ ဆိုတော့ ဘယ်လောက် ကြာမလဲ ဆိုတာ ကျနော်လည်း မသိဘူးလေ။ ဘာဖြစ်ဖြစ်ပေါ့ ကိုယ် သိထားတဲ့ အလုပ်ဆိုတော့ ကိုယ်က နားလည်တယ် ဆိုတော့ လွယ်ကူတဲ့ သဘော ဖြစ်တာ ဆိုတော့ အဲဒါကြောင့် ပြန်လုပ်ဖို့တော့ စိတ်ကူးတယ်။ ”

မကြာခင်က လုပ်ထားတဲ့ AP နဲ့ NORC သုတေသန ဌာနရဲ့ ပူးတွဲ စစ်တမ်းကို ခြုံငုံ သုံးသပ်ရရင်တော့ အမေရိကန် ထက်ဝက်နီးပါးက သူတို့ကိုယ်တိုင် ဒါမှမဟုတ်လည်း သူတို့ မိသားစုဝင်တွေ COVID ကပ်ဘေးကြောင့် ဝင်ငွေ လျော့ကျရတယ်လို့ ဖြေကြားကြပါတယ်။ ဒီထဲမှာဆိုရင် ၂၇ ရာခိုင်နှုန်းက ကိုယ်တိုင် ဒါမှမဟုတ်လည်း မိသားစုဝင် တဦးဦး အလုပ်က ယာယီ နားနေရတယ်လို့ ဖြေကြားပြီး ၃၃ ရာခိုင်နှုန်းကတော့ အလုပ်ချိန် လျှော့ချခံထားရပါတယ်။

၂၄ ရာခိုင်နှုန်းကတော့ လစာမဲ့ ခွင့်ယူထားရကြောင်းနဲ့ ၂၉ ရာခိုင်နှုန်းကတော့ လုပ်အားခ လစာ လျှော့ချခံထားရတယ်လို့ ပြောပါတယ်။ အခု လေ့လာချက် စစ်တမ်းသစ် အရတော့ အမေရိကန် ၁၆ ရာခိုင်နှုန်းက အခု လက်ရှိ အခြေအနေထက် ရှေ့လျှောက် ငွေရေး ကြေးရေး ပိုပြီး အခက်တွေ့လာမယ်လို့ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)




















XS
SM
MD
LG