သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်ရေးရာဆွေးနွေးပွဲ ရန်ကုန် အမေရိကန်စင်တာ ကျင်းပ


မြန်မာနိုင်ငံလို လူမျိုး၊ ဘာသာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ တည်ရှိနေတဲ့ နိုင်ငံအနေနဲ့ ဖယ်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုရင် အခြေခံအကျဆုံးအချက်ဟာ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် နားလည်မှု တွေဖြစ်တယ်လို့အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲက ဒီနေ့ ကျင်းပတဲ့ ဖယ်ဒရယ်ရေးရာ ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန်သံရုံးက ဦးဆောင်ကျင်းပတာဖြစ်ပြီး ပါဝင်တက်ရောက်လာတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တစ်ဦးကတော့ မြန်မာအစိုးရအနေနဲ့ ဖယ်ဒရယ်ရေးရာနဲ့ပတ်သက်ပြီး အသိအမြင်တိုးပွားစေဖို့ အလားတူဆွေးနွေးပွဲမျိုးတွေကို အစိုးရက ဦးဆောင်ကျင်းပသင့်ကြောင်း ပြောပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ ၊ အမေရိကန်စင်တာမှာကျင်းပတဲ့ ဖယ်ဒရယ်ရေးရာဆွေးနွေးပွဲကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ဖယ်ဒရယ်စနစ်ရဲ့ လက်တွေ့ကျင့်သုံးမှုနဲ့ ဖယ်ဒရယ်စကားရပ်အပေါ် နားလည်မှုတွေ မျှဝေနိုင်ဖို့ ကျင်းပတာဖြစ်ပါတယ်။

အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲ ဂျော့ချ် အန် ဆစ်ဘလီက မြန်မာနိုင်ငံက မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေကို စနစ်တစ်ခုတည်းမှာ စုစည်းနိုင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအဖွင့်အမှာစကားမှာ ထည့်သွင်းပြောဆိုထားပါတယ်။

"မတူကွဲပြားခြားနားတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲမှု မလုပ်နိုင်ရင် ပြည်နယ်တွေဟာ ပြိုကွဲမှုတွေဖြစ်ပြီး ဆိုးဝါးတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် အခြေခံအကျဆုံးအချက်ဟာ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် နားလည်မှုတွေဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။"

လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဖယ်ဒရယ်အရေးနဲ့ပတ်သက်ပြီးပြည်ထောင်စုက ခွဲမထွက်ရဆိုတာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးတွေကို အကျေအလည်မဆွေးနွေးနိုင်တာကြောင့် ဆွေးနွေးပွဲတွေ ရပ်တန့်နေပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုအတွင်းက ခွဲထွက်ရေးနဲ့ပတ်သက်လို့လည်း အမေရိကန်နိုင်ငံအတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အခုလို ပြောဆိုထားပါတယ်။

"ဖယ်ဒရယ်စနစ်မှာရှိတဲ့ ပြည်နယ်သို့မဟုတ် တိုင်းဒေသတွေက ပြည်ထောင်စုကနေ ခွဲထွက်ဖို့အတွက်ဆိုတာ အရေးကြီးပြီး ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ။ ဒါဟာ ဆွေးနွေးရမယ့် အချက် တစ်ချက်ဖြစ်ပါတယ်။ ဒီအချက်က ပဋိက္ခတွေ ဖြစ်စေနိုင်သလားဆိုတာ မသေချာပေမဲ့ ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ တချိန်က ဒါမျိုး ဖြစ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ကျနော်တို့ အမေရိကန်နိုင်ငံက ခွဲထွက်တာကို လက်ခံမထားပါဘူး။ ဒါပေမဲ့ ခွဲထွက်တာကို လက်ခံလို့လည်း ရပါတယ်။ ဒါပေမဲ့ အကျေအလည်ဆွေးနွေးပြီးမှာ ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။"

ဒီအချက်အပေါ်မှာတော့ ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အထွေထွေအတွင်းရေးမှုး ဦးမျိုးကျော်ကတော့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတောင် အကြိမ်ကြိမ်ဖျက်သိမ်းတာတွေရှိနေကြောင်း ထောက်ပြပြီး သူ့အမြင်ကိုအခုလို ပြောဆိုပါတယ်။

“ ကျနော်ထင်တယ်။ ကျနော်တို့တွေ အချင်းချင်းကနေပြီး တစ်ယောက်အပေါ်တစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် နားလည်မှုဆိုတာက သူရဲ့ ရပိုင်ခွင့်ပြည့်ဝရင် ဘယ်တိုင်းရင်းသားကမှလည်း ဒီနိုင်ငံက ခွဲထွက်သွားမှာ မဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်။ ”

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် မိမိတို့ရဲ့အန္တိမ ရည်ရွယ်ချက်ဟာ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခြားဆွေးနွေးပွဲတက်ရောက်သူတစ်ဦးဖြစ်တဲ့ ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကဖယ်ဒရယ်စနစ်တည်ဆောက်ဖို့အတွက် လူထုပညာပေးလုပ်ငန်းတွေကို အစိုးရက ဆောင်ရွက်ပေးစေလိုကြောင်း ပြောပါတယ်။

“ ကျနော်တို့ နိုင်ငံကို ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခုထူထောင်တော့မယ်ဆိုရင် ဒီ ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ office တစ်ခုလောက်ကို ကျနော်က ရှိစေချင်တယ်။ ဒါကျနော့ရဲ့အမြင်ပါ။ individual အမြင်ပါ။ ရှိစေချင်တယ်။ ရှိနေပြီးတော့ ဘယ်နိုင်ငံရဲ့ ဖယ်ဒရယ်စနစ်နဲ့သွားမယ်ဆိုတာ ကျနော်တို့က မဟုတ်ဘူး။ ကျနော်တို့ အရှေ့တောင်အာရှမှာလည်း ဖယ်ဒရယ်ကျင့်သုံးတဲ့နိုင်ငံတွေ ရှိတယ်။ အိန္ဒိယလိုနိုင်ငံတွေ ရှိတယ်။ ကနေဒါရှိတယ်။ အနောက်ဘက်တွေမှာရှိတယ်။ ထားပါတော့။ ဘယ် Model နဲ့ သွားမယ်ဆိုတာမဟုတ်ဘဲနဲ့ ကျနော်တို့ နိုင်ငံနဲ့ ဘယ်လို ပေါင်းစပ်လို့ ရမလဲ။ ဘယ်လို သင့်တော်မလဲ ဒါတွေကို ကျနော်တို့ Brain Storming တွေ လုပ်ရမယ်။ အဲလိုမျိုးတွေကို အစိုးရကိုယ်တိုင်က ဦးဆောင်ပြီးတော့ လုပ်ပေးနိုင်ရင်ပိုကောင်းမယ်။”

ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို လူ ၅၀လောက် ပါဝင်တက်ရောက်ပြီး ၂ရက်ကြာဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေကို အမေရိကန်သံရုံးက ဦးဆောင်ပြီး နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ၃ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG