သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ခံသမ္မတ Donald Trump အစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်နိုင်ဖွယ်ရှိတယ်လို့ တစ်ပြေးနေသူတွေ စာရင်းမှာ နယူးယောက်မြို့တော်ဝန်ဟောင်း Rudy Giuliani ပါဝင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပေါ်လစီတွေကို Giuliani က သတင်းဌာနတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ ထုတ်ဖော် ပြောဆိုလာနေပါတယ်။ Rudy Giuliani ဟာ နိုင်ငံခြားရေးဝန်ကြီး ရာထူးအပြင် တခြား ၀န်ကြီးဌာနတွေအတွက်လည်း တစ်ပေးခံနေရသူ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Donald Trump အနေနဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ ရက်နီးလာတာနဲ့အမျှ အစိုးရအဖွဲ့အတွင်း ဘယ်သူတွေပါမလဲ ဆိုတဲ့အပေါ် အများစုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးမှု ကာလတွေအတွင်း သူ့အပေါ် သစ္စာရှိသူ၊ လူယုံတွေကို သူကောင်းမြောက်တဲ့အနေနဲ့ Donald Trump က အစိုးရအဖွဲ့ ရာထူးတွေအတွက် ရွေးချယ်နေတယ်ဆိုတာ သိသာ ထင်ရှားကြောင်း သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေကြပါတယ်။

သူ့အစိုးရအဖွဲ့အတွက် အရေးပါတဲ့ ရာထူး ၂ ခုဖြစ်တဲ့ အိမ်ဖြူတော် ၀န်ထမ်းအရာရှိချုပ်နဲ့ နိုင်ငံရေးအကြံပေး ရာထူးတွေကို တနင်္ဂနွေနေ့မှာ ရွေးချယ်ခန့်အပ်ပြီး ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ ၀န်ကြီးရာထူးတွေထဲမှာ အရေးပါတဲ့ နေရာတွေဖြစ်တဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထောင်စုအစိုးရ ရှေ့နေချုပ်၊ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ စတဲ့ ရာထူးတွေအတွက် ဘယ်သူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ရွေးကောက်ပွဲကာလအတွင်း Doanld Trump ဘက်က သစ္စာရှိစွာ ရပ်တည်ခဲ့တဲ့ နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရမယ်လို့ တစ်ပေးခံနေရသူ ဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း အဲဒီရာထူးကို စိတ်ဝင်စားတဲ့ပုံစံ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ပြောဆိုနေပါတယ်။

သမ္မတ George W. Bush လက်ထက်အတွင်း ကုသလမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ John Bolton ၊ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Newt Gingrich၊ အထက်လွှတ်တော်အမတ် Bob Corker တို့နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်ခြေ ရှိတယ်လို့ တစ်ပေးခံနေရတဲ့ Rudy Giuliani ကို နိုင်ငံခြားရေးဝန်ကြီး ဘယ်သူ ဖြစ်လာနိုင်ခြေ ရှိသလဲလို့ The Wall Street ဂျာနယ်က အယ်ဒီတာချုပ် Gerry Baker က နိုဝင်ဘာလ ၁၄ ရက်နေ့က မေးတဲ့အခါမှာ Giuliani က အခုလို ဖြေကြားခဲ့ပါတယ်။

“John Bolton ဟာ အင်မတန် သင့်တော်တဲ့သူ တဦးဖြစ်ပါတယ်။”

မေး - တခြား သင့်တော်တဲ့သူ တယောက်ယောက်များ ရှိပါသေးသလား။

ဖြေ - “ကျနော်လည်း ဖြစ်နိုင်တာပေါ့၊ မသိပါဘူးဗျာ။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွေအတွင်း Donald Trump က အကြိမ်ကြိမ် ဝေဖန်ပြောဆိုခဲ့တဲ့ အီရန်နျူကလီးယားအရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ မေးတာမှာတော့ သမ္မတ Barack Obama အနေနဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး တရားဝင်စာချုပ်အဖြစ် အတည်ပြုချက် ရယူခဲ့ခြင်း မရှိတဲ့အတွက် အဲဒီသဘောတူညီချက်ကို သမ္မတသစ်အနေနဲ့ အသိအမှတ်ပြုစရာ မလိုဘူးလို့ Giuliani က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရုရှား-အမေရိကန် ဆက်ဆံရေးဟာလည်း အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကာလအတွင်း သမ္မတလောင်းတွေအကြား အခြေအတင် ငြင်းခုန်စရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ တခု ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့အမြင်အရ ရုရှားဟာ အမေရိကန်ရဲ့ မိတ်ဆွေလား၊ ရန်သူလားလို့ မေးတဲ့အခါမှာတော့ Giuliani က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“၂ မျိုးစလုံး ဖြစ်နိုင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ရန်ဘက်အဖြစ် ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုဖြစ်အောင် ကျနော်တို့ဘက်က ဖန်တီးထားလို့ပါ။ ၂ မျိုးစလုံး ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ရုရှားနိုင်ငံဟာ ကျနော်တို့ရဲ့ စစ်ရေးအရ ပြိုင်ဘက်နိုင်ငံလို့ ယူဆနေတယ်လို့ ကျနော်ထင်ပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ရုရှားနဲ့ ကျနော်တို့ရဲ့ စစ်အင်အား ၂ ခုကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် - သမ္မတ အိုဘားမား လက်ထက်မှာ ကျနော်တို့ စစ်အင်အားကို အသုံးပြုပြီး ခြိမ်းခြောက်လိုတဲ့ ဆန္ဒမရှိတဲ့အတွက် ရုရှားရဲ့ စစ်တပ်က ပိုပြီး အားကောင်းသယောင် ဖြစ်လာတာပါ။”

Trump အစိုးရအဖွဲ့ရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့မှာ ဒုတိယတာဝန်အရှိဆုံး ရာထူးယူထားတဲ့ Giuliani ဟာ သူ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၈ နှစ်တာကာလအတွင်း နယူးယောက်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ အများအပြား လုပ်နိုင်ခဲ့တယ်လို့ နယူးယောက်မြို့က မြန်မာနွယ်ဖွား တဦးဖြစ်သူ ကိုမိုးချမ်းက ပြောပါတယ်။

“မြို့တော်ဝန်လုပ်ခဲ့တုန်းကလည်း အတိုက်အခံတွေ အများကြီးရှိခဲ့တယ်။ အဲဒီထဲမှာမှ တော်တော်လေးကို သူ နှိမ်နင်းခဲ့တဲ့အပိုင်းတွေရှိတယ်။ ဘာတွေ နှိမ်နင်းခဲ့သလဲဆိုတာ Mafia ကျနော်တို့ အရင်တုန်းကဆိုရင်ဗျာ ဂိုဏ်းတွေပေါ့ဗျာ တကယ့်ကို အီတလီဂိုဏ်းတို့ တရုတ်ဂိုဏ်းတို့ စသည်အားဖြင့် အဲ့လို ဂိုဏ်းတွေ ဂိုဏ်းတွေ ရှိခဲ့တယ်။ အပြန်အလှန် ပစ်ကြ၊ ခတ်ကြ၊ သတ်ကြတဲ့အချိန်မှာ အဲဒါကို သူကိုယ်၌ပင်လျှင် အီတလီလူမျိုးဖြစ်တဲ့အပြင်ကို အဲဒီ အီတလီဂိုဏ်းတွေကို နှိမ်နင်းတဲ့နေရာမှာ သူ ထိပ်ဆုံးက နှိမ်နင်းတယ်။ အဲတော့ ထိုနည်းလည်းကောင်းပဲ တခြား မကောင်းတဲ့ဟာတွေ လုပ်စားနေတဲ့ ဆေးရောင်းတာတို့လို၊ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ဆောင်တာမျိုးတွေ ရှိတယ်။ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်ကြတာပေါ့လေ။ လိုင်စင်မရှိဘဲနဲ့။ အဲဒါမျိုးတွေမှာလည်း တော်တော်လေးကို နှိမ်နင်းခဲ့တယ်။”

နယူးယောက်မြို့မှာရှိတဲ့ World Trade Center မျှော်စင်ကြီး ၂ ခုကို အကြမ်းဖက် al-Qaida အကြမ်းဖက်အဖွဲ့က ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်စဉ်မှာ Giuliani ဟာ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အချိန်ဖြစ်ပြီး အဲဒီအချိန်က မြို့တော်ဝန်တယောက်အနေနဲ့ သူ့ရဲ့ ဦးဆောင်လမ်းပြမှုတွေအပေါ် အမေရိကန်တနိုင်ငံလုံးက လေးစားခဲ့ရာက တိုင်းပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်ကို ရောက်လာသူ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်း နယူးယောက်မြို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ပြီးမြောက် အောင်မြင်အောင် လုပ်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် မြို့ခံတွေက သူ့ကို အခုချိန်ထိ မကြိုက်ကြတော့ဘူးလို့ တခြား နယူးယောက်မြို့ခံ မြန်မာနွယ်ဖွား တဦးဖြစ်တဲ့ ကိုနေတင်မြင့်က ပြောပါတယ်။

“အမဲတွေရော၊ အဖြူတွေရော၊ အာရှသားတွေရောပေါ့လေ ကျနော်နဲ့ ပတ်သက်တဲ့သူ အများစု နယူးယောက်မှာ နေထိုင်တဲ့သူတွေကတော့ သူ့ကို သိပ်မကြိုက်ကြဘူးခင်ဗျ။ နောက်ပိုင်းတွေမှာတော့ သူက 9/11 မှာ ဖြစ်ပေါ်ခဲ့ပြီးဥစ္စာတွေမှာ သူတို့ကို ဘယ်လို ကူညီရမလဲ၊ ဘယ်လိုပံ့ပိုးရမလဲ၊ ဘယ်လိုလုပ်ဆောင်ရမလဲ ဥစ္စာတွေမှာ သူ ဆက်လက်ပြီးတော့ မလုပ်နိုင်တာတွေကို တွေ့ရတယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ သူ့ကို သိပ်မကြိုက်တဲ့ဥစ္စာက အခုထက်ထိပဲ ဖြစ်သွားတာပေါ့လေ။”

Rudy Giuliani အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်နေတဲ့ တချိန်ထဲမှာပဲ လက်ရှိ သူ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် သူ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားရေးမှာ အဟန့်အတားတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ Donald Trump အစိုးရအဖွဲ့အတွင်း ပါဝင်မယ့် ၀န်ကြီးအမည်စာရင်းတွေနဲ့ တခြား အရေးပါတဲ့ ရာထူးတွေအတွက် ဘယ်သူတွေကို ခန့်အပ်မယ်ဆိုတာတွေကတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ သိရှိနိုင်ကြတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG