သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ရုရှား နျူလက်နက်လျော့ချရေး သတ်မှတ်ရက်ရောက်ရှိ


အမေရိကန်နဲ့ ရုရှား နိုင်ငံတွေအနေနဲ့ နျူကလီးယား လက်နက်စုဆောင်းထားရှိမှု လျော့ချပေးရေးအတွက် နောက်ဆုံး သတ်မှတ်ရက်ကို ရင်ဆိုင်နေရပါပြီ။ START လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန်-ရုရှား နှစ်နိုင်ငံ မဟာဗျူဟာလက်နက်လျော့ချရေးစာချုပ်သစ်အရ ဒီနေ့ တနင်္လာနေ့မှာ ဒီ နောက်ဆုံးသတ်မှတ်ရက်ကို ရောက်တာမို့ရုရှားအနေနဲ့ ကတိတည်ပြီး လုပ်ဆောင်နိုင်ဖို့ အမေရိကန်ဖက်က ယုံကြည်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက အမေရိကန်အနေနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာကတည်းက ဒီ စာချုပ် အဓိက သတ်မှတ်ချက် ပမာဏအထိ နျူကလီယာလက်နက်တွေကို လျော့ချပေးပြီးဖြစ်တယ်၊ အဲ့ဒိအချိန်တုံးက ရုရှားအနေနဲလည်း ဒီ သတ်မှတ်ချက်အထိ လျော့ပေးဖို့ တိုးတက်တဲ့ လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရ Heather Nauert က ရုရှားအနေနဲ့ ဒီ စာချုပ် သတ်မှတ်ချက်အထိ နျူကလီယာလက်နက်တွေ မလျော့ချပေးနိုင်စရာ ဘယ်လို အကြောင်းမှ မရှိဘူးလို့လဲ ထုတ်ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေး ကြေညာချက်ထဲမှာ ခုလိုနှစ်နိုင်ငံလုံးက လျော့ချလိုက်တဲ့ နျူကလီယာလက်နက် ကိန်းဂဏန်းအထောက်အထားတွေကို အရင် (ရ) နှစ်ထဲက တနှစ် (၂) ကြိမ်လုပ်လာခဲ့တဲ့အတိုင်း နောက်လထဲမှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီ START စာချုပ်သစ်ကို အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံအကြား ၂၀၁၀ ခုနှစ် ဧပြီလ (၈) ရက်မှာ ချုပ်ဆိုခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင်အသက်ဝင်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG