သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲရလဒ် ဒုက္ခသည်လက်ခံရေး အပြောင်းအလဲရှိနိုင်သလား


ကန် ရွေးကောက်ပွဲမဲဆန္ဒရှင်တဦး

အမေရိကန် သမ္မတ Donald Trump အပေါ် လူထုဆန္ဒ ခံယူပွဲ အဖြစ် ရှုမြင်ကြတဲ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွေ မနေ့က ကျင်းပခဲ့တာမှာတော့ အောက်လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရက်တွေဘက်က အများစု အနိုင်ရသွားပါတယ်။ သမ္မတ Trump ရဲ့ လက်ထက်မှာ ဒုက္ခသည်တွေ လက်ခံမှုကို သိသိသာသာ လျှော့ချထားတဲ့ အခြေအနေမှာ အတိုက်အခံ ဒီမိုကရက်တွေ အောက်လွှတ်တော်မှာ အားကောင်းလာတဲ့ အတွက် အပြောင်းအလဲတွေ ရှိလာနိုင်ပါသလား။ မြန်မာ ဒုက္ခသည်တွေ အမေရိကန်မှာ အခြေချနိုင်ရေး အတွက် အလားအလာ ကောင်းတွေ ရှိလာနိုင်ပါသလားဆိုတာကိုတော့ Indianapolis အခြေစိုက် BACI ခေါ် မြန်မာ-အမေရိကန် လူ့အဖွဲ့အစည်း ဥက္ကဌ ဒေါက်တာ Ro Dinga ကို မသိင်္ဂီထိုက် ဆက်သွယ် မေးမြန်းတာမှာ သူက အခုလို စပြီး ဖြေကြားခဲ့ပါတယ်။

ဒေါက်တာ Ro Dinga။ ။ လူတော်တော်များများကတော့ Trump Factor ပေါ့နော် သမ္မတ Trump ကို ကြိုက်တဲ့လူရယ်၊ မကြိုက်တဲ့လူရယ်၊ အဲဒါ သမ္မတ Trump ကြောင့် ဒီမဲထည့်တဲ့လူ ပိုများတယ်လို့ ကျနော် သုံးသပ်ပါတယ်။

မသိင်္ဂီထိုက်။ ။ အဲဒီတော့ ဒီရွေးကောက်ပွဲမှာတော့ အထက်လွှတ်တော်မှာတော့ ဒါမူလအတိုင်းပဲ သမ္မတ Trump ရဲ့ ရီပတ်ပလီကန်တွေက အားကောင်းဆဲပါ။ ဒါပေမယ့် အောက်လွှတ်တော်မှာတော့ ဒီမိုကရက်တွေဘက်က ပိုပြီးတော့ အားသာသွားပါတယ်။ အဲဒီတော့ ဘာတွေများ အပြောင်းအလဲ တွေ့လာနိုင်ရပါသလဲ။

ဒေါက်တာ Ro Dinga။ ။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငွေကြေးနဲ့ ပတ်သက်တဲ့အဆိုအားလုံးက အောက်လွှတ်တော်ကနေ ၀င်ရပါတယ်။ ဆိုတော့ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ Majority ကြီးစိုးသွားတဲ့အခါမှာ တော်တော်များများ အမေရိကန်အစိုးရ အထူးသဖြင့် Trump ရဲ့ ပေါ်လစီကို တော်တော်များများ လွှမ်းမိုးလာနိုင်ဖို့ ရှိပါတယ်။

မသိင်္ဂီထိုက်။ ။ အဲဒီတော့ ဆရာရေ အခုဒီသမ္မတ Trump လက်ထက် ၂ နှစ်အတွင်းမှာ မြန်မာဒုက္ခသည် အသိုင်းအ၀ိုင်းတွေကြားမှာ မိသားစု ပြန်လည်ပေါင်းစည်းရေးဖြစ်ဖြစ် ဒုက္ခသည်အသစ်လက်ခံတာပဲဖြစ်ဖြစ် ပိုပြီးတော့ ခက်ခဲလာတဲ့အနေအထားရှိပါသလား။ ထူးထူးခြားခြားပြောင်းလဲတာ ဘာတွေများတွေ့ထားပါသလဲ။

ဒေါက်တာ Ro Dinga။ ။ အဲဒီကိစ္စမှာတော့ အပြောင်းအလဲ အများကြီးရှိပါတယ်။ သမ္မတအိုဘားမား နောက်ဆုံးနှစ်ပေါ့ အဲဒီမှာ အမေရိကန် ပြည်ဝင်ခွင့်ပေးတဲ့ Refugee resettlement ပေါ့ ဒုက္ခသည် လက်ခံတာ ၁ သိန်း ၁ သောင်း လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ နှစ် ဇန်န၀ါရီလ သမ္မတ Trump အာဏာရတာနဲ့ ချက်ချင်းပဲ ၁ သိန်း ၁ သောင်းကို ၅ သောင်း ၅ ထောင်ထိ လျှော့လိုက်ပါတယ်။ နောက် မနှစ်ကဆိုရင် ၂၀၁၇ နှစ် -၂၀၁၈ နှစ် ဆိုရင် လေးသောင်းငါးထောင်အထိ လျှော့ချလိုက်ပါတယ်။ ၂၀၁၈ နှစ် -၂၀၁၉ နှစ်ကိုတော့ ၃သောင်းအထိ လျှော့ချလိုက်ပါတယ်။ ဆိုတော့ အဲဒီကိစ္စတွေက ကျနော်တို့ မြန်မာပြည်သား ဒုက္ခသည်တွေ အိန္ဒိယ၊ မလေးရှား၊ ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်တွေ အမေရိကန်ပြည် ၀င်ရောက်မှုကို အများကြီးထိခိုက်ခဲ့တယ်။

မသိင်္ဂီထိုက်။ ။သူတို့အတွက် အခု လွှတ်တော်မှာ နိုင်ငံရေး သြဇာ အပြောင်းအလဲ ဖြစ်လာတော့ သူတို့အတွက် မျှော်လင့်ချက် ဘာတွေများတွေ့ရပါသလဲ။

ဒေါက်တာ Ro Dinga။ ။ အခုကတော့ ပြောဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စတွေ အမေရိကန်ပြည်ထောင်စုကို fiscal year တခုမှာ လူဘယ်နှစ်ယောက် Refugee လက်ခံမလဲဆိုတာကို အောက်ခြေကော်မတီ သေးသေးလေးတွေက တဆင့်ပြီးတဆင့်တက်လာပြီးတော့ နိုင်ငံခြားရေးဝန်ကြီးကနေ လွှတ်တော်ကို အတည်ပြုချက် ယူရပါတယ်။ အဲဒီနောက်မှာမှ သမ္မတကနေ လက်မှတ်ထိုး အတည်ပြုလာတဲ့ အခြေအနေဖြစ်ပါတယ်။ အဆင့်ဆင့်ပေါ့လေ။ ကျနော့်အနေနဲ့ကတော့ ဒီလောက်ကြီး အပြောင်းအလဲ ဖြစ်မယ်လို့ မထင်ပါဘူး။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးက အဓိက ဆုံးဖြတ်ပေးတဲ့ အဆင့်ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG