သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲ


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်သမ္မအိမ်ဖြူတော် (ဇူလိုင် ၂၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်သမ္မအိမ်ဖြူတော် (ဇူလိုင် ၂၊ ၂၀၂၃)

မြို့တော် - ဝါရှင်တန်ဒီစီ
လူဦးရေ - ၃၄၀.၈ သန်း
၂၀၂၂ စုစုပေါင်းပြည်တွင်းထုတ်ကုန် - ဒေါ်လာ ၂၅.၄၆ ထွီလျံ

၁၉ ရာစုနှောင်းပိုင်းက အစပြုလို့ ၊ ကမ္ဘာ့စစ်ပွဲ ၂ ခါလည်း ကြုံခဲ့ရပြီးနောက်၊ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက သီးသန့်ခွဲခြားရပ်တည်မှု ပုံစံကနေ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြီးစိုးနိုင်မှုအနေအထားကို ပုံဖော်ရာမှာ တက်တက်ကြွကြွပါဝင်သူအဖြစ် ပြောင်းလဲမှုကြီးကြီးမားမား လုပ်ခဲ့တာပါ။

သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ “အမေရိကန်သည်သာ ပထမ” မူဝါဒက အမေရိကန်တနိုင်ငံတည်း သီးသန့်ခွဲခြားရပ်တည်တဲ့ ပုံစံကို ပြန်ရောက်အောင်လုပ်နေတာ ဖြစ်လို့ ကမ္ဘာ့မြင်ကွင်းကို အပြိုင်အဆိုင် ပုံဖော်ကြသူတွေရဲ့ ကွဲပြားမှုတွေကို သေချာနားလည်ထားဖို့ အရေးကြီးကြောင်း အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး Joseph S. Nye Jr. ဂျိူးဆက်နိုင် ဂျူနီယာက ပြောပါတယ်။ အဲဒီလိုဆိုရင် ထိုင်ဝမ်နဲ့ တရုတ်ကြား တင်းမာမှုမြင့်မားနေသလို၊ ရုရှားနဲ့ ယူကရိန်း၊ အစ္စရေးနဲ့ ဟာမတ်စ် တို့ကြား စစ်မီးတောက်လောင်နေချိန်ဖြစ်တာကြောင့် အမေရိကန်မဟာမိတ်တွေ ဒယိမ်းဒယိုင်ဖြစ်ကုန်မှာပါ။

ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ဘက်က ယှဉ်ပြိုင်သူ သမ္မတလောင်းဖြစ်လာနိုင်တဲ့ မစ္စတာ ထရမ့်က အမေရိကန်အတွက် အရေးအပါဆုံး စစ်ရေးမဟာမိတ်ဖြစ်တဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO နေတိုးအဖွဲ့ကိုလည်း ထပ်တလဲလဲ ထိုးနှက်သလို ၊ သူသာ ပြန်အရွေးခံရရင် ဟာမတ်စ်ကို စစ်ဆင်နေတဲ့ အစ္စရေးကိုလည်း ထောက်ခံမခံ၊ ထောက်ခံရင်လည်း ဘယ်လိုထောက်ပံ့မယ်ဆိုတာကို ရေရေရာရာ မပြောပါဘူး။

“ရုရှားကိစ္စမှာတော့ ထရမ့်က ပူတင့်ဘက်ကို အလေးသာမယ့်ပုံရှိတယ်” လို့ ဂျိူးဆက်ဖ်နိုင်က ပြောပါတယ်။ သဘောကတော့ ယူကရိန်းကို ထောက်ပံ့နေမှုတွေ လျှော့ချဖို့ ဖိအားပေးတာတွေ ရှိလာနိုင်ပါတယ်။

နောက်တဘက်ကလည်း သမ္မတဟောင်းထရမ့်နဲ့ ယှဉ်ပြိုင်ရနိုင်တဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်စစ်တမ်းကောက်ယူကြည့်ရာမှာ ထရမ့်ရဲ့ နောက်မှာ ရောက်နေတဲ့ လက်ရှိ ဒီမိုကရက်သမ္မတ ဂျိူးဘိုင်ဒန်က ယူကရိန်းနဲ့ အစ္စရေးကို စစ်ရေးအကူအညီတွေ ထပ်ပို့ထားပါတယ်။ ဒီမှာလည်း ယူကရိန်းမှာ တိုးတက်မှု သိပ်မရှိလှတာနဲ့ ပတ်သက်ပြီး ရီပါဘလစ်ကန်အမတ်တွေ ကန့်ကွက်နေကြတာနဲ့ ကြုံရသလို ဂါဇာဒေသမှာ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်း အခြေအနေ ထူးမလာတာတို့ကြောင့်လည်း သမ္မတဘိုင်ဒန်အတွက် ခက်နေရပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ထိပ်ဆုံးမှာရှိနေတဲ့ ယှဉ်ပြိုင်ဘက် ၂ ဦးမှာ အမေရိကန်ရဲ့ ရပ်တည်မှုနဲ့ပတ်သက်ရင် အယူအဆ လုံးဝကွဲပြားနေတာပါ။ ဒီတော့ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရသူပေါ်မူတည်ပြီး တရုတ်၊ ရုရှားနဲ့ နောက်တခြား အမေရိကန်ရဲ့ ရန်ဘက်နိုင်ငံအပေါ် အမေရိကန်က ဘယ်လောက်ထိ တင်းတင်းမာမာရှိနိုင်လဲဆိုတာ အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်။

XS
SM
MD
LG