သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကားရောက် မြန်မာတွေ နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်


၂၀၁၈ခုနှစ်ကုန်လို့ ၂၀၁၉ ခုနှစ်ကူးပြောင်းမယ့် နှစ်သစ်အချိန်ကို ကြိုဆိုဖို့ အမေရိကန်ပြည်ထောင်စု တ၀န်း ပြင်ဆင်နေတဲ့ မြို့ကြီးတွေမှာ New York၊ San Francisco ၊ Miami စတဲ့ မြို့ကြီး ၁၀ မြို့မှာတော့ အစဉ်အလာမပြတ် အစည်ကားဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ အမေရိကန်ရောက် မြန်မာတွေလည်း နှစ်သစ်ကူး ကြိုဆိုပွဲတွေမှာ ပါဝင်ဆင်နွှဲကြဖို့ ပြင်နေကြပါပြီ။ အပြည့်အစုံကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံထားရပေမယ့်လည်း အခုလို နှစ်သစ်ကူး ကြိုဆိုပွဲတွေအတွက် အထိအခိုက်မခံပဲ လူပေါင်းသန်းနဲ့ချီ ပါဝင်ဆင်နွှဲဖို့ လုံခြုံရေးအရ အထူး ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ၁၉၀၇ ခုနှစ် ကတည်းက စတင်ပြီး နှစ်ပေါင်း တရာကျော် အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပလာတဲ့ နယူးရောက် မြို့လည်ကောင် Times square မှာဆိုရင် ကမ္ဘာလှည့်ခရီးသည် ၁ သန်းလောက် ပါဝင်ဆင်နွှဲမယ့် နှစ်သစ်ကူး အကြိုပွဲအတွက် လုံခြုံရေးအပြည့် ချထားကြောင်း နယူးရောက်မြို့ခံ မြန်မာနွယ်ဖွား ကိုဝင်းစိုင်းက ဗွီအိုအေကို ပြောပါတယ်။

" မြို့လည်ကောင် Times square လိုနေရာမျိုး နဂိုကတည်းကမှ အရမ်းစည်ကားတဲ့နေရာလေးတွေ လူတွေက တိုးမပေါက်အောင်စည်ကားတဲ့နေရာလေးတွေ နယူးရောက် မြို့က ခရစ္စမတ် သစ်ပင်ရှိတဲ့ Rockefeller center လမ်း ၅၀ အထိကို တောက်လျောက်ကို လူတွေက တိုးမပေါက်ဘူး အဲဒါက အစောကြီးအပိုင်းကတည်းက ။ အခုရက်ဆိုရင်တော့ ပိုဆိုးတာပေါ့ ၊ လုံခြုံရေးအရဆိုရင်လည်း CCTV ကင်မရာတွေ အကုန်လုံး တပ်ဆင်ထားတာတွေရှိတယ်။ Times square လိုနေရာမျိုး ကျတော့ ကမ္ဘာလှည့်တွေ ဥရောပသားတွေ တချိန်လုံးအရမ်းစည်ကားတဲ့နေရာဆိုတော့ ခါတိုင်းလည်း လုံခြုံရေးက သေချာ လုပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ဆိုရင် လူတွေက ၄၂ လမ်းလို Times square လိုနေရာမျိုးကနေပြီးတော့ နံရံတွေမှာလည်း ဒီဂျစ်တယ် ဘုတ်တွေကြီးပဲ အဲဒီတော့ အဲဒီကနေပြီးမှ လုံခြုံရေးအရရော သူတို့ အရပ်အဖွဲ့ရော CCTV ရော ၊ အနံ့ခံခွေးတွေကအစ လုပ်ထားတဲ့အတွက် အားလုံးစိတ်ချရပါတယ်။

မေး။ ။ ကိုဝင်းစိုင်းတို့ရော Times square သွားကြမလားရှင့်။

ဖြေ။ ။ အဲလိုနေရာမျိုးကျတော့ လူတအားစည်တော့ ကျနော်ကတော့ သွားမတိုးချင်ဘူး။ ကိုယ့်ဟာကိုယ် အိမ်မှာပဲ barbecue လုပ်ပြီးတော့ နှစ်သစ်ကို ကြိုကြတာပေါ့လေ။ အိမ်ကနေ TV ကြည့်ပြီးတော့ နှစ်သစ်ရောက်မယ့် အချိန် Count Down ကိုရေပြီးတော့ အိမ်မှာ စားကြသောက်ကြနဲ့ ပျော်ပျော်ပါးပါး ဒီလိုပဲ ဖြတ်သန်းကြတာပါပဲ။"

နှစ်သစ်ကူးအကြိုကျင်းပမယ့် အစည်းကားဆုံး မြို့ ၁၀ မြို့ကြီးထဲမှာပါဝင်တဲ့ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက်ခြမ်း Florida ပြည်နယ်၊ Miami မြို့မှာလည်း ဒီနှစ် ထူးခြားချက်အဖြစ် ပြည်နယ်ရဲ့ သင်္ကေတ လိမ္မော်ရောင် အထိမ်းအမှတ်ေ ဘာလုံးပုံစံပြုလုပ်ပြီး နှစ်ဟောင်းကုန် နှစ်သစ်ကူးဖို့ မိနစ်ပိုင်းအလိုနဲ့ ချိန်ကိုက်ပြီး ပွဲလာပရိသတ်တွေ ၀ိုင်းဝန်းအော်ဟစ်ရေတွက်ဖို့ ပြင်ဆင်ထားကြောင်း Miami မြို့ခံ မြန်မာနွယ်ဖွား မဟန်ဆုယဉ်က ပြောပါတယ်။

"Miami မှာကတော့ အမြဲတမ်း နှစ်တိုင်းလုပ်ဖြစ်တဲ့နေရာကတော့ အထင်ကရနေရာကတော့ Bay Side လို့ခေါ်တဲ့ Bayfront park အဲဒီမှာတော့ နှစ်တိုင်းလိုလို Count Down လုပ်ဖြစ်တယ်။ ကျမလည်း လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတော့ ၁ နှစ်ကြုံဖူးပါတယ်။ ဒီနှစ်ကတော့ သူတို့က ထူးထူးခြားခြားအနေနဲ့ Florida ရဲ့ Logo ဖြစ်တဲ့ Orange ပေါ့နော် သူတို့ကတော့ Big Orange လို့ခေါ်တာပေါ့နော် Orange ပုံစံမျိုးကို Count Down အနေနဲ့ လုပ်ဖို့ စီစဉ်ထားပါတယ်။ Miami ထုံးစံအရပေါ့လေ ပုံမှန်လေးပဲဖြစ်ပါတယ်။ ညဘက်ဆိုရင်တော့ ၇၀-၈၀ ဒီဂရီ ကြားထဲမှာ ရှိနေပါတယ်။ အရမ်းကြီးတော့ မအေးပါဘူး ဒီတပတ်ကတော့ ။"

ဆူရှီလုပ်ငန်း အများဆုံးလုပ်ကိုင်ကြတဲ့ မြန်မာမိသားစုတွေ အနေနဲ့ ရတဲ့အချိန်မှာ နှစ်သစ်ကူးကို ၀ိုင်းဝန်းဆင်နွှဲကြမှာဖြစ်တယ်လို့ မဟန်ဆုယဉ်က ဗွီအိုအေကို ပြောပါတယ်။

"ဒီဘက်မှာနေတဲ့ မြန်မာတွေကတော့ ဆူရှီလုပ်ငန်း လုပ်တဲ့ မြန်မာတွေများတဲ့အခါကျတော့ ဆိုင် ပြီးတဲ့အချိန်လေးတွေမှာ အဆင်ပြေရာ နီးစပ်ရာ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ အိမ် ၁ အိမ်မှာ စုပြီးတော့ စားကြသောက်ကြပြီးတော့ ၁၂ နာရီ မထိုးခင်အချိန်မှာ TV ဖွင့်ထားပြီးတော့ New York တို့ Miami က Count Down နဲ့ အပြိုင်လိုက်အော်ပြီးတော့ New Year ကို ဖြတ်ကျော်ကြတာပေါ့နော်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ကိုယဉ်ထွေးကလည်း ၂၀၁၉ခုနှစ်ကူးပြောင်းမယ့် နှစ်သစ်ကို ကြိုဆိုဖို့ မြန်မာမိသားစုတွေ ပြင်ဆင်နေကြပုံကို အခုလို ပြောပြပါတယ်။

" ကျနော်တို့ကတော့ ဒီမှာ မိသားစုတွေရှိတယ်ပေါ့နော် သူငယ်ချင်း မိသားစုအသိုင်းအ၀ိုင်းတွေရှိတယ် ၊ ရှိပြီးတော့ ၁ နှစ် တခါလုပ်တဲ့ အခါမှာ သူငယ်ချင်းတွေအိမ်တွေလိုက်ရွေးတယ်။ သူငယ်ချင်းတွေ ဒီနှစ် ဒီအိမ်မှာ လုပ်တယ်ဆိုရင် နောက်နှစ် နောက်တအိမ်မှာ ပြောင်းလုပ်တယ်။ လုပ်တဲ့အခါကျတော့ မိသားစုတွေက တယောက်တမျိုး တအိမ်တမျိုးနဲ့ အစားအသောက်တွေ ယူလာတယ်။ ယူလာကြပြီးတော့ စုဝေးပြီးတော့ စားသောက်ကြတယ်။ ပြောကြဆိုကြတယ်ပေါ့ တယောက်နဲ့တယောက် ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောကြတယ်။ ပြီးလည်းပြီးတဲ့ အခါကျတော့ နှစ်သစ်ကူးတဲ့အချိန်ရောက်တဲ့အခါကျတော့ ကျနော်တို့ ဆုတောင်းကြတဲ့အတိုင်းပဲပေါ့ Happy New Year အော်ကြတယ်။ အဲဒီအချိန်မှာပဲ မြန်မာပြည် ငြိမ်းချမ်းပါစေ မြန်မာပြည် လိုချင်တဲ့ ဒီမိုကရေစီ ရရှိပါစေ တောင်းဆိုတာတွေလည်း နှစ်တိုင်းကြုံနေရပါတယ် ဒီနှစ်လည်းဒီလိုပဲပေါ့နော် ကျနော်တို့ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ၊ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီကြီးရရှိပါစေ ဆိုတဲ့ ဆုတောင်းသံနဲ့ နှစ်သစ်ကို ကူးပြောင်းဖို့ လုပ်ထားကြပါတယ်ခင်ဗျ။"

အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ်သစ်ကို ကြိုဆိုမယ့် နှစ်သစ်ကူးပွဲကို အစည်းကားဆုံး ဖြစ်အောင် စီစဉ်ထားတဲ့ ထိပ်ဆုံး ၁၀မြို့ကတော့- Dulles ၊ San Francisco၊ Chicago ၊ Orlando ၊ Denver ၊ New Orleans ၊ Los Angeles ၊ Miami ၊ Las Vegas ၊ New York တို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG