သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှု ချမှတ်အပြီး အီရန်နဲ့ စီးပွါးရေး မလုပ်ဖို့ ကန်သတိပေး


အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် အရေးယူဒဏ်ခတ်မှုတွေ ပြန်လည်ချမှတ်ခဲ့ပြီးနောက် အီရန်အစိုးရနဲ့ စီးပွားရေးလုပ်သူမှန်သမျှ အမေရိကန်နဲ့ စီးပွားရေးလုပ်လို့ မရဘူးလို့ အမေရိကန်သမ္မတ Donald Trump ကသတိပေးလိုက်ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေးမဟာမိတ် EU ဥရောပသမဂ္ဂကတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အီရန်နဲ့ဆက်ပြီး စီးပွာရေးလုပ်ဖို့ အားပေးနေသလို အမေရိကန်ဖက်က အရေးယူမှုတွေလုပ်လာခဲ့ရင် အကာအကွယ်ပေးနိုင်အောင် ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ အမေရိကန်ဖက်ကတော့ အီရန်နဲ့ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုသစ်ရဖို့ ဒဏ်ခတ်မှုတွေကို ပြန်လည်ချမှတ်တာလို့ ပြောနေပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။

အီရန်နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ပြန်လည်ချမှတ်လိုက်ပြီး နောက်တနေ့မှာပဲ သမ္မတ Donald Trump က အီရန်နဲ့ စီးပွားရေးလုပ်သူမှန်သမျှ အမေရိကန်နဲ့ စီးပွားရေးလုပ်ရမှာ မဟုတ်ဘူးလို့ Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားသတိပေးခဲ့ပါတယ်။ အင်္ဂါနေ့မှာ စတင်အသက်ဝင်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်အရ အမေရိကန်ဒေါ်လာ၊ ရွှေ၊ အဖိုးတန်သတ္တု၊ အလူမီနီယံ၊ သံမဏိ၊ ကျောက်မီးသွေး၊ စက်မှုလုပ်ငန်းသုံး Computer Software နဲ့ ခရီးသည်တင်လေယာဉ် စတာတွေအားလုံးကို အီရန်က မဝယ်နိုင်အောင်တားမြစ်ထားပါတယ်။ JCPOA လို့ခေါ်တဲ့ အီရန် Nuclear ဆိုင်ရာနိုင်ငံစုံသဘောတူညီချက်ကနေ အမေရိကန်က ဒီနှစ်အစောပိုင်းက နှုတ်ထွက်ခဲ့ပြီးနောက် ခုလိုဒဏ်ခတ်အရေးယူမှုတွေကို ပြန်လည်ချမှတ်လိုက်တာပါ။ အမေရိကန်သမ္မတက အီရန်နဲ့ တခြားသူတွေ ဆက်ပြီးစီးပွားရေးမလုပ်အောင် ခြိမ်းခြောက်သတိပေးနေပေမဲ့ EU ဥရောပသမဂ္ဂက ဥရောပ စီးပွားရေးလုပ်ငန်းတွေအပေါ် အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုကနေ အကာအကွယ်ပေးမယ့် ဥပဒေကို တနင်္လာနေ့ကပဲ ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။ အီရန်နဲ့ တရားဝင်စီးပွားဗရးလုပ်နေတဲ့ ဥရောပစီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ဆုံးဖြတ်ထားတယ်လို့ EU နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Federica Mogherini နဲ့အတူ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံခြာရေးဝန်ကြီးတွေကလည်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ အာရှ Pacific ဒေသကို ခရီးထွက်နေတဲ့ EU အကြီးအကဲ Mogherini က အီရန် Nuclear သဘောတူညီမှုကို ဆက်ထိန်းထားနိုင်ဖို့ အီရန်နဲ့ဆက်ပြီး စီးပွားရေးလုပ်ဖို့ ရင်းနှီးမြှုပ်နှံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ သဘောတူညီချက်ထဲမှာပါတဲ့ အချက်တွေအတိုင်း အီရန်က လိုက်နာဆောင်ရွက်နေတဲ့အတွက် အီရန်အနေနဲ့ စီးပွားရေးတိုးတက်ဖို့ အခွင့်အရေးရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"သဘောတူညီချက်ထဲမှာ အီရန်ဆက်ပြီးပါဝင်နေအောင်နဲ့ အီရန်ပြည်သူတွေအတွက်လုပ်ထားတဲ့ သဘောတူညီမှုအရ စီးပွားရေးအကျိုးအမြတ်တွေ အီရန်ကဆက်လက်ရရှိနေအောင် EU ကအတတ်နိုင်ဆုံးဆောင်ရွက်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးအကျိုးအမြတ်တွေက ဒေသတွင်းအတွက်တင် မဟုတ်ဘဲ တကမ္ဘာလုံးအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်လို့ပါ။ Nuclear မပြန့်ပွားရေးအတွက် နိုင်ငံတကာသဘောတူညီချက် တစိတ်တပိုင်းအလုပ်ဖြစ်နေတယ်ဆိုရင် ဒါကို ဆက်ထိန်းထားရမှာဖြစ်ပါတယ်။"

အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်က ရရှိခဲ့တဲ့ နိုင်ငံစုံပါဝင်တဲ့ အီရန် Nuclear သဘောတူညီချက်ဟာ အီရန်ကို အလျှော့ပေးလွန်းတယ်လို့ဆိုပြီး Trump သမ္မတ ဖြစ်မလာခင်ထဲက ဖျက်သိမ်းမယ်လို့ ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ထက် ပိုကောင်းတဲ့ သဘောတူညီမှု နောက်တခုရဖို့ အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

"မတည်မငြိမ်ဖြစ်စေတဲ့ အီရန်အစိုးရရဲ့လုပ်ရပ်ကို ဘက်ပေါင်းစုံကနေ ဖြေရှင်းမယ့် သဘောတူညီချက်အသစ်ကို အမေရိကန်ပြည်ထောင်စုက ရှာဖွေနေပါတယ်။ Nuclear အစီအစဉ်တခုတည်းအတွက် မဟုတ်ပါဘူး။ Missile ဒုံးအစီအစဉ်၊ အကြမ်းဖက်မှုတွေကို အားပေးနေတဲ့ ကိစ္စတွေနဲ့ ဒေသတွင်း ဆိုးဝါးတဲ့လုပ်ရပ်တွေအားလုံးကို ဖြေရှင်းနိုင်မယ့် သဘောတူညီမှုသစ်မျိုးကို အမေရိကန်က လိုလားပါတယ်။"

ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ဆွေးနွေးညှိုနှိုင်းမှု တပြိုင်တည်းလုပ်မယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ အီရန်သမ္မတ Hassan Rouhani ကတော့ပြောကြားထားပါတယ်။ အီရန်နဲ့စီးပွားရေးမလုပ်ဖို့ သမ္မတ Trump သတိပေးနေတဲ့အပေါ် အီရန်ဖက်က ခုချိန်ထိ ခပ်တင်းတင်းတုံ့ပြန်နေတယ်လို့ CMC Markets က ဈေးကွက်သုံးသပ်သူ David Madden ကပြောပါတယ်။

"အီရန်အစိုးရဖက်က ကျေရာ ကျေကြောင်းတုံ့ပြန်မှုမျိုး ခုထိမတေ့ွရသေးပါဘူး။ တင်းမာမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် အမေရိကန်အစိုးရက နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကို အီရန်ကနေ ထွက်ဖို့၊ ရုတ်သိမ်းဖို့ အဆက်အသွယ်ဖြတ်ဖို့ ဒါမှမဟုတ် အနည်းဆုံး အီရန်မှာဆက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်အောင် ဖိအားပေးတာမျိုးတွေ တွေ့လာရနိုင်ပါတယ်။"

အရှေ့အလယ်ပိုင်းဒေသမှာ ရေနံအများဆုံးတင်ပို့တဲ့ နိုင်ငံတခုဖြစ်တဲ့ အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကြောင့် အင်္ဂါနေ့က Brent ရေနံစိမ်းဈေးတွေ တက်သွားခဲ့ပါတယ်။ အီရန်အပေါ် အမေရိကန်ရဲ့ ဒုတိယအကျော့ အရေးယူဒဏ်ခတ်မှုတွေကို November ၅ ရက်နေ့မှာ ချမှတ်ဖို့ စီစဉ်ထားပြီး အဲဒီကျရင် အီရန်ရဲ့ စွမ်းအင်၊ ရေနံကုန်သွယ်ရေး၊ သင်္ဘောနဲ့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအပြင် အီရန်ဗဟိုဘဏ်နဲ့ နိုင်ငံခြားဘဏ္ဍာရေးလုပ်ငန်းတွေ ငွေကြေးအလွှဲအပြောင်းလုပ်မှု တားမြစ်ချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG