သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲနဲ့ အာရှနွယ်မဲဆန္ဒရှင်များ


၂၀၂၄ ခုနှစ် အမရိကန်သမ္မတရွေးကောက်ပွဲယှဥ်ပြိုင်နေကြတဲ့ လက်ရှိဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နဲ့ ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်
၂၀၂၄ ခုနှစ် အမရိကန်သမ္မတရွေးကောက်ပွဲယှဥ်ပြိုင်နေကြတဲ့ လက်ရှိဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နဲ့ ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်

သမ္မတ Joe Biden နဲ့ Donald Trump တို့ကြား ယှဉ်ပြိုင်ကြတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ၄ နှစ်ကနဲ့ယှဉ်ရင် အာရှနွယ်ဖွား အမေရိကန် မဲဆန္ဒရှင် ၂ သန်းတိုးလာမယ်လို့ Pew သုတေသနစင်တာကဖော်ပြပါတယ်။ သူတို့ရဲ့မဲဆန္ဒတွေရရှိရေး အာရှနွယ်ဖွား အမေရိကန်လွှတ်တော်အမတ်တွေ ကြိုးစားနေကြတဲ့အကြောင်း Scott Stearns က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကန်ရွေးကောက်ပွဲနဲ့ အာရှနွယ်မဲဆန္ဒရှင်များ
please wait

No media source currently available

0:00 0:04:09 0:00

အာရှနွယ်ဖွားအမေရိကန်တွေဟာ အမေရိကန်မှာ အမြန်ဆုံးတိုးပွားလာနေတဲ့ မဲဆန္ဒရှင်တွေဖြစ်တယ်လို့ Pew သုတေသနစင်တာက ဖော်ပြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာတော့ သူတို့ကြားမှာ ကွဲပြားခြားနားနေပါတယ်။ Christine Chen ဟာဆိုရင် ပါတီစွဲကင်းတဲ့အဖွဲ့အစည်း Asian Pacific Islander American Vote အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့်တော့ အိန္ဒိယနဲ့ဂျပန်မဲဆန္ဒရှင်တွေက ဒီမိုကရက်ကို အများစု ထောက်ခံကြသူတွေ ဖြစ်ပါတယ်။ ဗီယက်နမ်မဲဆန္ဒရှင်တွေကတော့ ရီပတ်ဘလီကန်တွေ များပါတယ်။ အခုအခါမှာတော့ တရုတ်နွယ်ဖွားအမေရိကန်တွေက ဒီမိုကရက် ထောက်ခံသူတွေအဖြစ်ကနေ တသီးပုဂ္ဂလတွေအဖြစ် ပြောလာသူတွေ များလာနေပါပြီ။ ဒါဟာဆိုရင် နိုင်ငံရေးပါတီတွေက ထိထိရောက်ရောက် ထိတွေ့မှု မရှိတာ၊ နောက် စည်းရုံးလှုပ်ရှာရေးအဖွဲ့တွေအနေနဲ့လည်း သူတို့ ရပ်တည်ချက်နဲ့ အကြောင်းအရာကိစ္စတွေကို သေချာ ရှင်းမပြနိုင်ကြတဲ့အချက်ကို ပြသနေတာ ဖြစ်ပါတယ်။

ရီပတ်ပလီကန်လွှတ်တော်အမတ် Michelle Steel ကတော့ တောင်ကိုရီးယားမှာ မွေးဖွားခဲ့ပြီး ဂျပန်မှာ ကြီးပြင်းခဲ့သူပါ။ သူမကိုယ်စားပြုတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် Orange County ဟာဆိုရင် ဗီယက်နမ်နွယ်ဖွား အမေရိကန်လူမှု အသိုင်းအဝိုင်း အများစုရှိရာဖြစ်ပြီး သူမရဲ့ဝက်ဘ်ဆိုက်မှာ ဗီယက်နမ် ဘာသာစကားနဲ့လည်း ဖော်ပြထားတာပါ။

လူမှုအသိုင်းအဝိုင်းတခုချင်းစီကိုသွားပြီး ထိတွေ့ဆက်ဆံတဲ့နေရာမှာ နည်းလမ်းတွေ မတူပါဘူး။ ဗီယက်နမ်လူမှုအသိုင်းအဝိုင်းအတွက်ဆိုရင် ကျမက ဗီယက်နမ် ဝတ်စုံ ၅ စုံ ရှိပြီး သူတို့ဝတ်စုံကို ဝတ်ပါတယ်။ ဖိလစ်ပိုင် လူမှုအသိုင်းအဝိုင်းကို သွားရင်လည်း သူတို့ ဝတ်စုံကိုဝတ်ပါတယ်။ ဒါတွေကိုလုပ်တာကြောင့် သူတို့ အနေနဲ့လည်း သူတို့နဲ့တသားတည်းဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။"

ပြီးခဲ့တဲ့ ၂ နှစ် ရွေးကောက်ပွဲကာလက အိမ်ပေါင်း ၁ သိန်း ၉ သောင်းကျော်ကို ဆိုရင် သူမနဲ့အတူ ထောက်ခံသူတွေ တအိမ်တက်ဆင်း စည်းရုံးရေး ဆင်းခဲ့ကြတယ်လို့ ပြောပါတယ်။

"ဒါဟာ အာရှနွယ်ဖွား-အမေရိကန် လူမှုအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းလမ်းပါ။ အားလုံး အတူတူပါပဲ။ ကျမ ရွေးကောက်ခံနယ်မြေမှာဆိုရင် ဘာသာစကား ၇ မျိုး ပြောကြပေမယ့် သူတို့ပြောကြတာတွေကတော့ တူကြပါတယ်။"

စာတိုက်ကနေ မဲထည့်သူနဲ့ ကြိုတင်မဲထည့်သူ ၇၀ ရာခိုင်နှုန်းရှိတဲ့ အာရှနွယ်ဖွား မဲဆန္ဒရှင်တွေအတွက်တော့ အိမ်တိုင်ယာရောက်စည်းရုံးရေးက အထူး အရေးကြီးတယ်လို့ Chen ကလည်း ပြောပါတယ်။

"စာတိုက်ကနေမဲထည့်တဲ့အခါမှာ ကိုယ့် မီးဖိုခန်းစားပွဲမှာ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ထိုင်ပြီး အကြောင်းကိစ္စတွေ၊ ကိုယ်စားလှယ်လောင်းတွေအကြောင်းကို ဆွေးနွေးနိုင်သလို ဘာဖိအားမှမရှိဘဲ ဘာသာပြန်အကူအညီလည်းရနိုင်ပြီး ဘာအတွက် မဲထည့်မလဲ ဆိုတာကိုလည်း စဉ်းစားနိုင်ပါတယ်။ အရေးပါတဲ့ ရီပတ်ပလီကန်တွေက အာရှနွယ်ဖွားအမေရိကန် မဲဆန္ဒရှင်တွေကိုဦးတည်လာတဲ့ ကိစ္စဟာ နယူးယောက်ပြည်နယ် Queens မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော် အမတ် Grace Meng အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။"

"ရီပတ်ဘလီကန်ပါတီက ကိုယ်စားလှယ်လောင်းတချို့က ဘာသာစကားမျိုးစုံနဲ့ စည်းရုံးရေးလုပ်လာတဲ့ ပုံစံကြောင့် ဒီကိစ္စကအရေးပေါ် ဖြစ်လာပြီလို့ ကျမထင်ပါတယ်။ ဒါကြောင့်လည်း ကျမတို့ ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထပ်ပြီး နှောင့်နှေးနေလို့မရတော့ဘူးဆိုပြီး တိုက်တွန်းနေတာပါ။ ဘယ်ပါတီက သူတို့အတွက် ရပ်တည်သလဲ၊ သူတို့ စံတန်ဖိုးတွေကို ကိုယ်စားပြုလဲ ဆိုတာကို အသိပေးနိုင်ရေးအတွက် ထိတွေ့စည်းရုံးနိုင်အောင် အသေအချာ လုပ်ဖို့ လိုအပ်ပါတယ်။"

Sandra Choi ကတော့ MinKwon Center for Community Action ရဲ့ ပြည်သူ့ လှုပ်ရှားမှု ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။

"အာရှနွယ်ဖွား အမေရိကန်ရွှေ့ပြောင်းတွေ၊ လုပ်သားအလွှာ လူမှုအသိုင်းအဝိုင်းတွေအတွက် နိုင်ငံရေးအင်အား တည်ဆောက်ရေးကို နှစ်နဲ့ချီဆောင်ရွက်နေတာ ဖြစ်ပေမဲ့ အထူးသဖြင့်တော့ အလွန်အန္တရာယ်ကြီးတဲ့ ၂၀၂၄ ရွေးကောက်ပွဲ အတွက် ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျမတို့အားလုံးအတွက် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်တည်ဆောက်ရေးမှာ ကိုယ့်ရဲ့စွမ်းအားကို အသုံးချရေး နားလည် သဘောပေါက်လာစေဖို့ ကျမတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေကို ဆော်သြစည်းရုံးရမယ့် အချိန်ကောင်း ဖြစ်ပါတယ်။"

ဒီနှစ် နိုဝင်ဘာလမှာ အာရှနွယ်ဖွား အမေရိကန် ၁၅ သန်း မဲပေးခွင့် ရှိလာမယ်လို့ Pew သုတေသနစင်တာကဖော်ပြပါတယ်။ ဒီထဲက ထက်ဝက်ကျော်ဟာဆိုရင် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ တက္ကဆက်၊ ဟာဝိုင်အီနဲ့နယူးဂျာစီ-စတဲ့ ပြည်နယ် ၅ ခုမှာ နေထိုင်နေကြပါတယ်။

ကန်ရွေးကောက်ပွဲနဲ့ အာရှနွယ်မဲဆန္ဒရှင်များ
please wait

No media source currently available

0:00 0:04:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG