သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ဒုသမ္မတလောင်း Tim Walz အပေါ် မြန်မာနွယ်အမေရိကန်တွေအမြင်


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကင်မလာဟဲရစ္စ်နဲ့ ဒုသမ္မတလောင်း မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz တို့ရဲ့ ဖီလာဒယ်လ်ဖီးယား မဲဆွယ်ပွဲ။ (သြဂုတ် ၆၊ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကင်မလာဟဲရစ္စ်နဲ့ ဒုသမ္မတလောင်း မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz တို့ရဲ့ ဖီလာဒယ်လ်ဖီးယား မဲဆွယ်ပွဲ။ (သြဂုတ် ၆၊ ၂၀၂၄)

လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်းဖြစ်လာဖို့ရှိတဲ့ ဒုသမ္မတ Kamala Harris ဟာ သူနဲ့ လက်တွဲဖက် ယှဉ်ပြိုင်မယ့်ဒုသမ္မတလောင်းအဖြစ် မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ကို ရွေးချယ်လိုက်ပါတယ်။ မင်နီဆိုးတားပြည်နယ်တွင်း မြန်မာနွယ်တချို့က သူ့ကိုရွေးချယ်တဲ့အပေါ် ကြိုဆိုကြပြီး သူဟာ လူမျိုးရေးကွဲပြားမှုအပေါ် မျှတတဲ့အမြင်ရှိသူ၊ အောက်ခြေလူထုနဲ့တသားတည်းရှိသူလို့ မြင်ကြပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

Tim Walz အပေါ် မြန်မာနွယ်အမေရိကန်တွေအမြင်
please wait

No media source currently available

0:00 0:03:54 0:00

မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ဟာ စစ်မှုထမ်းဟောင်းလည်းဖြစ်၊ ကျောင်းဆရာတဦးလည်းဖြစ်ခဲ့သလို အောက်ခြေ လူဖြူအလုပ်သမားအတော်များများရော ပြည်နယ်တွင်း နိုင်ငံရွှေ့ပြောင်းအခြေချသူတွေကပါ နှစ်သက်သူ တဦးဖြစ်တယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြကြပါတယ်။ အသက် ၆၀ အရွယ် ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ဟာ တိုးတက်တဲ့အမြင်ရှိသူလို့လည်း လက်ခံထားကြတာပါ။ KCM လို့ခေါ်တဲ့ Karen Community of Minnesota အဖွဲ့က စောကနေဒီကတော့ Tim Walz ဟာ လူမျိုးခွဲခြားမှုမရှိတဲ့ခေါင်းဆောင်တဦးဖြစ်တာမို့ Kamala Harris က သူ့ကို ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆို သဘောကျကြတယ်လို့ဆိုပါတယ်။

“ကျနော်တို့ community (မြန်မာအသိုင်းအဝိုင်း) ထဲမှာ events (ပွဲတွေ) လုပ်တိုင်း လုပ်တိုင်း သူ့ကိုဖိတ်တယ်။ သူလည်း လေးလေးစားစားနဲ့ ကျနော်တို့ရဲ့ event- community event တွေကို သူတက်ရောက်ခဲ့တယ်။ နောက်ပြီးတော့ သူနဲ့လည်း ကျနော်တို့ တခါဆုံဖြစ်ပါတယ်။ ခရစ္စမတ်လုပ်တဲ့ပွဲတခုမှာပေါ့။ Asia ကနေစီစဥ်တဲ့ပွဲတခုမှာ တက်ရောက်ခဲ့တယ်။ ကျနော်တို့ အမှတ်တရဓာတ်ပုံတွေ တွဲရိုက်ဖြစ်ခဲ့တယ်ပေါ့နော်။ အဲဒီတော့ Diverse ဖြစ်တဲ့ ဒီ မင်နီဆိုးတားစတိတ်မှာ သူကလည်း ဒီ election တခုပြီးတခုကို အနိုင်ရခဲ့တဲ့ history လည်းရှိတယ်။ ဘာလို့လဲဆို - လူတိုင်းက သူ့ကိုကြိုက်ကြတယ်ပေါ့နော်။ ကျနော်သူ့ကိုမြင်တာကတော့ - သူကတော့ လူမျိုးခွဲခြားတာမရှိဘူး။ မျှမျှတတနဲ့အားလုံးကို တန်းတူညီမျှနဲ့ ဆက်ဆံတယ်၊ သူသဘောထားတယ်ပေါ့နော်။ အဲဒီလို နူးညံ့သိမ်မွေ့တဲ့၊ လူသားဆန်တဲ့ဝါဒရှိတဲ့ အတွက်ကြောင့် ကျနော် သူ့ကိုအရမ်းသဘောကျပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ immigrant (ရွှေ့ပြောင်းအခြေချသူ) တွေရဲ့ဘဝ၊ immigrant တွေရဲ့ရှင်သန်မှုနဲ့ ရပိုင်ခွင့် အခွင့်အလမ်းတွေကိုလည်းပဲ သူကောင်းကောင်းကြိုးစားမယ်လို့ ကျနော် ယုံပါတယ်။”

Tim Walz ဟာ မင်နီဆိုးတားပြည်နယ်ရဲ့ အောက်လွှတ်တော်အမတ်အဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ရွေးချယ်ခံခဲ့ရသူပါ။ ၂၀၁၉ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက်လည်း ပြည်နယ်အရေးကိစ္စတွေမှာ အတော်လေး အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြန်မာနွယ်အမေရိကန်တွေက ယူဆကြပါတယ်။ Chin Association of Maryland (CAM) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Zo Tum Hmung ဇိုသုန်းမှုန်ကတော့ သူဟာ တိုးတက်တဲ့အမြင်ရှိသူဖြစ်သလို ရှေးရိုးစွဲကြိုက်သူတွေကိုလည်း ချဥ်းကပ်နိုင်သူဖြစ်တယ်လို့ မြင်ပါတယ်။ အောက်ခြေအလုပ်သမားထုကို ချဥ်းကပ်နိုင်သူလို့ သူက မြင်တာပါ။

“မင်နီဆိုးတား အုပ်ချုပ်ရေးမှူးဆိုတော့ သူ့မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတွေ့အကြုံများတယ်၊ ပြီးတော့ စစ်တပ်ဘက်မှာလည်း တော်တော်လေး အတွေ့အကြုံရှိခဲ့တယ်။ ဒါကြောင့် သမ္မတလောင်း ဟာရစ္စ်ကို တော်တော်လေး အထောက်အကူဖြစ်မယ်လို့ ထင်တယ်။ မင်နီဆိုးတားပြည်နယ်အတွက် တော်တော်လေး အလုပ်လုပ်ခဲ့တယ်။ ဥပမာ-စီးပွါးရေးပိုင်းဆိုင်ရာလည်း သူလုပ်ခဲ့တယ်။ ကိုဗစ်တုန်းကလည်း သူ တော်တော်လေး လုပ်နိုင်တယ်။ ပြီးတော့ အလုပ်သမားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ family paid-leave ပေါ့။ အဲဒါတွေလည်း စီးပွါးရေးအရလည်း တော်တော်လေး လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ပုဂ္ဂိုလ်ရေးအရလည်း သူက integrity ပေါ့နော်၊ တော်တော်လေး သူ့မှာ ဘယ်လိုပြောမလဲ၊ integrity က ရင့်ကျက်မှုရှိတယ်။ ဂုဏ်သိက္ခာပိုင်းမှာလည်း ရင့်ကျက်မှုရှိတယ်။ ပြီးတော့ conservative ကိုလည်း သူက ချဥ်းကပ်နိုင်တယ်။ သူက တကယ့်တကယ် တောက၊ ကျေးရွာကလူဆိုတော့ တကယ့် working-class အလုပ်လုပ်တဲ့သူတွေကိုရော ချဥ်းကပ်နိုင်တယ်။”

ဒုတိယသမ္မတ Kamala Harris က သူ့နဲ့လက်တွဲမယ့် ဒုသမ္မတလောင်းအဖြစ် သူ့ကို ရွေးချယ်လိုက်တယ်လို့ ကြေညာပြီးတဲ့နောက် ဩဂုတ်လ ၆ ရက်နေ့မှာပဲ မင်နီဆိုးတားပြည်နယ် St Paul မြို့ က သူ့နေအိမ်ရှေ့မှာပဲ သူ့ကိုထောက်ခံသူတွေ စုဝေးခဲ့ကြပါတယ်။ အဲဒီနောက် ဒုသမ္မတ Harris ရဲ့ ရွေးကောက်ပွဲစည်းရုံးရေးပြုလုပ်မယ့် Philadelphia ကိုသွားရောက်ပြီး ပထမဆုံး ရွေးကောက်ပွဲစည်းရုံးရေးခရီးစဉ်ကို စတင်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG