သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ကို ရွေးကောက်ပွဲတွဲဖက်အဖြစ် Harris ရွေးချယ်


အမေရိကန်ဒုသမ္မတ Kamala Harris အနေနဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို သူရဲ့ လက်တွဲဖက် ယှဉ်ပြိုင်သူအဖြစ် ရွေးချယ်လိုက်ပါတယ်။ Harris နဲ့ Walz တို့နှစ်ဦးဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ် ၇ ခုဆီ မဲဆွယ်စည်းရုံးရေးဆင်းဖို့ ရှိပါတယ်။

အမေရိကန်ဒုသမ္မတ Kamala Harris အနေနဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို သူရဲ့ လက်တွဲဖက် ယှဉ်ပြိုင်သူအဖြစ် ရွေးချယ်လိုက်ပါတယ်။ Harris နဲ့ Walz တို့နှစ်ဦးဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ် ၇ ခုဆီ မဲဆွယ်စည်းရုံးရေးဆင်းဖို့ ရှိပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။​

လူအများစောင့်နေကြတဲ့ ကြေညာချက်တော့ ထုတ်ပြန်လိုက်ပါပြီ။ ဒါကတော့ အမေရိကန်ဒုသမ္မတ Kamala Harris အနေနဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို သူရဲ့ လက်တွဲဖက် ယှဉ်ပြိုင်သူအဖြစ် ရွေးချယ်လိုက်တာပါ။​ သူရဲ့ ကြေညာချက်မှာတော့

"Tim ဟာ အစမ်းသပ်ခံ ခေါင်းဆောင်တယောက်ဖြစ်ပြီး မင်နီးဆိုးတာမိသားစုတွေ အတွက် အလုပ်ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ကျမတို့ မဲဆွယ်အဖွဲ့အတွက် နဲ့ ဒုသမ္မတ ရုံးအတွက်လည်း ဒီလို မူဝါဒကို အခြေခံတဲ့ ခေါင်းဆောင်မှုမျိုး ယူလာမယ်ဆိုတာ ကျမယုံကြည်ပါတယ်။" လို့ ပြောသွားပါတယ်။

Progressives တိုးတက်တဲ့ အမြင်ရှိသူတွေအနေနဲ့ အသက် ၆၀ အရွယ် ရှိပြီ ဖြစ်တဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Walz ကို အားပေးနေကြပြီး သူဟာ အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ လက်ဝဲယိမ်းတဲ့မူဝါဒတွေကို အကောင်အထည်ဖော်ခဲ့သူပါ။ တိုင်းပြည်ရဲ့ အနောက်အလယ်ပိုင်းမှာရှိတဲ့ မင်နီဆိုးတားပြည်နယ်ဟာ ရွေးကောက်ပွဲအနိုင်ရဖို့ အရေးကြီးတဲ့ပြည်နယ်တခုဖြစ်ပါတယ်။ ​

အမေရိကန် ပြည်တွင်းလုံခြုံရေး အရံတပ်ဖွဲ့ဝင်ဟောင်းလည်း ဖြစ်၊ ကျောင်းဆရာဟောင်းလည်း ဖြစ်တဲ့ Walz ဟာ လူဖြူ၊ တောနယ်ဒေသက မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်တယ်လို့ မြင်ကြပါတယ်။ ဗားဂျီးနီးယားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Jennifer Lawless က အခုလို သုံးသပ်ပါတယ်။

"သူဟာ တောနယ် အနီရောင် ကွန်ဆာဗေးတစ်ခရိုင်မှာ အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့ Progressives တိုးတက်တဲ့အမြင်ရှိသူတယောက် ဖြစ်ပြီး Progressives မဟုတ်တဲ့ နေရာတွေမှာကော၊ မင်နီးဆိုးတား ပြည်နယ်တခုလုံးမှာ အနိုင်ရအောင် လုပ်နိုင်ခဲ့ပါတယ်။ သူဟာ သေနတ်ပိုင်ဆိုင်သူ တဦးလည်း ဖြစ်ပြီး တိုက်ပွဲပြန် စစ်ပြန်တဦးလည်း ဖြစ်တဲ့အပြင် Nebraska မှာ မွေးတဲ့သူပါ။​အဲ့ဒါကြောင့် သူဟာ အမေရိကန် အလယ်ပိုင်းကို နားလည်သူ တယောက်ပါ။"

လာမယ့် နိုဝင်ဘာလမှာတော့ Harris နဲ့ Walz တို့ ၂ ဦးဟာ ရီပါဗလစ်ကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ သူ့လက်တွဲဖော်ယှဉ်ပြိုင်ဘက် JD Vance တို့ နဲ့ ယှဉ်ပြိုင်ရမှာပါ။​ J.D. Vance က

"Tim Walz ရဲ့ လုပ်ဆောင်ချက်မှတ်တမ်းက ဟာသပါပဲ။ အမေရိကန် အစိုးရ တဖွဲ့လုံး ဘယ်အဆင့်မှာပဲ ကြည့်ကြည့် သူက လက်ဝဲအကျဆုံး အစွန်းရောက် တယောက်ဖြစ်ပါတယ်။ Tim Walz ကို ရွေးလိုက်တာက ဘာကိုပြနေတာလဲ​ဆိုရင် Kamala Harris ဟာ သူ့ပါတီက လက်ဝဲစွန်းတွေရဲ့လိုလားချက်ကို ဖြည့်ပေးလိုက်တာပဲ​ဖြစ်ပြီး ဒါမျိုးပဲ​သူ အမြဲလုပ်နေတာပါ။​"

ဟဲရစ်မဲဆွယ်အဖွဲ့က Walz ကို ဒုသမ္မတလောင်းအဖြစ် တရားဝင် မကြေညာခင်မှာပဲ ထရမ့်မဲဆွယ်အဖွဲ့က သူ့ကို အန္တရာယ်များတဲ့ လစ်ဘရယ်အစွန်းရောက် အဖြစ် သတ်မှတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။​ Trump နဲ့ Vance တို့ကို လူထူးဆန်း ပုံမှန်မဟုတ်တဲ့သူတွေအဖြစ် Walz က ထိထိရောက်ရောက် တိုက်ခိုက်ပြီး သူပုံရိပ်ကို မြှင့်တင်လာပါတယ်။ အမေရိကန် မဲဆန္ဒရှင်တွေကြား သူ့ကိုယ်သူ မိတ်ဆက်ဖို့ ၃ လ အချိန်ရပါတယ်။ ပင်ဆာဗေးနီးယားပြည်နယ် မဲဆန္ဒရှင်တဦးဖြစ်တဲ့ Kim Brown က

"သူ့အကြောင်း သိပ်မသိပါဘူး။ ဒါပေမဲ့ အခု သူ့ကို ရွေးလိုက်တာကြောင့် သူ့အကြောင်းကို သိအောင်လုပ်မှာပါ။​"

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အဓိကကျတဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ Harris နဲ့ Walz တို့ လှည့်လည် စည်းရုံးမှာ ဖြစ်ပြီး ပင်ဆာဗေးနီးယားပြည်နယ် ဖလစ်ဒေဖီးယားမြို့ မှာ အင်္ဂါနေ့ ညနေမှာ မဲဆွယ်ပွဲ စမှာပါ ခင်ဗျာ။

Forum

XS
SM
MD
LG