သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump မဲဆွယ်စည်းရုံးရေးမှူးဟောင်း နှစ်ဦး စွဲချက်တင်ခံရ


Paul Manafortနဲ့ သူ့ရဲ့စီးပွါးဘက်ဟောင်း Rick Gates တို့ အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလာပြီး အဖမ်းခံစဉ်
Paul Manafortနဲ့ သူ့ရဲ့စီးပွါးဘက်ဟောင်း Rick Gates တို့ အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလာပြီး အဖမ်းခံစဉ်

အမေရိကန်သမ္မတ Donald Trump ရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှာ တာဝန်ယူခဲ့သူ၂ဦးနဲ့ သမ္မတ ထရမ့်ရဲ့နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ဟောင်းတို့ကို FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့က နိုင်ငံတော်ကိုဆန့်ကျင်တဲ့ ပူးပေါင်းကြံစည်မှုအပါအဝင် တခြားစွပ်စွဲချက်တွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ သမ္မတအိမ်ဖြူတော်ကတော့ ဒီအမှုတွေက သမ္မတထရမ့်ရဲ့ရွေး ကောက်ပွဲမဲဆွယ်မှုနဲ့ဘာမှမပတ်သက်ဘူးလို့ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

Paul Manafort ဟာ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲကာလတုန်းက သမ္မတလောင်းဒေါ်နလ်ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေး မှုးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ရုရှားနဲ့ယူကရိန်းအကျိုးစီးပွါးတွေ အပါအဝင် တခြားကမ္ဘာ့ခေါင်းဆောင်တွေအတွက် ထောက်ခံမှုတွေရအောင်စည်းရုံးပေးတဲ့ ဝါရှင်တန်ဒီစီအခြေစိုက်လုပ်ငန်းတခုမှာ တော်တော်ကြာကြာ လုပ်ခဲ့သူတဦး လည်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရ ခုံသမာဓိရုံးက သူ့ကို မနေ့ကစွဲချက်တင်တဲ့အထဲမှာ အမေရိကန် ပြည် ထောင်စုကို ဆန့်ကျင်တဲ့ ပူးပေါင်းကြံစည်မှု၊ ငွေကြေးခဝါချမှုနဲ့ အစိုးရကိုလိမ်လည်မှုတွေအပြင် အာဏာရှင်ဆန်တဲ့ ယူကရိမ်းခေါင်း ဆောင် ဟောင်းတဦးဖြစ်တဲ့ Viktor Yanukovych အတွက် ထောက်ခံမှုတွေရအောင် စည်းရုံးပေးခဲ့မှုတွေအပါအဝင်တခြား စွဲချက် တွေလည်းပါဝင်ပါတယ်။

မနေ့တုန်းကပဲ Paul Manafortနဲ့ သူ့ရဲ့စီးပွါးဘက်ဟောင်း Rick Gates တို့ဟာ FBI လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလာပြီး အဖမ်းခံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်သမ္မတရွေး ကောက်ပွဲကာလအတွင်း ရုရှားနိုင်ငံက ကြားဝင်နှောက်ယှက်မှုတွေရှိမရှိဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ် နေတဲ့ FBI အဖွဲ့ဥပဒေအထူးအကြံပေး Robert Muller က သူ့ရဲ့စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအဖြစ် Paul Manafort နဲ့ သူ့ရဲ့စီးပွါး ဘက်ဟောင်း Rick Gates တို့ကိုစွဲချက်တင်ခဲ့တာပါ။ သူတို့နှစ်ဦးက သူတို့မှာအပြစ်မရှိကြောင်း ပြည်ထောင်စုတရားရုံး မှာ မနေ့ကလျောက်လဲခဲ့ကြပါတယ်။

သမ္မတထရမ့်နိုင်ငံခြားရေးရာအကြံပေးအရာရှိအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ George Papadopoulos ကလည်း ပြည်ထောင်စု အစိုးရဲ့စုံစမ်းစစ်ဆေးသူတွေကို အောက်တိုဘာလ ၅ရက်နေ့တုန်းက လိမ်ညာပြောဆိုခဲ့တဲ့အတွက် အပြစ်ရှိကြောင်း FBI အဖွဲ့ဥပဒေအထူးအကြံပေး Robert Muller ကပြောပါတယ်။ George Papadopoulos ဟာ ရုရှားအစိုးရအဆင့်မြင့်အရာရှိ တွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံမှုတွေရှိတဲ့သူလို့ဆိုပါတယ်။ သမ္မတအိမ်ဖြူတော်ရဲ့ပြောခွင့်ရအမျိုးသမီး Sarah Huckabee Sanders ကတော့ အခုလိုသမ္မတနဲ့တွဲပြီးအလုပ်လုပ်ခဲ့ဖူးတဲ့သူတွေစွဲချက်တင်ခံနေရတဲ့အမှုတွေက သမ္မတထရမ့်နဲ့ဘာ မှ မဆိုင်ဘူးလို့ မနေ့ကပဲ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

"ဒီနေ့ကြေညာချက်က သမ္မတနဲ့ဘာမှမဆိုင်ပါဘူး။ သမ္မတရဲ့ရွေးကောက်ပွဲကာလစည်းရုံးရေးတွေ ဒါမှမဟုတ် စည်းရုံး လှုပ်ရှားမှုတွေနဲ့လည်း ဘာမှ မပတ်သက်ပါဘူး။ သမ္မတထရမ့်နဲ့ရုရှားနိုင်ငံရဲ့ရွေးကောက်ပွဲကာလ ဝင်ရောက်စွက်ဖက်မှု တွေဆိုတာနဲ့လည်း ဘာမှမပတ်သက်ဘူးဆိုတာ အစကတည်းကပြောထားပြီးသားပါ။ ဒီကနေ့စွဲချက်တင်မှုတွေကြောင့် လည်း ဘာမှအပြောင်းအလဲတွေဖြစ်လာမှာမဟုတ်ပါဘူး။"

ပြီးခဲ့တဲ့နှစ်သမ္မတရွေးကောက်ပွဲကာလအတွင်း ရုရှားရဲ့စွက်ဖက်မှုတွေရှိမရှိဆိုတာကို FBI ဥပဒေအထူးအကြံပေး Robert Muller ကဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်လာတာ ၅လာရှိလာပါပြီ။ မနေ့ကတော့ ပထမဆုံးစွဲချက်တင်မှုတွေစပြီးရှိ လာတာပါ။

Paul Manafort ဟာသမ္မတထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးမှုးဥက္ကဌလုပ်ခဲ့ပြီး၊ သူ့ရဲ့စီးပွါးဘက်ဟောင်း Rick Gatesကလည်း သမ္မတထရမ့်မဲဆွယ်စည်းရုံးရေးအတွင်း တာဝန်အမျိုးမျိုးယူခဲ့တဲ့သူပါ။ မနေ့ကသူတို့အပေါ်တင်တဲ့စွဲချက်တွေကတော့ သမ္မတထရမ့်အတွက်အလုပ်လုပ်ပေးခဲ့တာတွေကြောင့်တော့မဟုတ်ပါဘူး။ သမ္မတထရမ့်နိုင် ငံခြားရေး အကြံပေးအရာရှိအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ George Papadopoulos က Manafort နဲ့ Gates တို့လို ရွေးကောက်ပွဲကာလမှာ အရေးကြီးတဲ့တာဝန်တွေယူခဲ့သူမဟုတ်ပေမဲ့လည်း သူက သမ္မတထရမ့်ရဲ့မဲဆွယ်စည်းရုံးရေး အရာရှိတွေနဲ့ ရုရှားအကြားမှာပါဝင်ပတ်သက်မှုတွေရှိနေတာကြောင့် သူ့ရဲ့အမှုကပိုပြီး အရေးပါမယ့်သဘောရှိနေပါ တယ်။

သမ္မတဒေါ်နလ်ထရမ့်ကလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်း သူ့ရဲ့မဲဆွယ်စည်းရုံးမှုလုပ်ငန်းနဲ့ ရုရှားအကျိုးစီးပွါး တွေအကြား ဘာမှပူးပေါင်းကြံစည်မှုတွေမရှိတဲ့အကြောင်း သူ့ရဲ့ တွစ်တာအင်တာနက်လူမှုကွန်ယက်ကနေတဆင့် မနေ့ ကတုံ့ပြန်ပါတယ်။ သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှုးဟောင်း Paul Manafortကိုစွဲချက်တင်ခဲ့တာနဲ့ပတ်သက်ပြီးလည်း ဒါဟာ အရင်နှစ်တွေက ကိစ္စတွေဖြစ်တယ်။ ရွေးကောက်ပွဲလှုပ်ရှားမှုနဲ့မဆိုင်တဲ့ကိစ္စလည်းဖြစ်တယ်။ သူနဲ့အပြိုင်သမ္မတဝင်ရွေး ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းဟီလာရီကလင် တန်နဲ့ ဒီမိုကရက်တစ်ပါတီတွေကိုရော အာရုံစိုက်စုံစမ်းမှုတွေမလုပ်ဘူး လားလို့လည်း သမ္မတထရမ့်က တွစ်တာက တဆင့်မေးခွန်းထုတ်ပါတယ်။

FBI ဥပဒေအထူးအကြံပေး Robert Mullerက သမ္မတထရမ့်အတွက်တာဝန်ယူခဲ့ဖူးသူ ၃ဦးကိုပစ်မှတ်ထားပြီး စွဲချက်တင် ခဲ့တဲ့ကိစ္စဟာ ရွေးကောက်ပွဲကာလက ရုရှားနဲ့ဆက်စပ်မှုတွေရှိမရှိဆိုတဲ့စစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး သမ္မတဒေါ် နလ်ထ ရမ့်ရဲ့ ပထမနှစ်သမ္မတသက်တမ်းကာလအတွင်းမှာ တကြော့ပြန်အရိပ်ထိုးလာတဲ့ကိစ္စတော့ဖြစ်လာနေပါပြီ။ ဒီလိုလုပ်နေ တာတွေက အပြစ်မဖြစ်ဖြစ်အောင် ဒီမိုကရက်တွေဘက်က တမင်ရည်ရွယ်ပြီးလိုက်လုပ်နေကြတာပဲလို့ သမ္မတထရမ့်က အကြိမ်ကြိမ်ပြောနေတာပါ။

FBI အဖွဲ့ ဥပဒေအထူးအကြံပေး Robert Mullerက အရင်တုန်းက FBI အဖွဲ့မှာညွှန်ကြား ရေးမှုးလုပ်ခဲ့တာပါ။ ဝါရှင်တန်နိုင်ငံရေးလောကမှာတော့ Robert Mullerကို နိုင်ငံရေးကင်းရှင်းသူအဖြစ်မြင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG