သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားအရေး မြန်မာအတိုင်ပင်ခံကို ကန်သမ္မတ စာပေးပို့ခဲ့


နျူကလီးယားလက်နက်အစီအစဉ်တွေကို ရန်ပုံငွေပံ့ပိုးနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားစီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံကနေထွက်ခွာသွားအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ရှိပါကြောင်း အမေရိကန်သမ္မတ Donald Trump က မကြားသေးခင်က စာတစောင်ရေးသားပေးပို့ခဲ့တယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာအကြီးတန်း ညွှန်ကြားရေးမှူး Matt Pottinger ကပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့အမေရိကန်စင်တာမှာ ကျင်းပတဲ့ ညွှန်ကြားရေးမှူး Matt Pottinger ရဲ့ မီဒီယာစကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးရောက်ရှိနေတဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာအကြီးတန်း ညွှန်ကြားရေးမှူး Matt Pottinger က သမ္မတ Donald Trump က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်က စာတစောင်ပေးပို့ခဲ့တယ်လို့ အခုလိုပြောဆိုလိုက်ပါတယ်။

“သမ္မတထရမ့်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံကို သိပ်မကြာသေးတဲ့ သီတင်းပတ်တွေအတွင်းက စာတစောင်ရေးသားပေးပို့ခဲ့ပါတယ်။ မြောက်ကိုရီးယားအာဏာရှင်အစိုးရနဲ့ နျူကလီးယာလက်နက်အစီအစဉ်တွေအတွက် ရန်ပုံငွေပံ့ပိုးပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံကနေနှင်ထုတ်လိုက်တဲ့အတွက်ကျေးဇူးတင်ကြောင်းစာရေးသားခဲ့တာပါ။ သမ္မတထရမ့်အစိုးရတက်လာကတည်းက မြောက်ကိုရီးယားအပေါ်ရပ်တည်ခဲ့တဲ့ စီးပွားရေးအရဖိအားပေးတဲ့ မူဝါဒက မပြောင်းလဲသေးပါဘူး။ တကမ္ဘာလုံးရဲ့ရပ်တည်ချက်ကလည်း ဒီအတိုင်းဘဲဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနှစ်ကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း၊ အမေရိကန်အပါအဝင်၊ မဟာမိတ်တွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြောက်ကိုရီးယားအပေါ် ဆက်လက် ဖိအားပေးသွားမှာဖြစ်ပါတယ်။”

မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ ဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုက မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ပြီး၊ စစ်ရေးအရဆက်ဆံရေးကို စိုးရိမ်မကင်းဖြစ်ရကြောင်း အလျဉ်းသင့်တဲ့အခါတိုင်း ထောက်ပြပြောဆိုနေခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲအပြီး ဆက်ဆံရေးတိုးတက်လာတာနဲ့ အမျှ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ VOA ရဲ့အမေးကို အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာအကြီးတန်း ညွှန်ကြားရေးမှူး Matt Pottinger က ရှင်းပြသွားတာဖြစ်ပါတယ်။

မြန်မာပြည်တွင်း ပဋိပက္ခဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပံ့ပိုးသွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကနေထွက်ခွာသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအကူအညီပေးသလို၊ ရခိုင်ဒေသခံတိုင်းရင်းသားတွေကိုလည်း မျှမျှတတ အကူအညီပေးနေပါကြောင်းလည်း Matt Pottinger ကပြောဆိုသွားပါတယ်။

“အထူးသဖြင့် ရခိုင်အကျပ်အတည်းဟာ ဧရာမလူမှုရေးအကျပ်အတည်းဖြစ်ပြီး မြန်မာတနိုင်ငံတည်း မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေအားလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုလည်း သိပ်ကိုထိခိုက်နစ်နာစေပါတယ်။ မြန်မာနိုင်ငံမျှော်မှန်းနေတဲ့ ဒီမိုကရေစီရည်မှန်းချက်ကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဒီရခိုင်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အမြဲထောက်ပြပြောဆိုနေတဲ့တချိန်တည်းမှာဘဲ မိတ်ဆွေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲတွေပြေလည်အောင် အကူအညီပေးဖို့ကိုလည်း တာဝန်ခံထားတာလည်းဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရခိုင်ပြည်နယ်တွင်းနေထိုင်သူ လူဦးရေအားလုံးခံစားနေကြရတာကို ကျနော်တို့အသိအမှတ်ပြုပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးရေးနဲ့ လူသားချင်စာနာမှုအကူအညီတွေကို ရခိုင်ပြည်နယ်ကလူထုအားလုံးအတွက် သာတူညီမျှပေးနေတာဖြစ်ပါတယ်။ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသာ်တွေအတွက်ဘဲမဟုတ်ဘဲ ကျန်တိုင်းရင်းသားတွေကိုပါ ပံ့ပိုးကူညီနေတာပါတယ်။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို လက်မခံပါဘူး။ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းက ဒီမွတ်ဆလင်လူမှုအသိုင်းအဝိုင်းကို အခြားဒေသခံတိုင်းရင်းသားတွေနည်းတူ လူသားချင်းစာနာမှုအကူအညီတွေ ပေးနေပါတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂနဲ့ပူးပေါင်းပြီး အကူအညီေတွေပေးဖို့ကိုလည်း သဘောတူထားပါတယ်။

တိုင်းရင်းသားလူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နောက်ထပ်ပိတ်ဆို့မှုတွေလုပ်တာထက် ထိတွေ့ဆက်ဆံခြင်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာခရီးရောက်နိုင်လို့ ယူဆကြောင်းလည်း Matt Pottinger ကပြောပါတယ်။

တိုင်းရင်းသားလူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နောက်ထပ်ပိတ်ဆို့မှုတွေလုပ်တာထက် ထိတွေ့ဆက်ဆံခြင်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာခရီးရောက်နိုင်လို့ ယူဆကြောင်းလည်း Matt Pottinger ကပြောပါတယ်။

“အလုပ်ဖြစ်မယ့်နည်းလမ်းနဲ့ မြန်မာအစိုးရကို ထိတွေ့ဆက်ဆံသွားမှာဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ လမ်းကြောင်းကနေ တရားမျှတစွာကိုင်တွယ်နိုင်ရေး အကူအညီပေးသွားမှာပါ။ အစိုးရအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ကျိုးပမ်းအားထုတ်ဖို့ နောက် ရေရှည်မှာလူနည်းစုတွေအပေါ် လေးစားမှုပြသနိုင်ဖို့ တိုက်တွန်းအားပေးမှာဖြစ်သလို၊ မြန်မာ လူများစုရဲ့အကျိုးစီးပွားအတွက်လည်းအများကြီးအထောက်အကူပြုသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းဖို့ စမ်းသပ်ချက်တရပ်ကတော့ တရားမျှတရေးနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကိုအကာအကွယ်ပေးနိုင်မလားဆိုတာပါဘဲ။”

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာအကြီးတန်း ညွှန်ကြားရေးမှူး Matt Pottinger ဟာ သမ္မတထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွမ်တို့ ထိပ်သီးအစည်းအဝေးအပြီး စင်္ကာပူကနေ အာရှခရီးစဉ် ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာပါ။ Matt Pottinger ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးစိန်ဝင်း၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ မနက်ဖြန်နေပြည်တော်မှာတွေ့ဆုံဖြစ်သလို ဘာသာရေးခေါင်းဆောင်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူငယ်များနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရတဲ့ မြောက်ကိုရီယားစီးပွားရေးလုပ်ငန်းတွေ ဘယ်ဟာဆိုတာကိုတော့ အမေရိကန်တာဝန်ရှိသူက ပြောမသွားပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းအတွင်းကတော့ ရန်ကုန်မှာ ဖွင့်ထားတဲ့ မြောက်ကိုရီယားစားသောက်ဆိုင်ကို မြန်မာအာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံတွင်းက မြောက်ကိုရီယားစီးပွားရေးလုပ်ငန်းတွေ ပိတ်ပင်ခံရတာဆိုတာနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူအချို့ကို ဗွီအိုအေ ဆက်သွယ်မေးမြန်းပေးမယ့်၊ မှတ်ချက်ပေး ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG