သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အမျိုးသားလုံခြုံရေးအကြံပေး လက်အောက်ခံဝန်ထမ်းတွေ လွတ်လပ်စွာခန့်ထားခွင့်ရှိမည်


ကန် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် လျှာထားခံရသူများ
ကန် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် လျှာထားခံရသူများ

သမ္မတ Donald Trump က အသစ်ရွေးချယ် ခန့်အပ်ဖို့ရှိတဲ့ အမျိုးသားလုံခြုံရေး အကြံပေးအနေနဲ့ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကို အပြည့်အ၀ ရွေးချယ် ခန့်ထားပိုင်ခွင့်ရှိမှာဖြစ်ကြောင်း အိမ်ဖြူတော် ဝန်ထမ်း အရာရှိချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း Robert Harward က အမျိုးသားလုံခြုံရေး အကြံပေးရာထူးအတွက် ငြင်းပယ်လိုက်တဲ့အထဲ အဲဒီလို လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင်ပိုင်ခွင့် မရှိတဲ့အတွက် ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အသစ်ခန့်အပ်တာဝန်ပေးခံရမယ့် အမျိုးသားလုံခြုံရေး အကြံပေးအနေနဲ့ ဘယ်သူတွေကို ခန့်ချင်တယ်၊ ဘယ်လို ပုံစံနဲ့ ဖွဲ့စည်းလုပ်ဆောင်မယ်ဆိုတဲ့ ကိစ္စတွေအတွက် အပြည့်အ၀ လုပ်ပိုင်ခွင့်ရှိမယ်လို့ သမ္မတက အတိအလင်း ပြောဆိုထားပြီးဖြစ်ကြောင်း အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် Reince Priebus က တနင်္ဂနွေနေ့မှာ Fox သတင်းဌာနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်း အတွင်း ပြောကြားလိုက်တာပါ။

အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ၂၄ ရက် တာဝန်ထမ်းဆောင်ပြီး ရာထူးကနေ နှုတ်ထွက်သွားတဲ့ Michael Flynn နေရာမှာ အစားထိုး ခန့်အပ်ဖို့ သမ္မတ Trump က ရေတပ်ဗိုလ်ချုပ်ကြီး Warward ကို ဦးစွာ ရွေးချယ်ခဲ့တာပါ။

မစ္စတာ Trump သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင် ဗိုလ်ချုပ်ကြီးဟောင်း Michael Flynn နဲ့ ရုရှားသံအမတ်ကြီးတို့ တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြတဲ့ကိစ္စမှာ ရုရှားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအကြောင်း ပါခဲ့တယ်ဆိုတဲ့ ကိစ္စကို Flynn က ဒုသမ္မတ Mike Pence ကို ပြန်လည် ပြောပြချိန်မှာ ထိန်ချန်ထားတယ်ဆိုတဲ့အတွက်ဆိုပြီး Flynn ကို ရာထူးက နှုတ်ထွက်ဖို့ သမ္မတ Trump က တောင်းဆိုခဲ့တာပါ။

ရုရှားသံအမတ်နဲ့ တယ်လီဖုန်းနဲ့ ပြောဆိုခဲ့တဲ့အထဲ ရုရှားပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအကြောင်း ပါခဲ့ပေမယ့် အဲဒီ ကိစ္စကို ထိန်ချန်ထားတယ်ဆိုတဲ့အတွက် Flynn ကို အမေရိကန် သတင်းမီဒီယာတွေကလည်း ဝေဖန် ရေးသားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG