သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ယွမ်ငွေ တန်ဖိုး ၁၁ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း


အမေရိကန်ကို တင်သွင်းတဲ့ တရုတ် သွင်းကုန်တွေထဲက ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းတွေ အပေါ်မှာ စက်တင်ဘာလ ၁ ရက်နေ့က စလို့ သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း အသစ် ထပ်မံ စည်းကြပ်ဖို့ သမ္မတ Donald Trump ဘက်က ခြိမ်းခြောက်ခဲ့ပြီး နောက်မှာတော့ တရုတ် ယွမ်ငွေ ဈေးနှုန်းဟာ တနလာၤနေ့မှာတော့ ၁၁ နှစ်တာ ကာလအတွင်း အနိမ့်ဆုံး ဈေးနှုန်းထိ ကျဆင်းခဲ့ပါတယ်။ တရုတ်ငွေကြေး တန်ဖိုးကျသွားတာကြောင့် ငွေကြေးဆိုင်ရာ စစ်ပွဲတခု ဖြစ်လာနိုင်တဲ့ အလားအလာတွေ ထွက်ပေါ်လာသလိုဘဲ အမေရိကန်နဲ့ တင်းမာမှု ပိုပြင်း ထန်လာမယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ Joyce Huang ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

အမေရိကန် တဒေါ်လာကို ငွေလဲနှုန်း တရုတ် ၇ ယွမ် အထိ ကျလာပြီဆိုရင် စိုးရိမ်စရာ အဖြစ် သတိထားကြတာမှာ အခုတော့ ဒီထက်တောင်မှ ဈေးကျနေတာပါ။ ဒါဟာဆိုရင် ၂၀၁၈ ခုနှစ် ဧပြီလ နောက်ပိုင်း အနိမ့်ဆုံး ဈေးနှုန်းလည်း ဖြစ်ပါတယ်။ ယွမ်ငွေ တန်ဖိုးကျဆင်းတာကြောင့် တရုတ်ရဲ့ ပို့ကုန်တွေ ဈေးသက်သာစေပြီး တရုတ်အစိုးရဘက်က ကုန်သွယ်ရေးမှာ အသာစီးရစေပြီး ပြည်ပ ပြိုင်ဘက်တွေကိုတော့ အထိနာစေတယ်လို့ အမေရိကန် အရာရှိတွေက အရင်တုန်း ကတည်းက ပြောဆိုခဲ့တာပါ။ PBOC လို့ ခေါ်တဲ့ တရုတ် ဗဟိုဘဏ်ဘက်ကတော့ ယွမ်ငွေဈေး တည်ငြိမ်အောင် လုပ်မယ်လို့ ကတိပေးနေတဲ့ တဖက်မှာလည်း အခုလို ယွမ်ငွေ ဈေးကျရတာက အမေရိကန်ရဲ့ တဖက်သတ် ကုန်သွယ်ရေး ကာကွယ်မှုဝါဒကြောင့် အပြင် တရုတ် အပေါ်မှာ သွင်းကုန်ခွန် ထပ်တိုးကောက်မယ့် ခန့်မှန်းချက်တွေကြောင့်လည်း ဖြစ်တယ်လို့ အပြစ်ဖို့ပါတယ်။

တရုတ် ပြည်သူ့ဘဏ် အနေနဲ့ ယွမ်ငွေ ဈေးနှုန်းကို သင့်တော်တဲ့ လဲလှယ်နှုန်းမှာ အခြေခံအားဖြင့် တည်တည်ငြိမ်ငြိမ်ထားနိုင်ဖို့ ယွမ်ငွေ လဲလှယ်နှုန်းကို ထိန်းထားနိုင်စွမ်းရှိသလို ဒီအပေါ်မှာ အတွေ့အကြုံနဲ့ ယုံကြည်ချက်လည်း ရှိတယ်လို့ တရုတ် ဗဟိုဘဏ်က ကြေညာချက်ထဲမှာ ပြောဆိုထားပေမယ့် သင့်တော်တဲ့ လဲလှယ်နှုန်း ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ယွမ်ငွေ ဈေးနှုန်း ကျဆင်းမှုဟာ ဆိုရင် တရုတ် ဈေးကွက်ရဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ သဘောထား ဖြစ်တယ်လို့ Peking တက္ကသိုလ်က စီးပွားရေးဆိုင်ရာ တွဲဖက် ပါမောက္ခ Lu Suiqi က ပြောပါတယ်။

“ ကုန်သွယ်ရေး စစ်ပွဲက တကျော့ပြန် ပေါ်ပေါက်လာတာကြောင့် တရုတ်ရဲ့ ပို့ကုန်ရော သွင်းကုန် အပေါ်မှာပါ ရိုက်ခတ်မှု ရှိမယ့် အပြင် အမေရိကန် ဒေါ်လာနဲ့ တရုတ် ယွမ်ငွေ လဲလှယ်နှုန်းမှာလည်း အတက် အကျ ဖြစ်လာစေပါတယ်။ ယွမ်ဈေးနှုန်း ကျမှုနဲ့ ကုန်သွယ်ရေး စစ်ပွဲက အပြန်အလှန် ဆက်နွယ်နေပြီး ဈေးကွက်မှာလည်း စိုးရိမ်မှုတွေ ထွက်လာနေပါတယ်။ ”

တချိန်တည်းမှာဘဲ တရုတ်နိုင်ငံက အဓိကကျတဲ့ ပြည်ပ စီးပွားရေး အဖွဲ့ကြီး နှစ်ခု ဖြစ်တဲ့ အမေရိကန် ကုန်သည်ကြီးများ အသင်း AmCham နဲ့ ဥရောပ သမဂ္ဂ ကုန်သည်ကြီးများ အသင်း တို့က သွင်းကုန်ခွန် တိုးကောက်မယ့် ခြိမ်းခြောက်မှု အပေါ် စိတ်ပျက်ကြောင်း ပြောဆို ထားကြပါတယ်။ တရုတ် သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်မယ့် ဆုံးဖြတ်ချက် အပေါ် စိတ်ပျက်ရတယ်လို့ တရုတ်နိုင်ငံက အမေရိကန် ကုန်သည်ကြီးများ အသင်းက ကြေညာချက် ထုတ်ပါတယ်။ အခွန်ကို စားသုံးသူတွေက ကျခံရမှာ ဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေ အထိနာစေတယ်၊ သူတို့ အသင်းဝင်တွေ အနေနဲ့ အန္တရာယ် လျော့ပါးစေရေး အတွက် လိုအပ်တာတွေ လုပ်နေကြရတယ်လို့လည်း ပြောဆိုပါတယ်။

စားသုံးသူတွေ အပေါ် သက်ရောက်မှု နည်းနိုင်စေရေး အတွက် သွင်းကုန်ခွန် လျှော့ချပေးရေး အပါအဝင် နှစ်နိုင်ငံ အနေနဲ့ တည်တံ့တဲ့ သဘောတူညီချက် တခု မကြာခင်မှာ ထွက်ပေါ်ဖို့ အတွက် အဖြေတခု ထွက်လာရေး အလေးပေး ဆွေးနွေးကြဖို့လည်း AmCham ကတိုက်တွန်းပါတယ်။ တရုတ် အနေနဲ့ ပြည်တွင်း စီးပွားရေး လုပ်နည်းလုပ်ဟန် ပြုပြင်ပြောင်းလဲရေးကို အားပေး လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။

တရုတ် အနေနဲ့ ဟန်ပြ ဆောင်ရွက်မှုတွေနဲ့ ကုန်သွယ်ရေး လိုက်လျောချက်တွေ လုပ်နေမယ့် အစား နိုင်ငံခြား လုပ်ငန်းတွေ အတွက် တရုတ် စီးပွားရေးကို ဖွင့်လှစ်ပေးဖို့နဲ့ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုကသာ နှစ်ဦး နှစ်ဘက် အကျိုးရှိတဲ့ သဘောတူညီချက် အတွက် အရေးကြီးတယ်လို့လည်း အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှေ့လထဲမှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မှာ အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲ နောက်တကျော့ ကျင်းပဖို့ ရှိနေချိန် တရုတ်ဘက်က ပိုပြီး လိုက်လျောလာရေး သမ္မတ Donald Trump က စေ့စပ်ဆွေးနွေးရေး နည်းဗျူဟာရဲ့ တစိတ်တပိုင်း အရ အခုလို တရုတ် ကုန်ပစ္စည်းတွေ အပေါ် အခွန်ကောက်မှု အသစ် ချမှတ်လိုက်တာလို့ သုံးသပ်သူတွေက ယုံကြည်ကြပါတယ်။

ဒါက အလုပ်ဖြစ်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့လည်း ထိုင်ဝမ်က စီးပွားရေး သုတေသန အဖွဲ့က သုတေသနမှူး Darson Chiu က ပြောပါတယ်။ တရုတ် အနေနဲ့ကတော့ အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမယ့် အစား စောင့်ကြည့်မယ်ဆိုတဲ့ ဗျူဟာကို ရွေးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

“ သွင်းကုန်ခွန် အပြန်အလှန် တိုးကောက်နေတာကို အချိန်ဆွဲထားနိုင်ရင် တရုတ် စီးပွားရေး အပေါ် မှီခိုနေရတဲ့ အမေရိကန် ပြည်တွင်း လုပ်ငန်းတွေက သမ္မတ Trump ကို သဘောထား ပြောင်းဖို့ ဖိအားပေးနိုင်တယ်လို့ တရုတ်ဘက်က ယုံကြည်ထားပါတယ်။ တဖက်မှာလည်း ဒီမိုကရက် ပါတီက Joe Biden လို ကိုယ်စားလှယ်လောင်းတွေ ပိုပြီး လူကြိုက်များလာမယ်လို့ တရုတ်က မျှော်လင့်ပါတယ်။ ဒီလို ဖြစ်လာရင် သမ္မတ Trump ဘက်ကလည်း ဒီမိုကရက် ပါတီကို ပြန်ပြီး အာရုံစိုက် ထိန်းညှိနိုင်ဖို့ အတွက် ကုန်သွယ်ရေး စစ်ပွဲ မြန်မြန် အဆုံးသတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ”

တရုတ် အနေနဲ့ကတော့ ကျန်ရှိနေသေးတဲ့ ဒေါ်လာ ၂၀၀ ဘီလျံ တန်ဖိုးရှိ အမေရိကန်ထုတ် အဆင့်မြင့် နည်းပညာ သွင်းကုန်တွေ အပေါ် အခွန်တိုး ကောက်မယ်ဆိုရင် သူ့ရဲ့ စီးပွားရေးကို ဆိုးဆိုးရွားရွား အထိနာစေမှာကြောင့် တန်ပြန်ပြီး အခွန်တိုးကောက်ဖို့တော့ အလားအလာ သိပ်မရှိဘူးလို့လည်း သုတေသနမှူး Darson Chiu က ပြောပါတယ်။ အမေရိကန် ငွေစု လက်မှတ်တွေကို ထုတ်ရောင်းရင် တရုတ်ရဲ့ ကြွယ်ဝမှုဘဲ အထိနာစေမှာကြောင့် ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ အမေရိကန် ငွေစု လက်မှတ်တွေကိုလည်း တရုတ်ဘက်က ရောင်းပစ်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် တရုတ် ပြည်တွင်းက အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာလည်း တင်းကြပ်မယ့် အနေအထား မရှိသလို ဒီလို လုပ်ရင်တော့ သမ္မတ Trump စိတ်ကြိုက် အခြေအနေမျိုး ဖြစ်သွားစေနိုင်ပြီး ရလဒ်ကတော့ တရုတ် အခြေစိုက် အမေရိကန် လုပ်ငန်းတွေ ဌာနေပြန်သွားတာမျိုးသာ ဖြစ်သွားနိုင်တယ်လို့လည်း Chiu က ပြောပါတယ်။ တရုတ် အတွက် လုပ်စရာကတော့ ပို့ကုန် အပေါ် မှီခိုရတဲ့ စီးပွားရေးကို လျှော့ချပြီး ပြည်တွင်း ဝယ်လိုအားကို တိုးမြှင့်ဖို့၊ နောက် အမေရိကန်ကို ယှဉ်ပြိုင်ဘက် အဖြစ်နဲ့ ဒေသတွင်း အလုံးစုံ စီးပွားရေး မိတ်ဖက် တရပ် ထူထောင်ပြီး အမေရိကန်ရဲ့ မဟာမိတ် မဟုတ်သူတွေရဲ့ ထောက်ခံမှုရရေး ကြိုးပမ်းဖို့ ဖြစ်တယ်လို့လည်း သုတေသနမှူးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG