အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ရုရှားစွက်ဖက်မှုရှိမရှိနဲ့ အမေရိကန် သမ္မတ Donald Trump တရားရေးလုပ်ငန်းတွေမှာ ဝင်ရောက် စွက်ဖက်မှု ရှိမရှိ စုံစမ်းစစ်ဆေးခဲ့တဲ့ အထူးစုံစမ်းရေးမှုး Robert Mueller က သူစုံစမ်းစစ် ဆေးတဲ့ တရားရေးလုပ်ငန်းတွေမှာ သမ္မတ Trump နှောက်ယှက်မှုလုံးဝ မရှိဘူးလို့ မပြောနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။ သူ့အစီရင်ခံစာမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ထားတယ်ဆိုပြီး သမ္မတက ပြောဆိုနေတာဟာ မမှန်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို စွက်ဖက်ခဲ့တဲ့ ရုရှားနဲ့ သမ္မတရဲ့ စည်းရုံးရေး အဖွဲ့တို့ကြား ပူးပေါင်းကြံစည်မှုတွေ ရှိမရှိ၊ သမ္မတက တရားရေးလုပ်ငန်းတွေကို စွက်ဖက်တာတွေ ရှိမရှိ ဆိုတာတွေကို ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ အဆုံးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အထူးစုံစမ်းရေးမှူး Robert Mueller က အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ လာရောက် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Mueller က သူ့ရဲ့ တွေ့ရှိချက်တွေထဲမှာ ရုရှားအစိုးရက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်နှောက်ယှက်မှု ရှိတာ တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
“ ပထမအချက်အနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားအစိုးရက စံနစ်တကျ၊ အောက်ခြေကစပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြားဝင်နှောက်ယှက် တယ်ဆိုတာကို ကျနော်တို့ရဲ့ စုံစမ်းမှုကနေတွေ့ရှိခဲ့ပါတယ်။”
ဒါပေမယ့် ရုရှားရဲ့ အခုလို ရွေးကောက်ပွဲဝင်ရောက် နှောက်ယှက်မှုနဲ့ သမ္မတ Trump မဲဆွယ်အဖွဲ့တို့ကြား ပတ်သက်မှု မရှိကြောင်း တွေ့ခဲ့ရတယ်လို့လည်း မစ္စတာ Mueller က ပြောကြားခဲ့တာပါ။ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားတဲ့ အစိုးရအတွက် တရားရေးမှာ ဝင်ရောက်နှောက်ယှက်မှု ရှိမရှိက သိပ်ကိုအရေးပါတဲ့အတွက် အထူးစုံစမ်းရေးမှုးနဲ့ အဖွဲ့ရဲ့ စုံစမ်းမှုအပေါ် ကြားဝင်နှောက်ယှက်မှုတွေ လိမ်ညာထွက်ဆိုမှုတွေ ရှိမရှိ ကိုစုံစမ်းစစ်ဆေးခဲ့ကြောင်းလည်း ပြောပါတယ်။
အစီရင်ခံစာရဲ့ ဒုတိယပိုင်းမှာ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို သမ္မတက ဝင်ရောက်ဟန့်တားနှောက်ယှက်မှု ရှိမရှိ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ တရားရေးစုံစမ်းမှုကို သမ္မတက ဟန့်တာနှောက်ယှက်မှု မရှိဘူးလို့ ကံသေကံမ မပြောနိုင်ကြောင်း သူ့အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ တရားရေးဌာနရဲ့ လုပ်ပိုင်ခွင့်ထဲမှာ သမ္မတကို တရားစွဲဆိုခွင့်မရှိတာကြောင့် သူ့စုံစမ်းမှုကနေ သမ္မတက ပြစ်မှုကျူးလွန်မှု ရှိမရှိ ဆုံးဖြတ်ပေးဖို့ မဟုတ်ဘူး လို့လည်း မစ္စတာ Mueller က ထွက်ဆိုခဲ့ပါတယ်။
သမ္မတအနေနဲ့ တရားရေးလုပ်ငန်းတွေမှာ နှောက်ယှက်မှု လုံးဝရှိမရှိ မေးမြန်းခဲ့သူကတော့ အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဌ Jerrold Nadler ဖြစ်ပါတယ်။
“မစ္စတာ Mueller ခင်ဗျားရဲ့ အစီရင်ခံစာအရ သူ့မှာ အပြစ်လုံးဝမရှိဘူးလို့ သမ္မတက ထပ်တလဲလဲ ပြောပါတယ်။ သမ္မတအနေနဲ့ လုံးဝအပြစ် ကင်းရှင်းတယ်လို့ခင်ဗျားရဲ့ အစီရင်ခံစာက ပြောချင်ပါသလား။”
“ အစီရင်ခံစာက ဒီလိုမပြောပါဘူး။”
ဒါပေမဲ့လည်း လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သမ္မတတယောက်ကို အရေးယူခွင့်မပြုတဲ့ တရားရေးဌာနရဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့မူဝါဒကြောင့် သမ္မတကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့မဖြစ်နိုင်သလို၊ သူ့ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာလည်း သမ္မတကို တရားစွဲနိုင်-မစွဲနိုင်ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ဖို့ မဟုတ်ဘူးလို့ မစ္စတာ Mueller က ပြန် ဖြေခဲ့ပါတယ်။
အောက်လွှတ်တော် ရီပတ်ဘလီကန် အမတ် Ken Buck ကတော့ သမ္မတအနေနဲ့ တကယ်ပြစ်မှု ကျူးလွန်တယ်လို့ မစ္စတာ Mueller ယုံကြည်သလားလို့ မေးခဲ့တာပါ။
“သမ္မတ အနေနဲ့ သူ့တာဝန်ကနေ အနားယူသွားတဲ့ အခါမှာ သူ့ကို တရားရေးနှောက်ယှက်မှုနဲ့ တရားစွဲဖို့ ရှိပါသလား။ သမ္မတအနေနဲ့ တရားရေးမှာ တကယ်ဝင်ရောက်နှောက်ယှက်မှု ကျူးလွန်ခဲ့တဲ့အတွက် သူရာထူးက အနားယူသွားချိန်မှာ အရေးယူလို့ ရတယ်လို့ ယုံကြည်ပါသလား။”
“ ယုံကြည်ပါတယ်။”
သမ္မတ Trump ဟာ မစ္စတာ Mueller ရဲ့ စုံစမ်းစစ်ဆေးမှုကို မကြာခဏဆိုသလို တိုက်ခိုက်ဝေဖန်လေ့ရှိပါတယ်။ ဒါပေမယ့် သမ္မ Trump အမြဲပြောနေသလို သူ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ သဲကြီးမဲကြီး ဦးတည် တိုက်ခိုက်နေတာမျိုး ဆိုတဲ့ ပြောကြားချက်ကိုတော့ သူက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် စုံစမ်းရေးမူး Mueller အနေနဲ့ သမ္မတနဲ့ မျက်နှာချင်းဆိုင် စုံစမ်းမေးမြန်းခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ပြောပါတယ်။
ဒီကြားနာပွဲမှာ ရီပတ်ပလီကန် ပါတီဝင်တွေက မစ္စတာ Mueller ရဲ့ အစီရင်ခံစာဟာ တရားရေးမှာ သမ္မတ ကြားဝင်နှောက်ယှက်မှု မရှိကြောင်း ထင်ရှားအောင် ပြသဖို့ ကြိုးစားနေကြချိန်မှာပဲ ဒီမိုကရက်တစ် ပါတီဝင်တွေကတော့ သမ္မတဟာ အပြစ်ရှိပေမယ့် တရားရေးဌာန မူဝါဒအရ အရေးမယူနိုင်တဲ့အတွက် သမ္မတရာထူးက ထွက်သွားချိန်မှာ အရေးယူနိုင်ဖို့ ကြိုးစားနေကြတာပါ။
အထူးစုံစမ်းရေးမှုး Mueller နဲ့ သူ့အဖွဲ့တို့ရဲ့ ၂၂ လကြာ အချိန်ယူပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို စာမျက်နှာ ၄၄၈ မျက်နှာပါ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အခု ဒီအစီရင်ခံစာပါ အချက်တွေနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်မှာ ပါတီကြီး ၂ ရပ်စလုံးရဲ့ လွှတ်တော်အမတ်တွေက မေးမြန်းတာကို မစ္စတာ Mueller က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာ ၁၁ ရက် အတိုက်ခိုက်ခံခဲ့ရတဲ့ နောက်ပိုင်း FBI ဗဟိုအစိုးရထောက်လှမ်းရေး အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာ Mueller ဟာ ကြားနာပွဲတွေမှာ ၈၈ ကြိမ်ထွက်ဆိုခဲ့သူ ဖြစ်ပေမယ့် အခု ကြားနာပွဲမှာတော့ သူရေးသားခဲ့တဲ့ အစီရင်ခံစာပါ အသေးစိတ် အချက်လက်တွေနဲ့ ပတ်သက်ပြီးတော့တောင် ရေရေရာရာ မဖြေကြားနိုင်ဘဲ မကြာမကြာ တုန့်ဆိုင်းဆိုင်း ဖြစ်နေတာ တွေ့ရပါတယ်။
ကြားနာပွဲမှာ သူ့ရဲ့ ဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ Trump က အနောက်ဗာဂျီးနီးယား ပြည်နယ်ကို မထွက်ခွါခင်မှာအိမ်ဖြူတော်ကနေ အခုလို ဝေဖန်လိုက်ပါတယ်။
“ Robert Mueller အနေနဲ့ ဒီကနေ့ ထွက်ဆိုမှုမှာရော၊ စုံစမ်းစစ်ဆေးရာမှာပါ သိပ်ကို ညံ့တယ်လို့ ကျနော် ထင်ပါတယ်။ တကယ်တော့ သူ့မှာ ဘာမှ စုံစမ်း စစ်ဆေးစရာ မရှိလို့လည်း ဖြစ်ပါတယ်။”
တချိန်တည်းမှာပဲ ရုရှားကတော့ ကြားနာပွဲကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့သလို၊ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ စွက်ဖက်ခဲ့ကြောင်း စွပ်စွဲချက်ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။