သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆန္ဒပြပွဲတွေနဲ့ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး


မြို့တော် ဝါရှင်တန်ဒီစီတဝိုက်မှာ တွေ့ရတဲ့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၆၊ ၂၀၂၀)
မြို့တော် ဝါရှင်တန်ဒီစီတဝိုက်မှာ တွေ့ရတဲ့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန် ပြည်ထောင်စုက ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြပေးချင်ပါတယ်။ လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာ အခုဆိုရင် သီတင်း ၂ ပတ်ကျော်လာပေမဲ့ အရှိန်ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာကို ဆက်သွယ်မေးမြန်းကြည့်ပါမယ်။

မဆုမွန်။ ။ ဆရာဦးကျော်ဇံသာရှင့် ဆန္ဒပြပွဲတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်ဖြစ်နေသလို၊ နောက်ဆက်တွဲ ဂယက်တွေလည်း တော်တော်လေးကို ပြင်းထန်နေပါတယ်။ အထူးသဖြင့် ဆန္ဒပြသူတွေ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ပိုပြီးအာရုံစိုက်လာတာလည်း တွေ့နေရပါတယ်။ ဆိုတော့ ဆန္ဒပြသူတွေ တောင်းဆိုချက်တွေ ဖြစ်လာနိုင်မယ့် အလားအလာ ဘယ်လောက်များတွေ့ရလဲရှင့်။

ဦးကျော်ဇံသာ။ ။ ဆန္ဒပြတောင်းဆိုသူတွေ တောင်းဆိုနေတဲ့ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာနိုင်တဲ့အလားအလာကတော့- တော်တော်ကောင်းတယ် ပြောရပါလိမ့်မယ်။ ပထမဆုံးကတော့ ဗဟိုအဆင့်မှာဆိုလို့ရှိရင် အောက်လွှတ်တော်မှာ ဒီမိုကရက်ပါတီက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းတင်သွင်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကို ဗဟိုက ရန်ပုံငွေဖြတ်တောက်မယ်။ ဘတ်ဂျက်ဖြတ်တောက်မယ်ဆိုတာကို အဓိက ပြောတာမဟုတ်ပါဘူး။ ပြုပြင်ရေးကိစ္စကို အဓိကပြောတာပါ။ သို့သော်လည်းပဲ ဒီပြုပြင်ရေးကိစ္စသည်ပင်လျှင် ပြည်နယ်များနဲ့ ဒေသန္တရအဖွဲ့တွေရဲ့တာဝန်သာဖြစ်တယ်။ ဗဟိုဖက်ဒရယ်အစိုးရက ဝင်စွက်ရမယ့်ကိစ္စမဟုတ်ဘူး။ ဗဟိုဖက်ဒရယ် အာဏာပိုင်အဖွဲ့အစည်းတွေက ဝင်စွက်ရတဲ့ကိစ္စမဟုတ်ဘူးဆိုပြီးတော့ ရီပတ်ပလင်ကမ်တွေဘက်က ပြန်လည်ချေပကြတာလည်း ရှိပါတယ်။ ဆိုတော့ ဗဟိုက လုပ်နေတဲ့ အောက်လွှတ်တော်က အဆိုဟာ ရီပတ်ပလင်ကမ်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော် ဆီနိတ်မှာ အောင်မြင်မှုရဖို့ဆိုတာ အလားအလာသိပ်မရှိဘူးလို့ဆိုရင် မှားမယ်မဟုတ်ပါဘူးခင်ဗျာ။ သို့သော် ဒေသန္တရအတိုင်းအတာနဲ့ဆိုရင် အတော့်ကို ပြင်းပြင်းထန်ထန် လုပ်နေကြတာတွေ့တယ်။ မီနီယားပုလိစ်လို မြို့တွေဆိုရင် ရဲတပ်ဖွဲ့ကို လုံးဝ ပိတ်ပစ်လိုက်မယ် ဖျက်သိမ်းလိုက်မယ်။ ပြီးတော့ သူတို့ဟာ Public Safty အများပြည်သူလုံခြုံရေးကိုဘယ်လိုပုံစံနဲ့ စောင့်ရှောက်မလဲ။ ရဲတပ်ဖွဲ့မထားဘဲနဲ့ဆိုတာကို နည်းလမ်းသစ်ရှာဖွေမယ်ဆိုတာကို အဲ့ဒီ့မြို့တော်ကောင်စီက ဆုံးဖြတ်စဉ်းစားထားပြီးဖြစ်ပါတယ်။

California ပြည်နယ် Los Angeles မြို့က ဆန္ဒပြပွဲမြင်ကွင်း။ (ဇွန် ၀၆၊ ၂၀၂၀)
California ပြည်နယ် Los Angeles မြို့က ဆန္ဒပြပွဲမြင်ကွင်း။ (ဇွန် ၀၆၊ ၂၀၂၀)

အလားတူပါပဲ တချို့မြို့တွေမှာဆိုရင်လည်းပဲ ရဲကိုပေးတဲ့ဘတ်ဂျက်ကို ဖြတ်တောက်မလဲ၊ ထိန်းချုပ်မယ်ဆိုတာကို အစီအစဉ်တွေကို အောက်ခြေမှာ လုပ်နေကြပါတယ်။ ဒါကြောင့် အောက်ခြေမှာ လုပ်တဲ့ လုပ်ငန်းဟာ လောလောဆယ်မှာ ပိုပြီးတော့ ထိရောက်နိုင်မယ့်အခြေအနေနဲ့ နီးစပ်မယ်လို့ ပြောရမှာဖြစ်ပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့် အဲ့ဒီ့တော့ အမေရိကန်သမ္မတ Donald Trump ကတော့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားမျိုးရှိတာဆိုတော့၊ သူ့အနေနဲ့ရော ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံမယ့် အလားအလာရှိရဲ့လား ဆရာကျော်။

ဦးကျော်ဇံသာ။ ။ သမ္မတဒေါနယ်လ်ထရမ့်ဘက်ကတော့ လုံးဝ လက်ခံလိမ့်မယ်မဟုတ်ပါဘူး။ ဒေါနယ်ထရမ့်က ပြောထားပါတယ်။ ကျုပ်တို့ရဲ့ ရဲတပ်ဖွဲ့ကိုပေးနေတဲ့ ဘတ်ဂျက်ကိုလည်း မဖြတ်တောက်နိုင်ဘူး။ ရဲတပ်ဖွဲ့ကိုလည်း မဖျက်သိမ်းနိုင်ဘူးလို့ သူကပြောပါတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတော်ရှေ့နေချုပ် William Barr ကလည်းပဲ ရဲတပ်ဖွဲ့ကို ထောက်ပံ့ကြေးတွေ ဖြတ်တောက်လိုက်တယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့ အင်အားနည်းသွားလိမ့်မယ်။ ရဲတပ်ဖွဲ့ရဲ့ အင်အားပိုကောင်းဖို့တောင်လိုတယ်။ အဲ့လိုသာလုပ်လိုက်မယ် ရဲတပ်ဖွဲ့ကို ချုပ်ထိန်းလိုက်မယ် ဖျက်သိမ်းလိုက်မယ်ဆိုရင် လူသတ်မှုတွေ အများကြီးဖြစ်လာလိမ့်မယ်။ မငြိမ်မသက်မှုတွေ အများကြီးပေါ်ထွက်လာလိမ့်မယ်လို့ သူကပြောထားပါတယ်။

ဆိုတော့ ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ Joe Biden ကလည်းပဲ ရဲတပ်ဖွဲ့ဖျက်သိမ်းသင့်တယ်၊ ရဲတပ်ဖွဲ့ဘတ်ဂျက်ကို ဖြတ်တောက်သင့်တယ်လို့တောင် သူကမပြောပါဘူး။ အဲ့ဒါက မလိုအပ်ဘူးလို့ယူဆကြောင်း သူကပြောပါတယ်။ သူလိုချင်တာက "Urgent Need for Police Reform" ပြုပြင်ပြောင်းလဲရေးကို အပြင်းအထန်လုပ်ရမယ် ချက်ခြင်းလုပ်ရမယ် ဆိုတာပဲ သူကပြောပါတယ်။

မဆုမွန်။ ။ ဒီနေ့ကတော့ ကွယ်လွန်သူ George Floyd ဈာပန ကျင်းပဖို့လည်း စီစဉ်ထားပါတယ် ဆရာကျော်။ တချိန်တည်းမှာပဲ ဆန္ဒပြပွဲတွေလည်း ဆက်ရှိနေဦးမှာပါ။ ဆိုတော့ ဒီနေ့ရော ထူးထူးခြားခြား ဘာတွေများတွေ့ရမယ်လို့ ခန့်မှန်းမိလဲရှင့်။

ဦးကျော်ဇံသာ။ ။ ဆန္ဒပြပွဲတွေကတော့ အများကြီးဆက်ရှိပါလိမ့်မယ်။ သို့သော်လည်းပဲ ဆူဆူပူပူ ဆူပူမှု ရုန့်ရင်းဆန်ခတ်မှုတွေတော့ ဖြစ်လာလိမ့်မယ်လို့မထင်ပါဘူး။ ဒီနိုင်ငံတွေ ဒီလူ့အဖွဲ့အစည်းတွေမှာက အသုဘအခမ်းအနား ဈာပနအခမ်းအနားလုပ်တယ်ဆိုရင် ကွယ်လွန်သူကို သူတို့ လေးစားတန်ဖိုးထားတဲ့ အခမ်းအနားအဖြစ် သတ်မှတ်ပြီး လုပ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ငြိမ်းချမ်းစွာ သူတို့ရဲ့ဘဝခရီးကို ငြိမ်းချမ်းစွာပို့ဆောင်ကြတယ်။ သူတို့ရဲ့ နောက်ဆုံးခရီးကို ငြိမ်းချမ်းစွာပို့ဆောင်ကြတဲ့သဘောပိုပြီးဆောင်ပါတယ်။ ဘာသာရေးသဘောလည်းပိုပြီးဆန်ပါတယ် ဒီက အသုဘအခမ်းအနားတွေ ဈာပနအခမ်းအနားတွေကတော့။ ဒါကြောင့် ဆန္ဒပြပွဲတွေ လူထုကထောက်ခံပြီးတော့ အပြင်ကို ပိုပြီး ထွက်လာကြကောင်း ထွက်လာကြနိုင်ပါတယ်။ သို့သော်လည်းပဲ ရဲနဲ့ထိပ်တိုက်တွေ့တာတွေ အပြင်းအထန်ဆူဆူပူပူဖြစ်တာတော့ တွေ့ရလိမ့်မယ်လို့မထင်ပါဘူးခင်ဗျ။

ဒါကတော့ အမေရိကန်ပြည်ထောင်စုတဝှမ်း ဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ရှေ့အလားအလာတွေကို ဗွီအိုအေ မြန်မာပိုင်း အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာကို ကျမဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










နယူးယောက်ပြည်နယ် နယူးယောက်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၆၊ ၂၀၂၀)
နယူးယောက်ပြည်နယ် နယူးယောက်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၆၊ ၂၀၂၀)




XS
SM
MD
LG