သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် ဗုံးခွဲသမား အကြမ်းဖက်မှုဆိုင်ရာ စွဲချက် ၅ ခုနဲ့ ရင်ဆိုင်


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က မြေအောက်ရထား သယ်ယူပို့ဆောင်ရေး စနစ်ကို ပိုက်ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ပွားအပြီး နောက်တရက်အကြာ အင်္ဂါနေ့မှာ တိုက်ခိုက်ခဲ့သူ ဘင်္ဂလားဒေ့ရှ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူ Akayed Ullah ကို အကြမ်းဖက်ဝါဒဆိုင်ရာ စွဲချက် ၅ ချက်ခုနဲ့ စွဲချက်တင်ဆိုလိုက်ကြောင်း ပြည်ထောင်စု အစိုးရရှေ့နေတွေက ကြေညာလိုက်ပါတယ်။

တိုက်ခိုက်သူဟာ IS အစ္စလာမ်မစ် အစွန်းရောက် တွေကို အားကျသူဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် Ullah အပေါ် စွဲချက်တင်ထားတဲ့အထဲမှာ အပြင်းထန်ဆုံး စွဲချက်တွေကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့ကို ရုပ်ဝတ္ထုပစ္စည်း အထောက်ပံ့ပေးမှုနဲ့ လူအများသေကြေဒဏ်ရာရစေတဲ့ လက်နက်တွေကို အသုံးပြုမှု စတာတွေဖြစ်ပြီး ဒီပစ်မှုတခုစီဟာ အမြင့်ဆုံးထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်အထိ ကျခံနိုင်ပါတယ်။

ဒါ့အပြင် Ullah ကို လူအများပြား သွားလာနေကြတဲ့ နေရာကို ဖေါက်ခွဲမှုပြုလုပ်ခြင်း၊ အများသုံးတဲ့နေရာကို မီးလောင်စေအောင်လုပ်မှု၊ ဖေါက်ခွဲပစ္စည်း အသုံးပြုမှု စတဲ့စွဲချက်တွေလည်း စွဲဆိုထားကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ရာဇဝတ်မှုခင်းဆိုင်ရာ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီပြစ်မှုတွေက ထောင်ဒဏ် ၅ နှစ်ကနေ နှစ် ၃၀ အထိ ကျခံရနိုင်ပါတယ်။

စွဲချက်တွေနဲ့ ပတ်သက်ပြီး New York မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ New York တောင်ပိုင်းခရိုင် ပြည်ထောင်စု ယာယီအစိုးရရှေ့နေ Joon Kim က ကြေညာခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဟာ တနင်္လာနေ့ မနက် ၇ နာရီ ၂၀ မှာ Time Square မြေအောက်ဘူတာရဲ့ Port Authority ဘတ်စ်ကား ဂိတ်မှာ ဖြစ်ပွားခဲ့တာပါ။ Ullah ဟာ လူအများအပြားထိခိုက် ဒဏ်ရာ ရသွားအောင်ရည်ရွယ်ပြီး အချိန်နဲ့ နေရာကို ရွေးချယ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရှေ့နေ Kim က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG