သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ၊ ထိုင်းနဲ့ နယူးဇီလန် ဗဟိုဘဏ်တွေ အတိုးနှုန်း လျှော့ချ


မှတ်တမ်းဓာတ်ပုံ- တရုတ်ဗဟိုဘဏ် ၂၀၁၇။
မှတ်တမ်းဓာတ်ပုံ- တရုတ်ဗဟိုဘဏ် ၂၀၁၇။

အမေရိကန် ဗဟိုဘဏ်ဖြစ်တဲ့ US Federal Reserve ရဲ့ ဥက္ကဌက ဇူလိုင်လ ၃၁ ရက်နေ့မှာ ဘဏ်အတိုးနှုန်း ဝ.၂၅ ရာခိုင်နှုန်း လျှော့ချရတဲ့ အကြောင်းတစ်ခုက ကမ္ဘာ့စီးပွားရေး တိုးတက်မှု အားနည်းနေတာနဲ့ ကုန်သွယ်ရေးမှာ တင်းမာမှုတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ပြောပါ တယ်။

အတိုးနှုန်းလျှော့ချပြီး တစ်ပတ်အကြာမှာပဲ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ေ ငွကြေးကစားတဲ့နိုင်ငံစာရင်းထဲ တရားဝင် ထည့်သွင်း လိုက်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုတွေ မြင့်တက်လာတာနဲ့ ကျဆင်းနေတဲ့ ကမ္ဘာ့ စီးပွားရေး အခြေအနေ ကို တုန့်ပြန်ဖို့ အာရှနိုင်ငံက ဗဟိုဘဏ် ၃ ခုက ဒီတစ်ပတ်ထဲ ဘဏ် အတိုးနှုန်းကို သိသိသာသာကြီး လျှော့ချလိုက်တဲ့အတွက် ကမ္ဘာ့စီးပွားရေး လောကကို တအံ့တသြ ဖြစ်စေခဲ့ပါတယ်။

အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံရဲ့ စီးပွားရေး တိုးတက် အားကောင်းလာတာကြောင့် ဆိုပြီး မနှစ် စက်တင်ဘာလက ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို မြှင့်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ဇူလိုင်လကုန်ဆုံးချိန်မှာတော့ လက်ရှိ အတိုးနှုန်းကို ဝ.၂၅ ရာခိုင်နှုန်း လျှော့ချမယ်လို့ ကြေညာခဲ့ပါတယ်။ အတိုးနှုန်း လျှော့ချရတဲ့ အကြောင်းရင်းကို အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Jarome Powell က အခုလို ပြောပါတယ်။

“ လက်ရှိ အတိုးနှုန်းကို ဝ.၂၅ လျှော့ချဖို့ ဆုံးဖြတ်ပြီး အမေရိကန်နိုင်ငံရဲ့ ဘဏ်အတိုးနှုန်းကို ၂ ရာခိုင်နှုန်းနဲ့ ၂.၂၅ ရာခိုင်နှုန်းအတွင်း ရှိစေ ပါမယ်။ အခုဆုံးဖြတ်ချက်ဟာ အလားအလာ ကောင်းမွန်နေဆဲဖြစ်တဲ့ အမေရိကန် စီးပွားရေးကို အထောက်အကူဖြစ်ဖို့ဖြစ်သလို ကမ္ဘာ့ စီးပွားရေး ကျဆင်းနေမှုနဲ့ ကုန်သွယ်ရေး မူဝါဒ မရေမရာမှုတွေကို တုန့်ပြန်ဖို့အတွက် ဖြစ်ပါတယ်။”

အဲဒီနေ့က ဒီ အချက်အပြင် အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုဒဏ်ကို ရိုက်ခတ် ခံစားနေရပြီး

ကုန်သွယ်ရေး တင်းမာမှုဟာ လည်း အမေရိကန် စီးပွားရေးအပေါ် ထိခိုက်မှု ရှိနေကြောင်းကိုလည်း အတိုးနှုန်း လျှော့ချကြောင်း ကြေညာအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဗဟိုဘဏ် ဥက္ကဌ Powell က ဆက်လက် ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက အတိုးနှုန်း လျှော့ချကြောင်း ကြေညာအပြီး ၁ ပတ်အတွင်းမှာပဲ တရုတ်နိုင်ငံသုံး ယွမ်ငွေ ကျဆင်းလာတာနဲ့အတူ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ငွေကြေး ကစားတဲ့နိုင်ငံ စာရင်းထဲ တရားဝင် ထည့်သွင်းလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ကုန်ပစ္စည်းနယ်ပယ်ကနေ ငွေကြေးနယ်ပယ်အထိ ရောက်ရှိသွားနိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေစဉ်မှာပဲ အာရှနိုင်ငံ ၃ နိုင်ငံက ဗဟိုဘဏ်တွေကလည်း သူတို့နိုင်ငံရဲ့ ဘဏ် အတိုးနှုန်းတွေကို သိသိသာသာ လျှော့ချလိုက်ကြတဲ့အတွက် ကမ္ဘာ့ စီးပွားရေးလောကအတွင်း တအံ့တသြ ဖြစ်သွားစေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အခြေခံအမှတ် ၃၅ မှတ် လျှော့လိုက်ပြီး အတိုးနှုန်း ၆ ရာခိုင်နှုန်းကျော်ရှိရာက ၅.၄ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သလို နယူးဇီလန်နိုင်ငံက အခြေခံအမှတ် ၅၀ ကို လျှော့ချပြီး အတိုးနှုန်းကို အနိမ့်ဆုံးအဆင့် ၁ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။ ထိုင်း ဗဟိုဘဏ်ကတော့ အမေရိကန်နည်းတူ ဝ.၂၅ ရာခိုင်နှုန်း လျှောချခဲ့ပြီး အတိုးနှုန်းကို ၁.၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ဗဟိုဘဏ် ဥက္ကက အတိုးနှုန်း သိသိသာသာ လျှော့ချရခြင်းအကြောင်းကို အခုလို ပြောပါတယ်။

“ အိန္ဒိယ ဗဟိုဘဏ် အဖွဲ့ဝင်တွေအနေနဲ့ ပုံမှန် စံနှုန်းဖြစ်တဲ့ အခြေခံအမှတ် ၂၅မှတ်ကို မလုံလောက်ဘူးလို့ ထင်သလို အခြေခံအမှတ် ၅၀ ကိုလည်း များလွန်းတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ၃၅ မှတ် လျှော့ချလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ”

ဒီလို ဗဟိုဘဏ်တွေရဲ့ အတိုးနှုန်း လျှော့ချမှုဟာ ဒီ အာရှ ၃ နိုင်ငံအတွင်းမှာပဲ ရပ်ဆိုင်းသွားမလား၊ တစ်ခြားနိုင်ငံတွေကိုပါ ကူးစက်နိုင်မလား ဆိုတာကတော့ မသေချာလှပါဘူး။ သြစတြေးလျနိုင်ငံ လက်ရှိ အတိုးနှုန်းအတိုင်း ထားရှိဖို့ လွန်ခဲ့တဲ့ လအတွင်းက ဆုံးဖြတ်ခဲ့ပေမဲ့ အခုအခါ သြစတြေးလျ ဒေါ်လာ တန်ဖိုးကျဆင်းနေတာကို တွေ့ရပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ကုန်သွယ်ရေး တင်းမာမှု လျော့ပါးမယ့် အလားအလာ ရှာမတွေ့ခင်သေးချိုန်မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ဗဟိုဘဏ်အနေနဲ့နဲ့ အတိုးနှုန်းကို ဒီ့ထက် ပို လျှော့ဖို့ မြန်မြန် ဆန်ဆန်လုပ်ဆောင်သင့်ကြောင်း Twitter ကနေ ပြင်းပြင်းထန်ထန် ဖိအားပေး ပြောကြားနေပါတယ်။

၂၀၀၈ ခှနှစ် ကမ္ဘာ့ စီးပွားရေး ကျဆင်းချိန် အမေရိကန်၊ ဂရိနဲ့ အိုက်စလန်နိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ အောင်အောင်မြင်မြင်နဲ့ ရင်းနှီး မြှုပ်နှံမှု နဲ့ အရောင်းအဝယ် လုပ်နိုင်ခဲ့လို့ လူသိများလာသူ Hedge fund manager တစ်ဦးဖြစ်တဲ့ Kyle Bass ကတော့ အမေရိကန် ဗဟိုဘဏ် ဟာ အတိုးနှုန်းကို၀ ရာခိုင်နှုန်းအထိ ရောက်အောင် တစ်ဖြည်းဖြည်းချင်းနဲ့ လျျှော့ချပြီး ဂျပန်ဗဟိုဘဏ်ရဲ့ နည်းလမ်းကို ကျင့်သုံးလာဖွယ် ရှိကြောင်း ဟောကိန်း ထုတ်ထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG