သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်ရေးအကူအညီ ယူကရိန်းအတွက် ဘယ်လောက်အရေးကြီးသလဲ


ယူကရိန်း စစ်သားတဦးကို လေ့ကျင့်ပေးနေတဲ့ အမေရိကန် တပ်ဖွဲ့။
ယူကရိန်း စစ်သားတဦးကို လေ့ကျင့်ပေးနေတဲ့ အမေရိကန် တပ်ဖွဲ့။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲဆိုရေး အောက်လွှတ်တော်က စုံစမ်းစစ်ဆေးနေတာမှာ အဓိက အာရုံ စိုက်နေတာကတော့ နိုင်ငံရေး ပယောဂ ပါတဲ့ကိစ္စရပ်တခု သမ္မတထရမ့်ပ်အတွက် လုပ်ပေးမယ်လို့ ယူကရိန်းခေါင်းဆောင်က ကတိ ပေးတဲ့ထိ အမေရိကန်က ပေးမယ်လို့ ပြောထားပြီးသား စစ်ရေးအကူအညီကို သမ္မတအိမ်ဖြူတော်က ဆိုင်းထားခဲ့သလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီကိစ္စမှာ သမ္မတပါဝင်တဲ့ အခန်းကဏ္ဍကို လွှတ်တော်အမတ်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ ဒီ အခြေ အတင်ဖြစ်နေတဲ့ကိစ္စမှာ အဓိကပါနေတဲ့ စစ်ရေးအကူအညီက ဘာပါလဲ … ဒီအကူအညီက ယူူကရိန်းအတွက် ဘာ့ကြောင့် သိပ် အရေးကြီးတာပါလဲ … ဗွီအိုအေ သံတမန်ရေး သတင်းထောက် Cindy Saine ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းအရှေ့ပိုင်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်းပိုင် Crimea ဒေသကို သူ့ပိုင်နက်ထဲ သိမ်းယူလိုက်ပါတယ်။ အဲဒီအချိန်ကတည်းက စလို့ ယူကရိန်းအနေနဲ့ ပိုပြီးအားကောင်းတဲ့ အိမ်နီးချင်း ရုရှားရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အမေရိကန်က စစ်ရေးအကူအညီ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ပေးခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသမှာလည်း ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ သီးခြားခွဲထွက်ရေးဝါဒီတွေကို ယူကရိန်းက တိုက်နေရတာပါ။ Atlantic ကောင်စီက သုတေသီတဦးဖြစ်တဲ့ Mark Simakovsky က အခုလိုပြောပါတယ်။

“အဲဒီအချိန်ကတည်းက စလို့ အိုဘားမားအစိုးရရော ထရမ့်ပ်အစိုးရကပါ ပိုပြီးအရေးပါတဲ့ စစ်ပစ္စည်းကိရိယာ တွေ ယူကရိန်းကို ပေးလာတာပါ။ အမြောက်၊ ဒုံးကျည်လို လက်နက်တွေ ဝင်လာတာကိုသိနိုင်တဲ့ ရေဒါတွေ၊ ညကြည့်မျက်မှန် တွေ၊ ဟမ်းမ်ဗီးကားတွေ၊ စစ်သုံးခမောက်တွေ စသည်အားဖြင့် ပါပါတယ်။ ထရမ့်ပ်အစိုးရကတော့ အိုဘားမားအစိုးရ မပေးချင်ခဲ့တဲ့ တိုက်ခိုက်ရေး လက်နက်တွေ ပိုပေးခဲ့ပါတယ်။ တင့်ကားဖျက် ဒုံးကျည်တွေအပြင် အရှေ့ပိုင်းမှာ ခွဲထွက်ရေးဝါဒီတွေကို တိုက်ခိုက် တာမှာ အထောက်အကူဖြစ်စေတဲ့ စစ်သင်တန်းတွေ ပိုပေးခဲ့ပါတယ်။”

သမ္မတဟောင်း Barack Obama ဟာ ဒီပဋိပက္ခမှာ အမေရိကန်အနေနဲ့ သိပ်ထဲထဲဝင်ဝင် အခြေအနေမျိုး ရောက်မှာကို သတိထား ခဲ့တယ်လို့ Wilson Center က Will Pomeranz ကပြောပါတယ်။

“ပဋိပက္ခအစမှာ အိုဘားမားက သူ့အဆိုအားဖြင့် ပဋိပက္ခကို တနည်းနည်းနဲ့ ထိန်းချုပ်ပြီး စစ်ပွဲကို အဆုံးသတ် ရေး နည်းလမ်းရှာခဲ့တာပါ။ အမေရိကန်က အကူအညီတွေ တိုးပေးတဲ့အခါ ရုရှားကလည်း ပိုထောက်ပံ့လာမယ် ဆိုရင် ပိုကြီးမားတဲ့ ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်ခဲ့တာပါ။”

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် ကိုယ်တိုင်က ယူကရိန်းအပေါ် သိပ်အမြင် မကောင်းလှပေမယ့် တင့်ကားဖျက်ဒုံးတွေ အပါအဝင် တိုက်ခိုက်ရေး လက်နက်တွေ ပေးဖို့ ထရမ့်ပ်အစိုးရက အတည်ပြုခဲ့တယ်လို့ Brookings Institution က Michael O’Hanlon က ပြောပါတယ်။

“တကယ်တမ်းကျတော့ သမ္မတထရမ့်ပ် စိတ်ထဲမှာ ယူကရိန်းကို ကူညီချင်လှတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဆုံးကျတော့ သူကူညီရမယ် ဆိုတာကို သူ့ခေါင်းနဲ့ သူ့အကြံပေးတွေက ပြောခဲ့တာပါ။”

ကျွမ်းကျင်သူတွေ အဆိုအရ သိပ်ကို လိုအပ်နေတဲ့ စစ်သင်တန်းပေးဖို့ အပါအဝင် ဒီဘဏ္ဍာနှစ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၃၉၁ သန်း ယူကရိန်းကို ပေးဖို့ လွှတ်တော်က ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့ပါတယ်။ Wilson Center သုတေသီ Will Pomeranz က အခုလိုပြောပါတယ်။

“ဒီစစ်ပွဲစတဲ့ အချိန်မှာ ယူကရိန်းစစ်တပ်ဟာ တိုင်းပြည်ရဲ့ တခြားဌာန အများစုလိုပဲ ပျက်စီယိုယွင်းပြီး အကျင့် ပျက်ခြစားမှုက ကြီးစိုးနေခဲ့ပါတယ်။ တိုက်ပွဲဝင် တပ်ဖွဲ့တခုအနေနဲ့ တောင်မှ တည်ရှိနိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။”

အမေရိကန် အကူအညီဟာ တခြားနိုင်ငံတွေကို ပေးတဲ့ စစ်ရေးအကူအညီနဲ့ နှိုင်းယှဉ်ရင် ပမာဏ နည်းပေမယ့် ယူကရိန်းရဲ့ စွမ်းရည်နဲ့ စိတ်ဓာတ်ကို သိသိသာသာ တိုးတက်စေခဲ့တယ်လို့ Michael O’Hanlon ကပြောပါတယ်။

“အာဖဂန်နစ္စတန်ကို ပေးတာက အများကြီးပိုပါတယ်။ တနှစ်ကို ဒေါ်လာ ဘီလီယံ အတော်များမယ်လို့ ကျနော်ထင်တယ်။ လက်ရှိအချိန်မှာ အီရတ်ကိုလည်း အလားတူ ပမာဏလောက် ပေးနေတယ်လို့ ကျနော်ထင်ပါတယ်။”

ဒီလိုအကူအညီပေးနေတာက ယူကရိန်းကို အနီးကပ် မဟာမိတ် နိုင်ငံတခုအဖြစ် အမေရိကန်က သတ်မှတ်ပြီး ကျောထောက် နောက်ခံပေးနေတယ် ဆိုတာ ရုရှားကို အခိုင်အမာပြောတာလည်း ဖြစ်တယ်လို့ သမ္မတကို တရားစွဲဆိုရေး မကြာသေးခင်က လုပ်တဲ့ ကြားနာပွဲတွေ အတွင်း နိုင်ငံခြားရေးဌာန ဝါရင့်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီထဲမှာ ရုရှား၊ ယူကရိန်းနဲ့ ယူရေးရှားဒေသဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Laura Cooper လည်း တဦး အပါအဝင်ပါ။

“ယူကရိန်းအနေနဲ့ အားကောင်းတဲ့ အနေအထားတခုနဲ့ ရုရှားနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ဆွေးနွေးနိုင်အောင် ယူကရိန်းကို စစ်ရေးအကူအညီ ပေးနေပါတယ်။ ဒီစစ်ပွဲမှာ သေဆုံးသူ ပိုတိုးလာနေပြီး ၂၀၁၄ ခုနှစ်မှာ ရုရှားကျူးကျော်ချိန် ကတည်းကဆိုရင် ယူကရိန်းနိုင်ငံသား ၁၄,၀၀၀ အသက်ဆုံးခဲ့ရပါပြီ။”

ဒီဇင်ဘာလအစောပိုင်းမှာ ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီက ကိုယ်စားလှယ်တွေ ပါရီမြို့မှာစည်းဝေးပြီး ပဋိပက္ခအဆုံးသတ် ရေး ဆွေးနွေးကြဖို့ရှိပါတယ်။ အမေရိကန်ကတော့ အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဖို့မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)
















XS
SM
MD
LG