သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးစစ် တရုတ်နိုင်ငံတွင်း ကန်လုပ်ငန်းရှင်များစိုးရိမ်


Beijing မြို့ရှိ အမျိုးသမီးအတွင်းခံ Victoria's Secret ကြော်ငြာအနီး Nike ဖိနပ်ဝတ်ထားတဲ့ အမျိုးသားတဦး Smart ဖုန်းသုံးနေစဉ် (မေ၊ ၂၁၊ ၂၀၁၉)
Beijing မြို့ရှိ အမျိုးသမီးအတွင်းခံ Victoria's Secret ကြော်ငြာအနီး Nike ဖိနပ်ဝတ်ထားတဲ့ အမျိုးသားတဦး Smart ဖုန်းသုံးနေစဉ် (မေ၊ ၂၁၊ ၂၀၁၉)

အမေရိကန်လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ရတဲ့ စာရင်းထဲ Huawei ကို အမေရိကန် အစိုးရက ထည့်သွင်း ကန့်သတ်ခဲ့တဲ့အပေါ် တရုတ်အစိုးရက လက်တုံ့ ပြန်ဆောင်ရွက်မှာကို အင်မတန် စိုးရိမ်တယ်လို့ တရုတ်နိုင်ငံထဲက အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ ကုန်သည်ကြီးများအဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အဖွဲ့ဝင် တဝက်လောက်နီးပါးဟာ အစိုးရရဲ့ စစ်ဆေးရေးဝင်မှု၊ အကောက်ခွန်ကင်းရှင်းကြောင်း အထောက်အထား နှောင့်နှေးမှု၊ ခွင့်ပြုချက်လိုင်စင် ထောက်ခံမှုရဖို့ ကြန့်ကြာမှုစတဲ့ အခက်အခဲတွေ ကြုံနေကြတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ခွန်တွေ တိုးမြှင့် ကောက်ခံနေကြတဲ့အတွက် တရုတ်နိုင်ငံထဲမှာ ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်နေကြတဲ့ အမေရိကန် လုပ်ငန်းတော်တော်များများ သူတို့ရဲ့လုပ်ငန်းတွေကို တခြားနိုင်ငံတွေမှာ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြတယ်လို့ သဘောထား စစ်တမ်းမှာ တွေ့ရကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းက ပြောပါတယ်။

အမေရိကန် ဖိနပ်ထုတ်လုပ်ရေးနဲ့ လက်လီအရောင်းလုပ်ငန်း စုစုပေါင်း ၁၇၀ ကျော်ကလည်း သွင်းကုန်ခွန်တိုးမယ့် တရုတ်ကုန်ပစ္စည်းတွေထဲမှာ ဖိနပ်တွေကို ကင်းလွတ်ခွင့်ပေးဖို့ အမေရိကန်သမ္မတ Donald Trump ကို တိုက်တွန်းခဲ့ကြပါတယ်။

တရုတ်ကသွင်းလာတဲ့ ဖိနပ်တွေအပေါ် ၂၅ရာခိုင်နှုန်း အခွန်ကောက်ခံမယ့် သမ္မတရဲ့ အဆိုပြုချက်က သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးနေကြသူတွေ သူတို့ရဲ့လုပ်ငန်းတွေအပြင် အမေရိကန် စီးပွားရေးတခုလုံးကိုပါ အကြီးအကျယ် ထိခိုက်လိမ့်မယ်လို့ Footwear Distributors and Retailers of America အသင်းကြီးက သမ္မတ Trump ဆီကို အင်္ဂါနေ့က စာရေးသား ပေးပို့ခဲ့ကြပါတယ်။

အဲဒီအသင်းထဲမှာ Nike၊ Adidas၊ Under Armour တို့လိုကမ္ဘာကျော်တဲ့ ဖိနပ်လုပ်ငန်းကြီးတွေ ပါဝင်ပါတယ်။ အမေရိကန် ဖိနပ်လုပ်ငန်းတွေက ဒေါ်လာ ၁၁.၄ ဘီလျံတန်ဖိုးရှိတဲ့ ဖိနပ်တွေကို တရုတ်နိုင်ငံကနေ ပြီးခဲ့တဲ့နှစ်က တင်သွင်းခဲ့ပါတယ်။ တချို့လုပ်ငန်းတွေကတော့ သူတို့ရဲ့ ဖိနပ် ထုတ်လုပ်မှုတွေကို Vietnam၊ Cambodia စတဲ့ တရုတ်မဟုတ်တဲ့ နိုင်ငံတွေပြောင်းပြီး ထုတ်လုပ်လာကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG