သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေဆိပ်ဆိုက်မယ့် နိုင်ငံခြားလေယာဉ်တွေ ကွန်ပြူတာ laptop သယ်ယူခွင့် မပိတ်ပင်


အမေရိကန်လေဆိပ်တွေကို အသုံးပြုတဲ့ နိုင်ငံခြား လေကြောင်းလိုင်းတွေအားလုံး လုံခြုံရေးအရ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အမေရိကန်အစိုးရက တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့၊ laptop ကွန်ပျူတာတွေ ကိုယ်နဲ့အတူ သယ်ဆောင်ခွင့် ပိတ်ပင်ထားတာကိုတော့ တိုးမြင့်ကန့်သတ်တာ မလုပ်ခဲ့ပါဘူး။

ရန်သူတွေဟာ ဖောက်ခွဲရေးပစ္စည်းတွေကို ခိုးဝှက်သယ်ဆောင်နိုင်မယ့်၊ အတွင်းလူတွေကို လူသစ် စုဆောင်းပြီး လေယာဉ်ပြန်ပေးဆွဲတာတွေ လုပ်နိုင်မယ့် နည်းလမ်းသစ်တွေရှာဖို့ အချိန်ပြည့်လုပ်ဆောင်နေတာ အမြင်မမှားဖို့ လိုတယ်လို့ အမိမြေလုံခြုံရေးဌာန ဝန်ကြီး John Kelly က ဗုဒ္ဓဟူးနေ့မှာပြောဆိုသွားပါတယ်။ ခရီးသွားတွေ မြင်နိုင်တာရော၊ မမြင်နိုင်တာရော ပါမယ့် လုံခြုံရေးနည်းလမ်းသစ်တွေကို လာမယ့် လအနည်းငယ်အတွင်း ချမှတ်လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီး ကယ်လီ က ပြောပါတယ်။

ခရီးသွားတဲ့အခါ လုံခြုံရေး အစစ်ဆေးခံရတာတွေ တိုးလာနိုင်ပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေကို ပိုပြီး အသေးစိတ် စစ်ဆေးတာ၊ လေယာဉ်တွေပေါ်မှာနဲ့ လေဆိပ်အဝင်အထွက် ဂိတ်တွေမှာ ပိုပြီး စစ်ဆေးတာ၊ လေ့ကျင့်သင်တန်းပေးထားတဲ့ အနှံ့ခံခွေးတွေ သုံးပြီး ဗုံးနဲ့ဓာတုပစ္စည်းတွေ ပါနေမလားဆိုတာကို လိုက်လံစစ်ဆေးတာတွေ တိုးပြီး လုပ်ဆောင်လာနိုင်တာ ဖြစ်ပါတယ်။

laptop ကွန်ပျူတာတွေကို ကိုယ်နဲ့အတူ သယ်ဆောင်ခွင့် ပိတ်ပင်ထားတာကိုတော့ အမိမြေလုံခြုံရေးဌာနက ထပ်ပြီး တိုးမြှင့်ကန့်သတ်တာတော့ မလုပ်ခဲ့ပါဘူး။ IS စစ်သွေးကြွတွေက လေယာဉ်ပေါ်မှာ ဖောက်ခွဲတိုက်ခိုက်ဖို့အတွက် ဗုံးလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရခဲ့ပြီးတဲ့ နောက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက လေဆိပ်တွေကနေ ထွက်ခွာလာတဲ့ လေယာဉ်တွေပေါ်မှာ laptop ကွန်ပျူတာ သယ်ဆောင်ခွင့်ကို အမေရိကန်က ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒီပိတ်ပင်မှုကို ဥရောပနိုင်ငံတွေကလာတဲ့ လေယာဉ်တွေမှာလည်း ပိတ်ပင်သွားဖို့ အမေရိကန်အာဏာပိုင်တွေက စဉ်းစားခဲ့ကြပေမဲ့ တချို့ လေကြောင်းလိုင်းတွေက ဒါကို ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG