သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်လွှတ်တော် ခေါင်းဆောင်တွေနဲ့ Trump အခြေအနေ တင်းမာ


အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က အခြေခံ အဆောက်အအုံ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီက အောက်လွှတ်တော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ အစည်းအဝေး စပြီး ၃ မိနစ် အကြာမှာပဲ သမ္မတဒေါ်နယ်ထရမ့်က အစည်းအဝေး အခန်းက ထွက်ခွာသွားခဲ့ ပါတယ်။ သမ္မတ ထရမ့်ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်တဲ့ကိစ္စကို ကွန်ဂရက်က ဆက်လက် စစ်ဆေးနေတဲ့ အပေါ် မကျေမနပ် ဖြစ်ပုံရလို့ ဒီလို အစည်းအဝေးက ထွက်ခွာသွားတာ ဖြစ်ကြောင်းကို VOA သတင်းထောက် Jeff Custer က သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဒီမိုကရက်ပါတီ ခေါင်းဆောင်နှစ်ဦးနဲ့ သမ္မတတို့ အကြား အိမ်ဖြူတော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က ဆွေးနွေးဖို့ စီစဉ်ထားတဲ့ အစည်းအဝေးဟာ ပြီးခဲ့တဲ့ လက ဒီမိုကရက်တွေနဲ့ သမ္မတအကြား ကောင်းကောင်းမွန်မွန် ဆွေးနွေးနိုင်ပုံရခဲ့တဲ့ ဒေါ်လာ ၂ ထရီလီယံ တန်ဖိုးရှိတဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းဆိုင်ရာ အစည်းအဝေးရဲ့ နောက်ဆက်တွဲ အစည်းအဝေးပါ။ ဒါပေမဲ့ ဒီ ဗုဒ္ဓဟူးနေ့ အစည်းအဝေး မကျင်းပခင် ဒီမိုကရက်တွေရဲ့ အစည်းအဝေးတစ်ခုအပြီးမှာ အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi က စုံစမ်းစစ်ဆေးမှု လုပ်နေတဲ့ အောက်လွှတ်တော်က ကော်မတီတွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။

“ အချက်အလက်မှန်တွေ သိရဖို့ အရေးကြီးတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ အပါအဝင် ဘယ်သူမှ တရားဥပဒေရဲ့ အထက်မှာ မရှိရဘူးလို့လည်း ကျွန်မတို့ ယုံကြည်ပါတယ်။ အမေရိကန် ပြည်ထောင်စု သမ္မတဟာ ထိန်ချန် ဖုံးကွယ်မှုမှာ ပါဝင် ပတ်သက်နေတယ်လို့ ကျွန်မတို့က ယုံကြည်နေပါတယ်။ ဒါက အောက်လွှတ်တော်မှာ ကျွန်မတို့ လုပ်ခဲ့တဲ့ အစည်းအဝေးရဲ့ သဘောထားပါ။”

သမ္မတကို တရားစွဲမလား ဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က မဖြေကြားခဲ့ပါဘူး။ သိပ် မကြာခင် ဒီမိုကရက် ခေါင်းဆောင်တွေနဲ့အတူ အစည်းအဝေး လုပ်ရမယ့် အချိန်မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ဆင့်ခေါ်ပြီး သူ့အနေနဲ့ သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတုန်းမှာ စေ့စပ်ဆွေးနွေးပွဲ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။

“ ကျွန်တော် အစည်းအဝေးခန်းထဲကို ဝမ်းပန်းတသာနဲ့ ဝင်သွားရမယ့်အစား ထိန်ချန်ဖုံးကွယ်တာတွေ လုပ်နေတယ်ဆိုပြီး ခုလေးတင်ကပဲ ကျွန်တော့်ကို စွပ်စွဲတဲ့လူတွေရဲ့ မျက်နှာကို ကျွန်တော် ကြည့်ရဖို့ ရှိတယ်လေ။ ကျွန်တော် ထိန်ချန် ဖုံးကွယ်တာတွေ မလုပ်ပါဘူး။ ခင်ဗျားတို့တတွေက ဒီ အကြောင်း ပို သိကြပါတယ်။”

ဒီအခါ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi နဲ့ အထက် လွှတ်တော် အမတ်အနည်းစု ခေါင်းဆောင် Chuck Shumer တို့ကလည်း သတင်းထောက်နဲ့ တွေ့ဆုံခဲ့ပြီး အခြေခံ အဆောက်အအုံ စီမံကိန်းအကြောင်း ဆွေးနွေးဖို့ ပြင်ဆင်ပြီး သူတို့ ဒီကို အိမ်ဖြူတော်ကို လာခဲ့တာလို့ ပြောပါတယ်။ သမ္မတ အနေနဲ့လည်း ဒီလို ဆွေးနွေးဖို့ ရည်ရွယ်ချက် ရှိပုံမရဘူးလို့လည်း Chuck Schumer ကပြောပါတယ်။

“ သမ္မတဘက်က ဒါကို ရုတ်တရက်ကြီး လုပ်တာမျိုးတော့ မဟုတ်ပါဘူး။ ကြိုတင် ပြင်ဆင်ပြီးမှ လုပ်တာပါ။ ကျွန်တော်တို့ အခန်းထဲရောက်တော့ ခန်းစီးတွေ ပိတ်ထားတယ်။ အရှေ့မှာ သမ္မတရဲ့ ထိုင်ခုံနေရာ ရှိနေတာပဲ။ အဲဒီကနေ ထရပ်ပြီး ဘာကြောင့် ဒီ အစည်းအဝေး မကျင်းပ နိုင်ဘူးလဲ ဆိုတာကို သူ ပြောပြနိုင်ရမှာပေါ့။ ပြီးတော့ သူက အစည်းအဝေး မတိုင်ခင်ကတည်းက ပြင်ဆင် ပရင့်ထုတ်ထားတဲ့ အနေအထားနဲ့သတင်းစာ ရှင်းလင်းပွဲ လုပ်မယ့် ရိုစ်ဂါဒင်းကို သွားခဲ့တယ်လေ။”

သမ္မတ ထရမ့်ကတော့ သူ့အနေနဲ့ အထူး စုံစမ်းရေးမှူး Robert Muller ရဲ့ စုံစမ်း စစ်ဆေးမှုတွေမှာ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်းနဲ့ Robert Muller ရဲ့ အစီရင်ခံစာက သူ ဘာအမှားမှ မလုပ်ဘူးဆိုပြီး သူ့ကို အပြစ်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီ စုံစမ်း စစ်ဆေးမှု တစ်ခုလုံးဟာ သူ့ကို ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်ဆိုတဲ့ သူ့ရဲ့ အမြင်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲပါ။ တစ်ချိန်တည်းမှာပဲ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဌ Adam Schiff က ကော်မတီအနေနဲ့ တရားရေးဝန်ကြီးဌာနဆီက အတန်းအစား ၁၂ မျိုး ပါဝင်တဲ့ အချက်အလက် တွေ ရယူဖို့ သဘောတူညီမှု ရထားပြီလို့ ပြောပါတယ်။ သမ္မတ ထရမ့်ကတော့ သူနဲ့ သူ့ အစိုးရအဖွဲ့က လူတွေကို ပစ်မှတ်ထားပြီး လွှတ်တော်မှာ ကြားနာဖို့ ဆင့်ခေါ်စာတွေ ပေးပို့ နေတဲ့အပေါ် ဆက်လက် တိုက်ပွဲဝင်သွားမယ့် အကြောင်း ကြုံးဝါးနေတဲ့အပြင် ဒီမိုကရက်တွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးနေမှုတွေအပေါ်မှာလည်း နေ့စဉ် ဝေဖန် တိုက်ခိုက်နေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG